Tuesday, December 14, 2010

ဒေ၀ဒတ်တွေ ကတဲ့ဇာတ်

ကမ္ဘာဦးကနေ ယနေ့ ခေတ်အထိ
အာဏာစက်နဲ့  ချေဖျက်
ကြေပျက်သွားတဲ့ 
ဓမ္မစက်ဆိုတာမရှိ
လူတိုင်းက သိကြပါတယ် အမေ ….။
ဘာသာ သာသနာကို ဖျက်ဆီး
သံဃာတော်တွေကို သတ်ပီးမှတော့
ရွှေစလွယ် ငွေစလွယ်
ပိတ်ဖြူစင်ကြယ်ဝတ်ဆင်
ရွှေထီး ငွေထီးဆောင်း
သွေးစွန်းလက်နဲ့ 
ဘုရားတည် ကျောင်းဆောက်
သနားလောက်စရာ သတ္တ၀ါတွေရယ်
ကိုယ့်အလှည့်ကျတော့လည်း
အံကြိတ်ခံကြစမ်းပေါ့ကွယ် …..။
အာဏာနဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ တိုင်းပြည်ဟာ
အတိတ် ပစ္စုပ္ပန် အနာဂတ်
အဲဒီ သုံးရပ်စလုံးမှာ တည်မြဲခြင်း မရှိဆိုတာ
ဘုရားဟော ဒေသနာတော်တွေအရ
ဗုဒ္ဓ၀င် အဖြစ်အပျက် အစုံအလင်ထဲမှာ
ဇာတ် နိပါတ်တော်တွေထဲမှာ
အကျိုး အပြစ် အဆိုး အညစ်တွေ ရှိရဲ့ မဟုတ်လား အမေ …..။
ဘုန်းကြီးတစ္ဆေ ထက်ဆိုးတဲ့ ကောင်တွေမို့ 
ကမ္မ၀ါသာမက
ဘယ်ဘာသာနဲ့ မှ ခ၀ါချလို့ လဲမရ
အမေရေ …..
အခုတော့
ဒင်းတို့  … ဒေ၀ဒတ်ဇာတ်တော်ကြီးကို
မြိုင်မြိုင်ဆိုင်ဆိုင် ကနေကြပေါ့ …..။
ရဲရင့်သက်ဇွဲ
၁၆ ၁၂ ၂၀၁၀
SummaryRest of your post

Read More...

Tuesday, December 7, 2010

ဒီထက်ပိုပြီး နောက်မကျသင့်တော့ဘူး

ငှက်ကလေး
ပြူတင်းဝနံဘေးတေးသီ
ငေးရီနေတဲ့နှလုံးသား
နရသိန်ထဲက ကာလများကိုတူးဆွ
နာကျင်စူးရှတဲ့ ခံစားမှုများ
အိပ်မက်တခုပဲ ဖြစ်ချင်တယ် …..။
လွပ်လပ်တဲ့ကမ္ဘာ
ငါ့ကိုဝေမျှပေးပါ
ငှက်တို့ က ပျံရင်း သေတယ်
လူကတော့ ကြံရင်း သေမယ်
နှစ်ဘယ်လောက်ကြာမယ်ဆိုတာ
ဘယ်သူမှမပြောနိုင် …..။
အစီရင်ခံစာများအရ
မြန်မာနိုင်ငံတ၀ှမ်း
လူတယောက်ရဲ့ သက်တမ်း
ငါးဆယ်ကျော် ခြောက်ဆယ်တန်း
ခန့် မှန်းကြတယ်ဆိုပဲ …..။
ဒီလိုဆို …
ငါတို့  နောင်တော် အမတော်တွေရဲ့ 
ယုံကြည်ချက်ကြောင့် အကျဉ်းကျနှစ်ကာလများ
လူ့ သက်တမ်းတခုစာမက
အို ….. လူထုကယ်တော်မူပါ …..။
ပျမ်းမျှ လူ့ သက်တမ်းက တခုပါပဲ
တိုင်းပြည် စစ်ဖိနပ်အောက်က
လွတ်မြောက်လိုစိတ်များ
သက်တမ်းပေါင်းများစွာ
မျိုးဆက်ပေါင်းများစွာ ရှင်သန်နေမြဲ
ဒါပေမယ့်
အမှန်တရားဟာ ဒီထက်နောက်မကျသင့်တော့ဘူး …..။
ရဲရင့်သက်ဇွဲ ၂၉ ၁၁ ၂၀၁၀

Rest of your post

Read More...

Saturday, September 26, 2009

မိစ္ဆာချေချွတ်ခန်း

ဒီလမ်းကိုဆက်မလျှောက်ရင်
တောထလာတော့မယ်

ပေတရာမှာ
နာနာဘာဝကောင်တွေရပ်လို့
အရိပ်မည်းကြီးထုတ်ချင်းခပ်ထားသလို
မာတောင့်တောင့်
ရပ်လို့ ။

မုန်တိုင်းမလာမီငြိမ်သက်ခြင်း၌
ကိုယ့်တစ္ဆေကိုယ်အခြောက်ခံရသူတွေမှာ
အရိပ်ပျောက်လေးကျလာတာကအစ
သေနတ်နဲ့ ထိုးထိုးပစ်နေရ။

မြို့ကြီးတွေက
မဟာသြသဓဆေးကြီးမှီဝဲရင်း
ဗီတာမင်တွေပြည့်စုံဖြိုးကာ
မေတ္တာဓာတ်များ
ငွားငွားစွင့်စွင့်
ပွင့်လို့။

သူ့ကွန်ယက်သူ
ဖွင့်ဖောက်ခဲ့ရာ
လမ်းမြှောင် လမ်းသွယ် လမ်းမများ
ဆူဝေဖိတ်လျှံကျ
စကြဖန်ပြောင်းလှည့်ကာ
အံ့ဖွယ်နင်းကြိတ် ချီခဲ့ကြ။

နာနာဘာဝလေလော ...!
အို မီးသတ်သမား အတုအယောင်တို့
အို မောင်အယောင်ဆောင် မယ်အယောင်ဆောင်အပေါင်းတို့
အို မိစ္ဆာဒိဋ္ဌိတို့အယူကို ယူကြကုန်သူအပေါင်းတို့
မိစ္ဆာတို့၏အမိန့်ကို မျက်စေ့စုံမှိတ် လိုက်နာနေသူအပေါင်းတို့
ရာဇ၀င်စွပ်ကြောင်းကြီးတွေပေါ်က
ဖယ်ကြ ရှားကြလော့
“ အို ခ်စ္သား အဂုၤလိမာလ
သင္သာ သံသရာမွာ
မတန့်မနား မမောမပန်း ပြေးနေသူ ” တဲ့
တရားကို မြင်အောင် ရှုလော့

အလေနထောတို့
အမြစ်စွဲနေတဲ့ အနာ့ပဆုပ်ကြီးကို
မြင်အောင် ရှုကြလေလော့...

ယဇ်ကောင်ကိုယ်တိုင်ကတော့
သူ့နားထင် သူပြောင်းဝတေ့ရင်း
ဇာတ်သိမ်းခန်းကို
သေမင်းထံ သံကြိုးပို့နှင့်ပြီ။ ။

ခင်လွန်း
အောက်တိုဘာ၊ (၇)၊ ၂၀၀၇


ချစ်တဲ့ စာမိတ်ဆွေ
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးလွန်ကာလက ရေးဖြစ်ခဲ့တဲ့ကဗျာပါ။
ပြန်လည်တင်ဆက်လိုက်ပါတယ်။
ကဗျာရေးသူ

Read More...

Saturday, September 19, 2009

ဒီမိုကရေစီတိုက်ပွဲကြီးထဲက ကိုညို

ငါတို့ရရှိခဲ့တာ
ဝေးကွာခြင်းနဲ့ ကွေ့ကွင်းရခြင်း
ငါတို့လိုချင်ခဲ့တာ
အောင်မြင်မှုရဲ့ ပန်းတိုင်သရဖူ
ဘဝမှာ
ဘာမှမစံရသေးခင်
အမိဝေး အဖဝေး
မျှော်လင့်ချက်ဝေးဝေးတွေနဲ့
အဝေးစံနေရတဲ့သူလေ
အနုပညာကိုမြတ်နိုး
အမှန်တရားကိုခုံမင်
အပေါင်းအသင်းကိုငြိတွယ်
မငြိတွယ်ခဲ့တဲ့
ငွေစကြေးစတွေကိုတော့ ပစ်ခွာလို့
အမှန်တရားလမ်းကြောင်းထဲကို
ရဲရဲဝံ့ဝံ့
လျှောက်လှမ်းခဲ့တာလေ
ကိုညိုရေ ....
မျက်ရည်စက်များကို သိမ်းခေါက်
မတိမ်းမှောက်တဲ့
ငါတို့နှလုံးသွေးများနဲ့
ဒီအာဏာရူး
စစ်ဘီလူးတို့
သိမ့်သိမ့်မှောက်မှောက်
တုန်ခါစေရမှာပေါ့
ကိုညိုရေ ....
လောကကို သက်သေတည်
နှောင်းလူမှာ
ရာဇဝင်တွင် ကျန်ရစ်မယ့်
ငါတို့များရဲ့ “ကိုညို”
ကိုညိုရေ ....
ယနေ့ယခုချိန်မှာ
ပန်းလိုကြွေ မြေမှာဝပ်စင်းနေရပေမယ့်
အများတောင့်တခဲ့တဲ့
ဒီမိုကရေစီအောင်ပွဲကြီးဟာ
မနှောင်းတော့မယ့်
အရုဏ်ဦးနဲ့ အတူ
ဤ အာဏာရူး စစ်ဖိနပ်အောက်က
ငါတို့
လွတ်မြောက်ရမှာပေါ့။ ။

မိုးမခ

ထောင်အတွင်းမှ ထောင်အပြင်ရောက်ချိန်အထိ စိတ်မကျန်းမမာ ကိုယ်မကျန်းမမာ
ဖြစ်နေသော ကဗျာဆရာညိုမင်းထက် (ခ) ကိုညိုလေးသို့

Read More...

Wednesday, August 5, 2009

ရှစ်လေးလုံးရဲ့ ဝိဥာဉ်များ

အမျှခေါ်ချင်ပြီ
အမျှလိုချင်လည်း
ယနေ့ ယခု
ပြည်ထောင်စုတွင်
သာဓုဆိုစရာ
မရှိပါ၍
အနုမောဒန
ထိုအမျှကို
တို့ များမခေါ်နိုင်လေသည်၊

ကျွတ်ချိန်တန်ပြီ
ကျွတ်ချင်သော်လည်း
မလွတ်လပ်သေး
ပြည့်အရေးကြောင့်
မပြီးဆုံးသေး
တော်လှန်ရေးတွင်
တို့ များ ၀ိဥာဉ် ရှိနေသည်။ ။

(ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲအတွင်း အသက်ပေး ကျဆုံးသွားခဲ့ကြရသည့် အာဇာနည် သူရဲကောင်း အပေါင်းအား အစဉ် ဦးညွှတ် အလေးပြုလျှက်)

ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ ကိုရီးယား

Rest of your post

Read More...

Thursday, July 30, 2009

Zay Yar Thaw's Poem

ဇေယျာသော်ကဗျာ မျှဝေနိုင်ဖို့ ပို့ပေးလိုက်တယ်။
ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း
ငါပြောတာကို မင်းကြားပါစ ?
ဒါမှ မဟုတ်,
ငါ့စကားဟာ နားခါးစေတာမို့
မကြားသလိုများ နေ,နေလိုက်တာလား ?
သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ငါတို့ရဲ့ ဘဝ
ချွတ်ခြုံကျ ၊ ဒုက္ခတွေက အထွေထွေ
ဒီအမှန်တရားတွေကို...
မကြားဘဲမနေလိုက်ပါနဲ့......သူ
ငယ်ချင်း ။ ။

'မြင်အောင်ကြည့်ပါ'လို့ ငါကပြောတော့
မင်းကဖြေတယ်,
'မြင်တယ်လေမြင်တယ်' ၊ 'မြင်နေသားဘဲ'တဲ့ ။
ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲ ?
သတိပဋ္ဌာန်တရားတွေ ရှု့မှတ်ပွားနေသလို
'မြင်တယ်' လို့မှတ် ၊ 'မြင်သိစိတ်' မှာတင်ရပ် နေရင်
ဟောဒီ လောကီအရေးမှာ..
အလုပ်ဟာ မဖြစ်သေးဘူး.....သူငယ်ချင်း ။ ။
မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်ဝန်းကျင်အသံ
မင်းမြင်နေတဲ့ ပုံမှန်မဟုတ် လူလုပ်တဲ့လောကဓံ
မင်းဝေဖန် ဆန်းစစ်ကြည့်ပါ ။
ဒီကာလမှာ မကြားသလို မမြင်သလိုနဲ့
ယောင်ယောင်ဝါးဝါးလုပ်နေဖို့ကို
အချိန်တွေမပိုတော့ဘူး...သူငယ်ချ င်း ။ ။
မင်းတို့ငါတို့ ဘ၀တွေဟာ
'နမောတေ' ဂါထာ အခါခါရွတ်ရုံနဲ့ဘဲ
ဒီအချုပ်အနှောင်ထဲက လွတ်ကြမှာလား ?
မင်းနဲ့ ငါ့ရဲ့ လုပ်ရပ်များဟာ
လတ်တလောအတွက်လဲ မကြီးပွား
နောင်, နတ်သိကြား မလေးစားရင်နေပါ
'အမှန်တရား' တော့ ဖြစ်ဖို့လိုတယ်...သူငယ်ချင်း ။ ။
ဒါပေမယ့်,
လိုချင်တာ 'အမှန်တရား' မှာ
လိုနေတာ 'ရဲဝံ့ခြင်းများ' ဆိုရင်
မျှော်လင့်ချက်သစ်ပင် မရှင်သန်နိုင်ဘူး ။
မကြိုက်တာကို ငြင်းဖယ်လွှဲပြီး
ကြိုက်တာကိုလဲ တောင်းဆိုရဲရမယ် ။
မနှက်သက်တာတွေ မဖြိုဖျက်နိုင်ဘဲ
နှက်သက်တာလဲ မထူထောင်နိုင်သမျှ
ငါတို့ တော်လှန်ရေးက
မပြီးဆုံးသေးဘူး...သူငယ်ချင်း ။ ။
မင်းရဲ့နားကို အစွမ်းကုန် စွင့်ပါ
(အသံစုံကို ကြားအောင်လို့)
မင်းရဲ့အမြင် အစွမ်းကုန် ဖွင့်ပါ
(မညီတာတွေ မြင်စေဖို့)
ကြားလား ? မြင်လား ? မေ၀၀ါးနဲ့
ငါပြောတာကို မင်းကြားပါစ...သူငယ်ချင်း ။ ။ ။
ဇေယျာသော် ၁၂ရက်နေ့ ဧပြီလ ၂၀၀၈ခုနှစ်
(ထောင်တွင်းမှရေးသားပေးပို့သည့် ကဗျာ)
"Min Yan Naing (GW)"

Read More...

Wednesday, May 27, 2009

‘ သံတိုင်ကြားက လရောင် ဆီ ... ’

( ဝင်းတင့်ထွန်း )


ထောင်နန်းစံ ရ အောင်
ထောင်ဖမ်းကာ အမှု အလီလီဆင် လို့
အာဏာရှင် ထင်ရာစိုင်းပုံ က
ရာဇဝင် စာတင်အောင် ရိုင်းပြီ မို့
အတိုင်းတိုင်း အနယ်နယ်မှာ
ကိုင်း - ကြားလို့မှ မဖွယ်မရာ ...၊၊

အောင်ဆန်းစုကြည် - ဆိုတာ
အောင်လမ်း ရှု့ချီ ရာ လတမင်း ပေမို့
လမင်းကို တိမ်အို ဖုံး သော်လဲ
တိမ်ဖုံးပေမဲ့ သာ မြဲ သာ ... ၊၊

နအဖ ဆိုတာ ကလိမ်ယုတ်တွေ မို့
တိမ်ပုပ် ကနေ မှောင်မဲရင်းသာပါ့
အိမ်ချုပ် ကနေ ထောင်ထဲသွင်းပါ လို့
လမင်းကို ထောင်ဒဏ်ချ ပေမဲ့
သံတိုင်ကြားက လရောင်ဟာ
အုတ်ရိုးကြားက လရောင်ဟာ
တဖြာဖြာနဲ့ ဝင်းပရင်း ...
ကမ္ဘာကပါ မြင်ရ ရင်း ... ၊၊

ကြယ်နီ တို့ -
ကြယ်ဝါ တို့ -
ကြယ်ဖြူ တို့ -
ကြယ်စင်တို့ ရေ ...
အမှောင်တွေကို တကယ်မုန်းရင် ဖြင့် -
စုရုံးကာ ပိုင်ရာအလင်းတွေ နဲ့
လမင်းအနား အတူယှဉ် လို့
ဒီ ကောင်းကင် ကြည်စင်သစ်ရ အောင်
တိမ်ညစ် တိမ်မှောင် တိမ်လွှာပုပ် တို့ကို
တောထုတ် ဖြို ခွင်း ...
( ကိုင်း - ) ပြ ကြ အလင်း ... ၊၊ ၊၊

( ဝင်းတင့်ထွန်း )
၂၇ - ၅ - ၂ဝဝ၉


(မတရားသဖြင့် အမှုဆင် ရုံးတင် တရားစွဲဆိုခြင်း ခံနေရတဲ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..သို့ )

Read More...

Friday, May 22, 2009

"ဖိနပ်အသစ်နဲ့ စပျစ်သီးချဉ်များ"


(စိုးနေလင်း)

စပျစ်သီးကိုချဉ်ပစ်လိုက်ချင်သူတွေက
ပဲဝက်ပညာစွယ်ရောင်ပြ
“ ခက်ပ ...
ဒီဟာလည်း လမ်းပါပဲ
ငါးမရလည်း ရေချိုးလိုက်ကြရုံသာ ” တဲ့။

ခြေဖနောင့်တို့ကို တိုအောင်ဖြတ်
ဖိနပ်သစ် ကိုစီးချင်ကြသူများ
ဈေးကွက်ကြားမှာ ခြေချင်းထပ်
ပွဲခစပ်နေကြပုံများ။

အပြည့်အစုံသို့

Read More...

Sunday, April 12, 2009

ပန်းပွင့်လေးသို့ပေးစာ



ပန်းပွင့်လေးရေ နေကောင်းရဲ့လား
ရွာဦးကျောင်းက ကလေးတွေကတော့
ပန်းပွင့်လေးကို အမြဲသတိရနေကြတယ်
ပန်းပွင့်လေးပြန်လာရင် သူတို့ရထားတဲ့
ကဗျာတွေ ရွတ်ပြမယ်လို့ပြောတယ်
ပန်းပွင့်လေးရေ
ရွာက ငါ့စိုက်ခင်းလေးလည်း ပိုးကျလို့
အပျက်အစီး အဆုံးအရှုံး အလေအလွင့် အရမ်းများနေတယ်
အဖေသာရှိရင် တော်တော် စိတ်မကောင်းဖြစ်ရှာမယ်
ပန်းပွင့်လေးရေ တခါ တခါ
အဖေ့ကို အရမ်းသတိရတာပဲ
သြော် ပန်းပွင့်လေးရေ
ပြောရဦးမယ်
ရွာက ငါ့မိတ်ဆွေအချို့လည်း
အခုရက်ပိုင်း ခရီးထွက်သွားကြတယ်
ဒီတခေါက် ကြာမယ်လို့ ထင်တယ်
သူတို့ကတော့ ပျော်လို့
ငါ့မှာသာ စိတ်မကောင်းဖြစ် ကျန်ရစ်ခဲ့ရတယ်
အဲဒါနဲ့ ပန်းပွင့်လေးရေ
ငါလည်း ရွာမှာ တယောက်တည်းလိုလို ဖြစ်နေတယ်
ဟိုးတလောက ပန်းပွင့်လေးသတင်းကြားတော့
ငါဖြင့် တော်တော်စိတ်ပူသွားမိတယ်
ဒါပေမယ့် ငါပြန်တွေးကြည့်တယ်
အမှန်တရားဘက် လျှောက်ကြတဲ့အခါ
ဒီလောက်တော့ ရှိမှာပဲလို့
ငါ့အတွက်တော့ ပန်းပွင့်လေးရှိလို့သာ တော်တော့တယ်
ဒါပါပဲ ပန်းပွင့်လေးရယ်
တနေ့နေ့ တို့ ပြန်ဆုံကြမှာသေချာတယ်။

တိုးလွင် (ဥတ္တရအလင်း)
ပိတောက်ပွင့်သစ်
အမှတ် (၂၃) မတ်လ ၂၀၀၉

Read More...

Sunday, April 5, 2009

“ ရေ ဆန်တက် နှင့် လေဆန်ငှက် ”



အို ... လှေငယ်ရှင်
ရေဆန်လမ်းလဲ လှော်ရသေး
လှေကွဲကြီးလဲ ဖြစ်နေသေး
ရွက်တိုင်ကလဲ ကျိုးနေသေး
ဝဲ ကတော့ထိုး ရေလှိုင်းဆိုးကြား
တက်ကျိုးနဲ့သာ လှော်ရ ပါလဲ
လှော်ခတ်ရဲ စွ
ဘယ်က အားမာန် ရသနည်း ၊
ဘယ်တွက် အသင် လှော်သနည်း ၊၊

လှေငယ်ရှင်
တဖက်ကမ်း ၌
အောင်ပန်းရှိသည် ငါ ယုံကြည် ၍
ယုံကြည်မှု မှ အားမာန်ရ ကာ
လှော်ခဲ့ပါသည်
ရှေ့  မှာ ပန်းတိုင် ငါ မြင် ပြီ ...




အို ... လေဆန် ငှက်
လေဆန်လမ်းလဲ ပျံ ရ သေး
ဒဏ်ရာကလဲ ရ ခဲ့သေး
တောင်ပံကလဲ ကျိုးနေသေး
သွေးတွေ စီးဖြာ ရင်နာနာဖြင့်
ပျံ ကာ နေရ သွားနေရ လဲ
ပျံ သန်း ရဲ စွ
ဘယ်က အားမာန် ရသနည်း ၊
ဘယ်တွက် အသင် ပျံ သနည်း ၊၊

လေဆန်ငှက်
တဖက်ကြော၌
ပန်းတော ရှိသည် ငါ ယုံကြည် ၍
ယုံကြည်မှု မှ အားမာန်ရကာ
ပျံ ခဲ့ ပါ သည်
ရှေ့ မှာ တောရိပ် ငါ မြင်ပြီ ... ၊၊

( ဝင်းတင့်ထွန်း )
၁၉၈၃ ၊ အင်းစိန်ထောင်


ဒေါင်းအိုးဝေ၊ အတွဲ(၁) အမှတ်(၈)၊ မတ်လ ၂၀၀၉၊

Read More...

Friday, April 3, 2009

ကြေကွဲစရာတွေထဲမှာ ငါ့ကိုထားခဲ့

ကမ္ဘာဦးအစ
အာဒမ် က ဧ၀ ကို
ထွေးပိုက်ထားခဲ့သလိုမျိုး
အိပ်မက်ကို
နင်သယ်ဆောင်လာခဲ့တယ် ။

ဘယ်အရာမှ မတည်မြဲဘူး
ကျေးဇူးပြုပြီး နောက်ကို
ထောင်ဝင်စာ မလာပါနဲ့ 
မျက်ရည်ပေါက်တွေက
ငါ့နှလုံးသားကို တ စ ဆီ ခြွေ ။

လွတ်လပ်မှု တန်းတူညီမျှမှု
ဒီမိုကရေစီ နိုင်ငံတော်
အသက်စွန့် သွားတဲ့ ရဲဘော်
အဲဒီ အောက်ဆုံးမှာမှ
အချစ်ဟာ ရှင်သန်တယ်
နင် မငိုပါနဲ့  ။

နာရီလက်တံတွေက
မျက်ရည်တာရိုး ရိုက်ချိုးနေကြတယ်၊
စကားလုံးတွေက
နှုတ်ဖျားမှာ အလုအယက် ဆွံ့ အ
မျက်လုံး တလုံးက
မျက်လုံး တလုံးကို ညှို့ ယူဖမ်းစား ။

ဘာမှာဦးမလဲ
ဟိုး အဝေးကြီးက ပြေးလာရသလိုမျိုး
မောဟိုက် နွမ်းလျ တိုးတိမ်တဲ့ အသံ
ငါ့ စိတ်ကို မိုင်ကုန်မြှင့်တင်လိုက်တယ်
ကျန်းမာရေးကို ဂရုစိုက်
သင့်တော်မယ့်လူတွေ့ ရင်
အိမ်ထောင်ပြုလိုက်ပါ စကားသံအဆုံးမှာ
သံတခါးပိတ်သံနဲ့ အတူ
ရှိုက်သံသဲ့သဲ့ရယ်
ကျီးတအုပ်ပြိုဆင်းသွားသံသာ
ငါ့ဘ၀ရဲ့  နောက်ဆုံး ။
Ye Yint Thet Zwe မှပေးပို့သည်

Read More...

"ရပ်နေရင်း လွတ်ကျသွားခြင်းကိစ္စ"





မြင်ကွင်းအားလုံးမှာ
သတင်းတခုရှိနေရဲ့
ဆာလောင်မှုပြည့်နှက်နေတဲ့
အကြည့်တချက်ထဲက
အဆင်းအတက်
ပန်းစိုက်အိုးများသဖွယ်
အတွင်းလိန် အပြင်ကွေ့ အရွေ့ဆန်းကြယ်
အိမ်မြောင်တစ်ကောင်လို ၀တ်စားဆင်ယင်မှုဟာ
အရပ်ထွားတယ်။








လှေကားခုနှစ်ထပ် ကျော်ဆင်းပြီး
လူပျိုစစ်စစ်လို့ ညာသံပေးချင်ကြတဲ့
စကားလုံးထွားထွား လူရိပ်သူရိပ်ဟာ
နောက်ဆက်တွဲအမှောင်
အရောင်စိုစို ၀တ်ရုံနက်ကြီးလွှမ်းခြုံထားတဲ့
ကုန်းပေါ် ငါးမျှားထွက်သူများကလည်း
တဖျတ်ဖျတ်လူး
တိုက်ကြိုတိုက်ကြား
အုံနဲ့ကျင်းနဲ့ လမ်းတိုလမ်းရှည်
ကိုယ့်တံတွေးနဲ့ကိုယ့်လျှာ
မျက်ဝန်းအပြာနဲ့ စကားအ၀ါ
ရိတ်သိမ်းပြီးသားအတိုင်းပဲ ။

စိတ်ပြေလက်ပျောက် ကိုယ်လက်လေ့ကျင့်ခန်းများ
အစကနေ ပြန်ကျော့လို့
တအုံနွေးနွေး ၀ါးထုတ်ပစ်လိုက်သမျှ
အဓိပ္ပါယ်ကောက်ယူမှုများ
ဖြစ်ရိုးဖြစ်စဉ်အတိုင်းသာ
ငါ့နံဘေးပတ်ပတ်လည်
ကိုယ့်အိတ်ထောင်ကိုယ်ကြည့်သူများ
သာသာထိုးထိုးကြိတ်ကြိတ်တိုး
နေမှုထိုင်မှုမှာ ဖျင်ခြင်း သင်ခြင်းမကွဲ
အကွာအဝေးကိုယ်စီနဲ့
သူ့နေရာ ကိုယ်နေရာ
ဖျတ်ခနဲ အတွေးဝင်မိ
ကိုယ့်စိတ်ကိုယ်ပြန်ချဖို့
ငါကိုယ်တိုင် လက်တွန့်နေခဲ့တော့တယ်။ ။

သျှင်မင်း



http://www.naytthit.com မှ ...

Read More...

Friday, March 27, 2009

သစ္စာဖောက်

ကွေးနေသလား
ကောက်နေတာလား
ဖြောင့်နေရဲ့ လား ။
သုံးရာသီ ရေစိမ်ခံရဲ့ လား
အနစ်နာခံရဲလား
ဝန်ချတောင်းပန်းနိုင်ပါ့မလား ။

ဦးဆောင်ချင်တာလား
နောက်ကလိုက်ချင်တာလား
ဘေးတိုက်သွားနေတာလား ။
သစ္စာရှိရဲ့ လား
သစ္စာဖောက်မှာလား
နှစ်ဖက်ချွှန်တော့မှာလား ။
နောက်ကြော ဓါးနဲ့ ထိုးမှာလား
ရှေ့ ကနေ မျက်စိထဲ သဲနဲ့ ပက်မှာလား
သွားပုပ် လေလွှင့် ပလဲပနံသင့်နေမှာလား ။
အာဏာရူးတို့ ရဲ့ မစင်နံ့ မှာ
မြူးတူးပျော်ပါး
အရှက်မရှိသူများအတွက်
မေးခွန်းများက အဆိပ်ရည်များသဖွယ်
ပြေးစရာမြေမရှိသလို
ပြည်သူလူထုရဲ့  တံတွေးခွက်မှာ
မင်းတို့ ရဲ့ သမိုင်း
ရိုင်းစိုင်းအကျည်းတန်လာလိမ့်မယ် ။
(၂၀၁၀ ရွေးကောက်ပွဲဝင်မည့်သူများအတွက်)
Ye Yint Thet Zwe at 3/26/2009 02:49:00 PM မှပေးပို့သည်

Read More...

Thursday, March 26, 2009

တပေါင်းသက်သေ

တပေါင်းဟာ
အလျှံတငြီးငြီး တောက်လောင်နေတဲ့
သမိုင်းရဲ့  မီးလျှံများနဲ့ 
ငါတို့ ရဲ့ ရင်ကို
ကျွမ်းမြိုက်အောင် ပြုစားနေလေရဲ ။့
၂၊
“အနီးကပ်ဆုံး ရန်သူကို
ရှာပြီးတိုက်ကြ”
ဗိုလ်ချုပ်ရဲ့ 
စစ်ထွက်မိန့် ခွန်းအသံ
တပေါင်းကိုလျှံပြီး
ငါတို့ ရဲ့ ရင်ထဲကို ကျလာတယ် ၊

ခေတ်ခြင်းတော့မတူဘူး
အဖိနှိပ်ခံရတာခြင်းတော့ တူတယ်၊
အသံခြင်းတော့ တူတယ်၊
ရင်ခုန်တာခြင်းတော့ တူတယ်၊
တော်လှန်ရတာခြင်းတော့ တူတယ်၊
နှလုံးသွေးရဲရဲနီတာခြင်းတော့ တူတယ်၊
အသက်စွန့် ရတာခြင်းတော့ တူတယ်၊
ဗိုလ်ချုပ်တို့ ခေတ်က
တိုင်းတပါးနယ်ချဲ့ ဖက်ဆစ်ကို
မြေလှန်မောင်းထုတ်ပစ်ခဲ့တာ
အားရ ကျေနပ် ဂုဏ်ယူစရာ
တပေါင်းဟာ
စိတ်တက်ကြွစရာ သမိုင်းစာမျက်နှာတွေနဲ့  ၊
ငါတို့ ခေတ်ရဲ့  တပေါင်း
မျက်နှာ မကောင်းရှာဘူး၊
ကိုယ့်လူမျိုး အာဏာရှင်တို့ ရဲ့  ဆိုးကျိုးက
၁၉၇၆ မတ်လ မှိုင်းရာပြည့်
သွေးတွေ မြေမှာပြန့် ကျဲ
၁၉၈၈ မတ်လ ၁၃-၁၆
သွေးတွေမြေမှာ ပြန့် ကျဲ နဲ့ 
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်တဲ့
ဝမ်းနည်း ကြေကွဲစရာ သမိုင်းတွေကို
တပေါင်းဟာ
အလိုမတူပဲ လက်ခံခဲ့ရပြီ ၊
၃၊
ငါတို့ လဲ
ကြေကွဲဝမ်းနည်းမှုများနဲ့ 
အလိုမတူပဲ လက်ခံခဲ့ရတဲ့
သွေးစွန်းသမိုင်းနေ့ ရက်များရဲ့ 
ရာဇ၀င်ကြွေး
အသက် သွေး ချွေးများနဲ့ 
ပေးဆပ်ကြိုးစား
စွန့် လွှတ် စတေးခံ သူရဲကောင်းများရဲ့ 
“ဒီမိုကရေစီ ရမှ
အမျှဝေပါ”
တောင်းဆိုသံများ
အကြိမ်ကြိမ် အထပ်ထပ် ပြန်ကြားနေရင်း
ကောင်းကင်ဘုံက စောင့်ကြည့်နေတဲ့
သင်တို့ ရဲ့  မျက်ဝန်းအစုံများအောက်မှာ
မြေပေါ်မှ မခြောက်သေးသော
သင်တို့ သွေးများနဲ့  တိုင်တည်ပြီး
တပေါင်းကို သက်သေထားလို့ 
ငါတို့  သစ္စာပြုလိုက်ပါပေရဲ့ ၊
“ ငါတို့ ခေတ်မှာ
ဘယ်လို အာဏာရှင်စနစ်ဆိုး မှန်သမျှ
အမြစ်ပြတ် ကျဆုံးစေရမယ် ”။
Ye Yint Thet Zwe မှပေးပို့သည်

Read More...

Monday, March 23, 2009

မောင်အောင်ပွင့် ၏ " ဘ ၀ မာ တိ ကာ " ကဗျာ စာအုပ်ထွက်ပြီ



တော ဘောလုံးကွင်း


ဘောလုံးသမားအားလုံး
တအား ကြုံးကြုံးကန်ကြ
ဘောလုံးထက် ရှေ့ကို
လူတွေ လွန်လွန်သွား
ဘောလုံး တခြား လူတခြား
လွဲလွဲသွား
တဂိုးမှ မသွင်းနိုင်ကြသေးဘူး
အခုထိ ။ ။

(၁၂-၅-၁၉၉၅)


မောင်အောင်ပွင့် ၏ ကဗျာစုများ စာအုပ် (အင်္ဂလိပ်-မြန်မာ) နှစ်ဘာသာဖြင့် ထွက်ပါပြီ။
စာအုပ်များကို အောက်ပါလိပ်စာများအတိုင်း မှာယူနိုင်ပါသည်။
- naytthitmedia@gmail.com
- nyeinchan@luukku.com
- swammyaing@yahoo.com

Read More...

Saturday, March 14, 2009

အဲဒီလမ်းကလေးပေါ်မှာ

ညမရှိတဲ့ ကောင်းကင်
ကောင်းကင်မရှိတဲ့ လ
ကြုံဘူးကြရဲ့ လား
အလင်းမဲ့နေ့ များမှာ
ငါတို့ ရဲ့ အတ္တတွေကို
လောင်စာတခုလို အသုံးချ
အားလုံးအတွက်
ယုံကြည်ချက်နဲ့  ၀င်းလက်တောက်ပနေခဲ့ဘူးတယ် ။

အခုများမှာတော့
ကွေးသောလက် မဆန့် မှီ
ဆန့် သောလက် မကွေးမှီ
ခေါက်ရှာငှက်တို့ ရဲ့ ပျံသန်းမှုမှာ
ဘ၀ဟာ ပျော်ဝင်တယ်
အသက်က
ဉာဏ်ရဲ့  စေစားရာအတိုင်း ရှင်သန်တယ်
အမေကတော့
မျှော်လင့်ချက်အကုန်လုံး
သား ပြန်လာမယ့်
ဟောဒီလမ်းကလေးအပေါ် ပုံထားတုန်းပဲ ။

တနေ့ တာရဲ့ 
နောက်ဆုံးအလင်းရောင် အကွယ်မှာ
ဘုရားစင်ရှေ့ က ရှိုက်သံဟာ
လမ်းကလေးအပေါ်မှာ ပဲ့တင်ထပ်လို့ 
ချိုးဖြူငှက်တို့ ရဲ့  တောင်ပံခတ်သံမှာ ပဲ့တင်ထပ်လို့ 
ခွပ်ဒေါင်းတို့ ရဲ့  တောင်ပံခတ်သံမှာ ပဲ့ တင်ထပ်လို့ 
သားပျောက်မိခင်တို့ ရဲ့  ရင်မှာ ပဲ့တင်ထပ်လို့  ။
ပဲ့တင်ထပ်လို့  ၊ ပဲ့တင်ထပ်လို့ ၊ ပဲ့တင်ထပ်လို့  ။
[Ye Yint Thet Zwe]

Read More...

Friday, March 6, 2009

မျှော်တလင့်လင့်

တိတ်ဆိတ်မှု အရိပ်အောက်မှာ
ဆူညံတဲ့ ကြေကွဲမှုတွေရှိတယ်
ဝင်ကစွပ်ကောင်တို့ ရဲ့ လှည့်စားမှုမှာ
ဆောင်းညများ မအိပ်နိုင် မစားနိုင်ရှာ
ဝဋ်နာ ကံနာ တခုလို
လရောင်အောက်မှာ ။

အုံနဲ့ ကျင်းနဲ့  လက်ခံခဲ့ရတဲ့ ဝေဒနာ
နံရိုးအပြိုင်းပြိုင်းမှာ တူညီတဲ့
ယုံကြည်မှုတွေရှိတယ်
ဟေရာကလိုက်တပ်စ် ရဲ့ အာဘော်
(မြစ်တမြစ်ထဲကို လူတယောက်နှစ်ခါမဆင်းနိုင်)
ငါ့ကို နဲနဲ အော်ခွင့်ပေးပါ ။

ရင်ဘတ်တွေနဲ့ စိုက်ပျိုးခဲ့ကြပြီး
ဘယ်လို ရှင်သန်ဖူးပွင့်ခဲ့ကြရတယ်ဆိုတာ
ပုခုံးပေါ်ကတာဝန်တွေကို ကြည့်လိုက်ရုံနဲ့ 
ခေတ်တခုလုံး ဆလိုက်ထိုးပြသလိုမျိုး
တကွက်ပြီး တကွက်
ငါ့မှာ ရင်သတ်ရှု့ မော ။

ဆောင်းညများထဲမှာ
စွေးစွေးနီတဲ့သွေးများ
ရဲရဲရင့်ရင့် စီးဆင်းကြ
ရဲရဲရင့်ရင့် သမိုင်းမှတ်တိုင် စိုက်ထူကြ
စွန့် လွှတ်စွန့် စားသွားသူများရဲ့ 
နာနာကျည်းကျည်း ရေရွတ်သံများ
ပဲ့တင်လှိုင်းခတ် လှုပ်ရှား
ဒီဇင်ဘာရဲ့  ဆောင်းညများမှာ ။
ဘယ်သူရေ ၊ ဘယ်ဝါရေ
ကယ်ပါ ကူပါ ငါ မပြောလိုတော့ပါ
ဇွန်ပန်းရုံအနီး လှည်းဘီးနစ်နေတာ
ရာစုတ၀က်တိုင်ခဲ့ပေါ့ ။
Ye Yint Thet Zwe မှပေးပို့သည်

Read More...

Monday, February 23, 2009

ဖက်ဆစ်တော်လှန်ရေး အမှတ်တရ


---------------------------
တော်လှန်ရေး မစမီ
---------------------------

٭ ရဲဘော်သိန်းတန် ... တဲ့
တော်လှန်တဲ့ သူရဲကောင်းဟာ
ခေါင်းတခြား ကိုယ်တခြား
ဖက်ဆစ်များရဲ့ ဓါးချက်အောက်
မတွန့် မဖေါက် စတေးခံ
အမိနိုင်ငံအပေါ် သစ္စာရှိ
စစ်ကိုင်းတံတားကြီး သိပါတယ်
ဧရာဝတီ ငိုခဲ့ရတဲ့ အဲဒီနေ့ 
ဘယ်တော့မှ မမေ့ကြဖို့  မှတ်တမ်းတင်ထားပါ ၊၊

٭ လက်ပံတန်း ဦးဘတင် ကနေ
သခင် သခင်မ
အာရှ လူငယ်များ အပါအဝင်
ရဟန်းရှင်လူ အမြောက်အများ
ကင်ပေတိုင်များရဲ့ လက်ချက်အောက်
အသက်ပျောက်ခဲ့ရတာတွေလဲ မနည်းလှ
ရင်နာစရာ ကောင်းလှတယ် ၊၊
အပြည့်အစုံသို့

ဝင်းတင့်ထွန်း

Read More...

Wednesday, February 11, 2009

အောင်ဆန်း


အမေ့ အိပ်ရာဝင်ပုံပြင်ထဲက
ကျနော့ရဲ့ရော်ဘင်ဟု
အမှန်တရားအားလုံးရဲ့သေနာပတိ
ရုပ်တုထုကိုးကွယ်ရမယ့်
ငါတို့နိုင်ငံရဲ့တဆူသောဘုရား
ဝိမုတ္တိတရားဦးကိုဟောဖို့
ဥရုဝေလတောကို သူလာခဲ့တယ်။ ။

သစ်ကောင်းအိမ်
(၁၁.ဖေဖော်ဝါရီ. ၂၀၀၉)

Read More...

Sunday, September 28, 2008

သစ္စာသေသော်

ဝင်းတင့်ထွန်း
http://naytthit.com ..မှ..


သစ္စာသေသော်
သေတဲ့ သစ္စာ
ထို ဈာပန
ပြာချပစ်တာ အကောင်းဆုံး ။

မြေပုံနေရာ
မမှတ်ပါနဲ့
ထိုနေရာ၌
ပန်းမစိုက်နဲ့
စိုက်တဲ့ပန်းပင် ဂုဏ်ပျက်နိုင် - ။

ထူးခြားတာက
ထို ဈာပန ...
ရောက်လာကြသူ ရှုကြသူ နဲ့
ဝိုင်းဝန်းကြသူ ပို့ကြသူကား
ရန်သူဖြစ်ခဲ့ နာကျည်းခဲ့သူ
ခါးသည်းခဲ့ကြ တိုက်ခဲ့ကြသူ
မုန်းတီးသူတွေ ...

မုန်းသူတွေက ပန်းခွေချပြီး
ရန်သူတွေက ဈာပနစကား
မြွက်ကြားသီဟ ဂုဏ်ပြုကြ ပေါ့ ...

တရံခါက
သံယောဇဉ် ဖြစ် ချစ် ခဲ့ကြသူ
ချစ်ဦးသူတွေ ... မိတ်ဆွေတွေ ကား
စကားထဲပင် မထည့်ချင် တော့
ရင်မှာ မေ့လိုက် ဖျောက်ပစ်လိုက်တာ
ကာလကြာပြီ
လာဖို့ ဝေးစွ နှုတ်မဟချင်
ပန်းခွေချဖို့ ဝေလာဝေး ။ ။

( ၀င်းတင့်ထွန်း )
၁၉၈၃။ အင်းစိန်ထောင်တွင်း

Read More...