Tuesday, November 16, 2010

ဝိုင်းစုခိုင်သိန်း၏နိမိတ်(တောင်ဒဂုံက မောင်ယုံ)

ဝိုင်းစုခိုင်သိန်း၏နိမိတ်


ကျုပ်က တောင်ဒဂုံကပါ။ ၂၀၁၀ရွေးကောက်ပွဲနဲ့ပတ်သတ်လို့ ရင်ဖွင့်ချင်လို့ပါ။ ဒီလိုပါ.... ၁၉၉၀ရွေးကောက်ပွဲတုန်းက ဗိုလ်စောမောင်က အနိုင်ရတဲ့ပါတီကို အာဏာလွဲပေးပြီး စစ်တန်းလျားပြန်မယ်လို့ ကမ္ဘာတစ်ခွင်လုံးသိအောင် ပြောခဲ့ပါတယ်။ ကတိတွေပေးခဲ့ပေမဲ့ တကယ်ကျတော့ ဗိုလ်စောမောင်ဟာ စစ်တန်းလျားကို မပြန်ဘဲ ဝေ့လည်ကြောင်ပတ်လုပ်သွားရင်း အ၀ီစိကိုလားခဲ့ရပါတယ်။

ဟော…. ၂၀၁၀ရွေးကောက်ပွဲကြီးလာပြန်ပြီ။ ဗိုလ်ချုပ်သန်းရွှေပြောတဲ့ သူရဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီးတဲ့။ ဒါပေမဲ့ “ညနိုင်,နေ့ရှုံး၊ ကြိုတင်မဲကိုသုံး၊ နအဖရဲ့ထုံး” ကျွန်တော်သိရသလောက်တော့ တောင်ဒဂုံမှာ NDFပါတီရဲ့ ခမောက်နိုင်တယ်လို့ သိရတယ်၊ ဒါပေမဲ့ သတင်းထုတ်ပြန်တဲ့အခါမှာ ကျတော့ “အပီထိုင်ခိုး၊ ပြည်ခိုင်ဖြိုး” ရဲ့ ကြံဖွတ်ပါတီဟာ အနိုင်ရသွားပါတယ်။ ကျွန်တော်တို့တွေကလည်း ငြုပ်သီးဖတ်ကို အဟုတ်ထင်ကြီး မှတ်ခဲ့တာကိုး။ အနှစ်၂၁အတွင်း န၀တ၊ နအဖရဲ့စကားတွေ၊ ကတိတွေယုံခဲ့မိတာကိုး။ တော်ပါပြီဗျာ နောက်များတော့ စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို ဝေးဝေးကရှောင်တော့မယ်။ ဒီလိုနဲ့ စိတ်ညစ်ညစ်နဲ့ လက်ဖက်ရည်ဆိုင်ကို ရောက်တော့ ၀ိုင်းစုခိုင်သိန်းရဲ့ သီချင်းနဲ့တန်းတိုးတယ်ဗျာ၊ သီချင်းစာသားက “မင်းပေးတဲ့ကတိတွေ မင်းပြောတဲ့စကားတွေ ယုံစားမိလို့မှားပြီနော် .” ကဲဗျာ ကြည့် နအဖရဲ့ ကတိတွေ၊ စကားတွေဟာ ၀ိုင်းစုခိုင်သိန်းရဲ့နိမိတ်လို့ထင်ရတဲ့ သီချင်းနဲ့တိုင်းတိုးတော့ ဟတ်ပါထိသွားတယ်ဗျာ။ ကြိုတင်နိမိတ်တွေပေါ့ဗျာ။ အခုတော့ နအဖက “ခြင်္သေ့အိုကြီးက ၀က်ကြီး(တရုတ်)နဲ့ မျောက်ကြီး(မြောက်ကိုရီးယား) အားကိုးပြီး ပြည်သူတွေကို လက်နက်အားနဲ့ အနိုင်ကျင့်တော့မှာ” ဒါကြောင့် မြန်မာပြည်သူတွေအတွက်???????


တောင်ဒဂုံက မောင်ယုံ
ပေးပို့လာတဲ့ တောင်ဒဂုံမှ မောင်ယုံအား ကျေးဇူးတင်ပါသည်...။http://www.demowaiyan.co.cc/

SummaryRest of your post

Read More...

Monday, September 20, 2010

ရွေးကောက်ပွဲအပြီး တက်လာမည့်အစိုးရသစ်


ပေးပို့ သူphone hlaing" Summary
Rest of your post

Read More...

Saturday, July 4, 2009

မြန်မာပြည်မှမိုဘိုင်းဖုန်း

ကြားလား . . . ကြားလား . . .
ရန်ကုန်မှာ မိုဘိုင်းဖုန်းကိုင်တဲ့သူတွေ ဖုန်းဆက်ရင် ပထမဆုံး တဖက်နဲ့ တဖက် မေးတဲ့စကားကတော့
`ဟယ်လို ဟယ်လို´ မဟုတ်ပါဘူး၊ `ကြားလား ကြားလား´ ဆိုတာပါ။

ဘာလို့လဲ ဆိုတော့ အသုံးများဆုံး ဂျီအက်စ်အမ်လိုင်း တွေကလည်း စွမ်းဆောင်ရည်ကျ၊ ကမ်းရိုးတမ်းဖုန်း ဆိုတာလည်း လိုင်းဆွဲအား မကောင်း၊ ဆယ်လူလာလည်း အရင်လို မဟုတ်တော့တာတွေ ကြောင့်ပါပဲ။
နိုင်ငံခြားသားတွေလည်း မြန်မာနိုင်ငံရောက်ပြီးရင် ဖုန်းပြောရင်း ပထမဆုံး တတ်ကျွမ်းတဲ့ မြန်မာစကားကလည်း `ကြားလား´ ဆိုတာပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့က မိုဘိုင်း ဖုန်းသုံးသူတွေဟာ ဖုန်းလာရင် ၀ရန်တာ ပြေးထွက်တဲ့သူ ပြေးထွက်၊ မြေညီထပ်ဆို ပလက်ဖောင်းပေါ် ထွက်ပြီး ကြားလား၊ ကြားလားနဲ့ မေးရင်းနဲ့ ကြားပြီဆို အဲဒီလို အနေအထားကနေ မရွှေ့ကြတော့ဘဲ ငြိမ်ငြိမ်လေးနေပြီး ပြောကြရပါတယ်။ အဲလိုမဟုတ်ပဲ ကိုယ်ကိုလှည့်လိုက်ရင် ဒိုင်းမင်းရှင်း ပြောင်းသွားပြီး အသံက မသဲကွဲတော့ပါဘူး။
ပြီးခဲ့တဲ့ အပတ်အတွင်း သတင်းတွေထဲမှာ ယခုနှစ် မကုန်မီမှာ ရန်ကုန်မြို့မှာ ဂျီအက်စ်အမ် လိုင်း ၈ သောင်း ရောင်းဖို့ လုပ်ဆောင်နေတယ် လို့ ဖေါ်ပြထားကြပါတယ်။ ယခုလောက် စွမ်းဆောင်ရည်ကျနေတဲ့ ကွန်ရက်ကို လိုင်း ၈ သောင်း ထပ်တိုး ဦးမယ်ဆိုတော့ လိုင်းတွေ ပိုဆိုးလာမလား လို့ မှန်းဆနေကြပါတယ်။
ဒါပေမယ့် မြန်မာ့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေ အပြောအရတော့ အခြေစိုက် လွှင့်စက် ၈ ခု ထပ်မံ တပ်ဆင်မယ်။ ရေဒီယို စခန်း ၃၃ ခု အသစ် တပ်ဆင်မယ် လို့ ဆိုပါတယ်။ အခုလက်ရှိ ကွန်ရက်က လိုင်း ၁သိန်း ၇ သောင်းစာသာ စွမ်းဆောင်နိုင်ရည်ရှိပြီး တကယ်သုံးနေတာက လိုင်းပေါင်း ၂ သိန်း ရှိတယ် လို့လည်း ၀န်ခံ ပြောဆိုသွားပါတယ်။
မြန်မာပြည်မှာ အားနည်းချက်တခုရှိခဲ့ရင် အဲဒီအချက်ကို မပြင်ဆင်ခင် ဘယ်သောအခါမှ ထုတ်ဖေါ်ဝန်ခံလေ့မရှိဘဲ ပြင်ဆင်ပြီဆိုမှ ၀န်ခံလေ့ရှိပါတယ်။
ယခုလည်း ကမ္ဘာမှာ ဈေးအကြီးဆုံး မိုဘိုင်းဖုန်းကို ကိုင်ဆောင် သုံးစွဲနေရသူတွေဟာ မနိုင်ဝန်နဲ့ လုပ်ဆောင်နေရတဲ့ ကွန်ရက်ကြောင့် "ကြားလား၊ ကြားလား" ဆိုတာနဲ့ စခန်းသွားနေကြရ ဆဲပဲ ဖြစ်ပါတယ်။
(မိုးမခသတင်းလွှာမှ)

Read More...

Sunday, October 26, 2008

အမိုး ဗွီဒီယိုရုံနှင့် တခါက နမ့်မကိတ်

(ခန့်အောင်)
http://naytthit.com
...မှ...

ဗွီဒီယိုရုံဆိုပေမဲ့ သိပ်ကြီးကြီကျယ်ကျယ် အဆောက်အဦတော့ မဟုတ်ပါဘူး။ တဲကြီး တလုံးကို အလုံပိတ်လိုက်ပြီး ရှေ့လူဝင်ပေါက်တခုပါတဲ့ တဲကြီးတခုပါ။ လူဝင်ပေါက်မှာ တံခါးတချပ်နဲ့ လိုက်ကာလုပ်ထားတဲ့ အ၀တ်စဟောင်းတခု ကားထားတယ်။ ရုံရှေ့ အဖီ ကလေးမှာ ကွမ်းယာ ဆေးလိပ့်နဲ့ သရေစာမုန့်ဆိုင်လည်း တွဲထားလိုက်သေးတယ်။ ပျဉ်တချပ်ကို စာပွဲအဖြစ်လုပ်ထားပြီး ကွမ်းယာပစ္စည်းတွေ ဆေးလိပ်တွေ တင်ထား တယ်။ ဇီးထုပ်တွေ သကြားလုံးထုပ်တွေ ကွမ်းပေါင်းထုပ်တွေကို ကြိုးနဲ့သီပြီး ချင်ဝါးမှာ တွဲလောင်း ချိပ်ထားလိုက်သေး၏။ စာပွဲနောက်က ထိုင်ခုံရှည်မှာကတော့ အမိုးဟာ တခုခုကို ငုံ့လုပ်နေတာ တွေ့ရလိမ့် မယ်။


အမိုးက သကြားလုံးတွေကို နှစ်လုံးတအိတ် သုံးလုံးတအိတ် ပလပ်စတစ်အိတ်သေးသေးလေးတွေနဲ့ ပြန် ထုပ်နေတတ်တယ်။ တခါတလေ ကွမ်းရွက်တွေကို အရိုးတွေ ပုပ်နေတဲ့နေရာတွေကို ကပ်ကြေးနဲ့ ကိုက်ဖြတ် ပြီး ကွမ်းရွက်တွေကို စီနေတတ်တယ်။ ကွမ်းယာတွေကိုလည်း လာဝယ်ရင်အဆင်သင့်ဖြစ်အောင် ကြိုတင် ယာထားတတ်သေးတယ်။ အမိုးက တခုခုတော့ လုပ်နေရမှ နေသာထိုင်သာရှိပုံရတယ်။ သူ့ ဗွီဒီယိုရုံရှေ့ လမ်းပေါ် တံမြတ်စည်းလှည်းရင်လည်း လေးငါးအိမ်လောက် အရှိန်လွန်ပြီး လှည်းကျင်းလိုက်သေးတယ်။

အမိုး ဗွီဒီယိုရုံကို သွားလည်ပြီဆိုရင် အမိုးက လာလည်တဲ့လူရဲ့မျက်နှာကို သေချာစိုက်ကြည့်ပြီးမှ ပြုံးပြ တတ်ပါတယ်။ ကိုယ်ကစပြီးပြုံပြရင်တောင် သူက ချက်ချင်းပြန်မပြုံုးပြသေးဘဲ မျက်နှာကိုသေချာကြည့်သေး တယ်၊ ပြီးမှပြုံးပြတာ။

သူ့စီပွားရေးလုပ်ငန်းကတော့ ဗွီဒီယိုရုံနဲ့ ဒီဆိုင်ကလေးပဲဖြစ်တယ်။ အမိုးကသူ့ဆိုင်မှာ ဘယ်လောက်အကြွေး ယူယူ ဘယ်တော့မှာ စာတွေဘာတွေနဲ့မှတ်ထားတယ်ဆိုတာမရှိဘူး။ ဘယ်လောက်ကြာကြာ အမိုးကမှတ် မှတ်ရရနဲ့တောင်းတာပဲ။ မေ့တယ်ဆိုတာမရှိဘူး။ နောက်တခုက အမိုး အကြွေးစာရင်းကို စာနဲ့ပေနဲ့ မှတ်နိုင် လောက်အောင် စာမတတ်ရှာဘူး။

အမိုး ဗွီဒီယိုရုံက တရက်ကို ၆ ကားပြတယ်။ မနက် ၃ ကား ညနေ ၃ ကား။ သုံးကားပေါင်း ငါးဘတ်ယူ တယ်။ နှစ်ဘတ်ပေးပြီး တကားပဲကြည့်လည်းရတယ်။ ကလေးဆို တကားတဘတ်ယူတယ်။ ရုပ်ရှင်တကား ပြီးတာနဲ့နောက်တကားဆက်ပြတယ်။ တကားဖိုးပဲပေးထားတဲ့ လူတွေက ဆက်ကြည့်ချင်ရင် နောက်ကားဖိုး ဆက်ပေးရတယ်။ နောက်တကားဆက်ပြပြီးတအောင့်လောက်ကြာတာနဲ့ အမိုးရုံထဲကို ရောက်လာတော့တာ ပဲ။ ကြည့်နေတဲ့လူတွေထဲက တကားဖိုးပဲပေးရသေးတဲ့လူနားကို ကပ်သွားပြီး လက်တို့တော့တာပဲ။ ရုံဝင်ခ ပေးသွားတဲ့လူတွေက တကားဖိုးပေးတဲလူ၊ နှစ်ကားဖိုးပေးတဲ့လူ၊ သုံးကားပေါင်းပေးတဲ့လူ ဒီလိုရောထွေး နေတဲ့သူတွေထဲကမှ အမိုးက ဘယ်သူ ဘယ်နှစ်ကားဖိုးပေးခဲ့တယ်ဆိုတာ စာနဲ့မမှတ်ထားဘဲတန်းကိုသိနေ တာ။

အမိုး ဗွီဒီယိုရုံ အပေါက်စောင့်ပြီး ရုံဝင်ခကောက်တဲ့ပုံကိုမြင်တော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဘုရားသုံးဆူ ဒေသမှာ ရုပ်ရှင်ခိုးကြည့်ခဲ့ရတာတွေကို အမှတ်ရမိတယ်။

နေရာက ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းလို့ခေါ်တဲ့နေရာပါ။ အဲဒီနေရာမှာ ရေကန် အသေးတခု ရှိတယ်။ အဲဒီ ရေကန်မှာပဲ ကျနော်တို့တတွေ ရေချိုး၊အ၀တ်လျှော်လုပ်ကြတယ်။ အဲဒီရေကန်ကို ဂျပန်ခေတ်က ဂျပန် တွေတူးသွားကြတယ် ဒါကြောင့် ဂျပန်ရေတွင်းလို့ ခေါ်တယ်ဆိုတာကို အနီးအနားက ရှေ့မီနောက်မီ အဘိုး ကြီးတွေက ပြောကြတယ်။ ဂျပန် ရေတွင်းနဲ့ နာရီဝက် လောက်ဝေးတဲ့နေရာမှာ နမ့်ကိတ်ဆိုတဲ့ မွန်လူမျိုး တွေအများစု နေတဲ့ ထိုင်းရွာလေးတရွာ ရှိတယ်။ အဲဒီရွာက သစ်လုံးကြီးတွေနဲ့ဆောက်ထားတဲ့ ရုပ်ရှင်ရုံ ကြီးတရုံရယ်၊ ကို့တီယို နဲ့ ကော်ဖီ ရောင်းတဲ့ဆိုင်တဆိုင်ရယ်။ မြေနီနီလမ်းတွေရယ်ကိုတော့ မျက်စိထဲမှာ ခုထိ အမှတ်ရ မြင်ယောင်တုန်းပဲ။

ကျနော့်တို့ငှက်ဖျားတက်ပြီးလို့ ပါးစပ်ပျက်တဲ့အချိန် အဲဒီ နမ့်ကိတ်ရွာက ကို့တီယိုဆိုင်လေးမှာ ပါးစပ်ပျက်တဲ့ ကိစ္စကိုသွားဖြေရှင်းကြတယ်။ သူငယ်ချင်းလေးငါးယောက်လောက် ပိုက်ဆံ ငါးဘတ်ကို ရအောင်ရှာကြ တယ်။ ငါးဘတ်ပြည့်ရင် နမ့်ကိတ်ရွာကိုပြေးကြတယ်။ နမ့်ကိတ်ရွာကိုသွားတဲ့ လမ်းနှစ်လမ်းရှိတယ် ကား လမ်းက သွားရင်လည်းရတယ်။ ရွာထဲကဖြတ် သွားလည်းရတယ်။ ကို့တီယိုဆိုင်ကို သွားတာဆိုရင် ရွာထဲ ကပဲ ဖြတ်သွားတယ်။ အဲဒီမှာ သံပုရာသီးဝင်ကောက်လို့ရမှာကိုး။ ဆိုင်ရောက်တာနဲ့ ငါးယောက်လောက် စားပွဲမှာ ၀ိုင်းထိုင်ပြီး ကို့တီယိုတပွဲ အရင်မှာလိုက်ကြတယ်။ သူတို့ ကို့တီယိုဆိုင်တွေက ကိုယ့်ဟာကိုယ် အစပ်အဟပ် လုပ်စားလို့ရအောင် စာပွဲပေါ်မှာ ချိုချဉ်ငံစပ်တွေ အစုံချထား ပေးတယ်လေ။ အဲဒီလို ချပေးထားတဲ့ အထဲက သကြားနဲ့ ရွာထဲက ကောက်လာတဲ့ သံပုရာသီးတွေကို သံပုရာရည်လုပ်သောက် ကြတယ်။ လာချပေးထားတဲ့ မုန့်ကိုတော့တယောက်နည်း နည်းစားကြတယ်။ ကို့တီယိုကိုတော့ သိပ်စားချင် စိတ်မရှိပါဘူး၊ ဖျားပြီး ခံတွင်းပျက်နေတော့ သံပုရာရည်ကိုပဲ အဓိက သောက်ချင်ကြတာ။ ဆိုင်ရှင် ထိုင်းအမျိုးသမီးကြီက ဘာမှမပြောရှာပါဘူး။ ကျနော်တို့ဖျားပြီး သံပုရာရည် သောက်ချင်ရင် ဒီဆိုင်ကလေး ကို ရောက်လာရစမြဲပါ။

ညဆိုရင် နမ့်ကိတ်ရုပ်ရှင်ရုံက ရုပ်ရှင်ပြပါတယ်။ ပြတဲ့ကားတွေက ထိုင်းရုပ်ရှင်ကားတွေနဲ့ ထိုင်းအသံထွက် အင်္ဂလိပ်ကားတွေဖြစ်ပါတယ်။ ဖိကား ပြတဲ့နေ့ဆို နမ့်ကိတ်ရုံ လူပိုစည် တာပေါ့။ အဲဒီလိုနေ့တွေဆိုရင် ကျနော်တို့တွေလည်း ညအပြင်ထွက်မရတဲ့နေ့ ဆိုရင်တောင် လစ်ပြီး သွားကြည့်ကြတယ်။ မနက်ကျ အပြစ် ဒဏ်ပေါ့။

ညဘက် အပြင်ထွက်လည်ခွင့် ရတဲ့နေဆိုရင် နမ့်ကိတ်မှာ ရုပ်ရှင်သွားကြည့်ကြတယ်။ ရုပ်ရှင် သွားကြည့် တယ် ဆိုပေမဲ့ ရုံဝင်ခပါကြတာ မဟုတ်ဘူး။ ရုံထဲကို ဘယ်ပုံဘယ်နည်းနဲ့ ၀င်ရမယ်ဆိုတာ ခေါင်းထဲတွက် နေရသေးတယ်။ ရုံဝင်ခက ငါးဘတ်ပေးရတယ်။ ရုံရှေ့မှာရောင်းနေတဲ့ အသားကင်ညှော်နံ့နဲ့ ပြောင်းဖူး မီးဖုတ်အနံ့တွေကလဲ ကျနော်တို့ရဲ့ စားချင်စိတ်တွေ ကိုအတော်ကလေး ဒုက္ခပေးလို့ပေါ့။ ပြောင်းဖူးဖုတ်က နှစ်ဖူးမှ တဘတ်ရောင်းတယ်။ အသားကင်ဆိုတာက ကြက်အရိုး အသားတွေကိုစင်း ဆားအချိုမှုန့် အမွှေး အကြိုင်တွေနဲ့နယ် ၀ါးခြမ်းပြားနဲ့ညှပ် မီးနဲ့ကင်ပြီး တကင်သုံးဘတ် နှစ်ကင်ငါးဘတ် ရောင်းတာပါ။ ရုံရှေ့က အနံ့တွေနဲ့ ဝေးတဲ့နေရာမှာ သွားထိုင်ပြီး ရုံထဲဝင်ဘို့အရေး ဗျူဟာကို ၀ိုင်းပြီးစဉ်းစားကြတယ်။ တပတ်မှာ နှစ်ရက်သာ ညဘက် အပြင်ထွက် လည်ခွင့်ရတာ၊ ဒီရက်မှ ရုပ်ရှင်မကြည့်ရရင် နောက်တပတ်လုံး ပြန်စောင့် ရအုံးမယ်။

အရင်ဦးဆုံး ရုံပေါက်ဝကို တယောက်လွှတ်ပြီး လေ့လာခိုင်းလိုက်တယ်။ ရုံပေါက်စောင့် အခြေအနေကိုပေါ့၊ အထဲရောက်ပြီးသားလူ အပြင်မုန့်ထွက်ဝယ်ရင် ဘာအမှတ်အသားလုပ်ပေးလိုက်တယ် ဆိုတာတွေကို အရင် လေ့လာစုံစမ်းရတယ်။ ရုံပေါက်စောင့်တဲ့လူက အပြင်ခဏ ပြန်ထွက်လာတဲ့လူကို ဘောလ်ပင်နဲ့ လက်မှာ လက်မှတ်ထိုးပေးလိုက်တယ်ဆိုရင် အပြင် ခဏပြန်ထွက် လာတဲ့လူတွေထဲက ကိုယ်နဲ့ ရင်းနှီးတဲ့သူကို လိုက်ရှာ လက်မှတ်ထိုးထားတာကိုသေချာကြည့် အသင့်ပါလာတဲ့ ရောင်စုံဘောလ်ပင်တွေထဲက အရောင်တူ တာကိုရွေး ရုံထဲအရင်လွှတ်မယ့် ကိုယ့်လူထဲက သူရဲကောင်းတယောက်ကိုရွေး လက်မှတ်တုထိုးပြီး ရုံထဲ ၀င်ဘို့ အပေါက်ဝကို လွှတ်ပေးလိုက်တယ်။ အခြေအနေုအားလုံးကို ရင် တထိတ်ထိတ်နဲ့ စောင့်ကြည့်နေ ကြတာပေါ့။ ပထမဦးဆုံးလူ အဆင်ပြေပြီဆိုရင် ဖြည်းဖြည်းချင်း တယောက်ပြီး တယောက် ရုံထဲကို လွှတ် တော့တာပဲ။

ရုံပေါက်စောင့်တဲ့လူက ဘောလ်ပင်ကိုမသုံးဘဲ တံဆိပ်တုံးကို လက်မှာရိုက်ပေးတဲ့နေ့ဆိုရင် ရုံဝင်ခ ငါးဘတ် လောက် ရအောင်စုလိုက်တယ်။ တယောက်ကို ရုံဝင်လက်မှတ်ဝယ်ပြီး အမှန်အကန်ကြီး ၀င်ခိုင်းလိုက်တယ်။ ခဏကြာတော့ ခုန၀င်သွားတဲ့လူ ရုံထဲကနေပြန် ထွက်လာတယ်။ ရုံပေါက်စောင့်တဲ့လူက လက်မှာတံဆိပ်တုံး ထုပေးလိုက်တယ်။ တံဆိပ်တုံး ထုပေးပြီးတာနဲ့ ကိုယ့်လူတွေရှိတဲ့နေရာကို မြန်မြန်ရောက်အောင်သွား ရုံထဲ မ၀င်ရသေးတဲ့ ကိုယ့်လူတယောက်နဲ့ လက်လက်ချင်းကပ်ပြီး ကော်ပီပွား ပေးလိုက်တယ်။ သိပ်အပီအပြင် မထင်ဘူးဆိုရင် ပါလာတဲ့ ဘောလ်ပင်နဲ့ နည်းနည်းပါးပါး ထပ်ဖြည့်ဆွဲပေးရသေးတယ်။ ဒီလို ညမျိုး ဆိုရင် တော့ အပေါက်စောင့်တဲ့လူ တံဆိပ်တုံး အတော်ရောင်းကောင်းတဲ့ ညပေါ့။

ကျနော်တို့ အဲဒီလို နည်းတွေနဲ့ ရုံထဲဝင်နေကြတာ ရုံးပိုင်တွေ အပေါက်စောင့်တွေလည်း ရိပ်မိတာပေါ့။ ရုံထဲရောက်နေတဲ့လူနဲ့ ရတဲ့ငွေ ကိုက်ကြည့်ရင်သိတာပဲ။ ဖြစ်နိုင်ရင် ကျနော်တို့လည်း စိတ်အေးလက်အေးနဲ့ လက်မှတ်ဝယ်ပြီး မိန့်မိန့်ကြီး ရင်ကော့ဝင်ချင်တာပေါ့။ ခုလို ရင်တထိတ်ထိတ်နဲ့ ဘယ်ဝင်ချင်ပါ့မလဲ။ အဲဒီ အချိန် ဘ၀တွေက နှစ်ဖူးတဘတ် ပြောင်းဖူးမီးဖုတ်တောင် ခပ်စိမ်းစိမ်းနေရတဲ့ဘ၀ရယ်။

ရုံပိုင်တွေကလည်း ဗျူဟာတွေ ပြောင်းလာပါတယ်။ ကျနော်တို့ဘယ်လိုမှ အင်ထုလို့မရလေအောင် ရုံပြင် ပြန်ထွက်လာတဲ့လူကို သေချာလုပ်ထားတဲ့ဖြတ်ပိုင်းလေးတွေပေးတဲ့နေ့ တွေဆိုရင်တော့ ဇွဲကောင်းကောင်း နဲ့ ရုံဖွင့်တဲ့အချိန်ထိ ပွားရင်းနဲ့ စောင့်ကြတာပေါ့။ ရုပ်ရှင် ကြည့်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ကိုတော့ အပျက်ခံလို့ မဖြစ်ဘူးလေ။

တခါတလေ ကြားထဲက စေ့စပ်ဖြန်ဖြေရေးသမားတွေ ဘာတွေ ထားပြီး ရုံပိုင်နဲ့ ကျနော်တို့ကြား စေ့စပ် ညှိနှိုင်း ပေးရတာတွေတောင် ရှိခဲ့တယ်။ တခါတလေဆိုပေမဲ့ ဖြစ်တောင့်ဖြစ်ခဲ ကြုံတောင့်ကြုံခဲပါ။ သဒ္ဓါ ပေါက်နေတဲ့ ကိုယ့်ရဲ့ လူကြီးတဦးဦးက ဒီလူတအုပ်လုံးကို မုန့်ဘိုး တရာလောက် ပေးသွားတဲ့အခါ ဆိုပါ တော့ လူကရှိတာ ငါးဆယ်လောက်ရှိတာ ပိုက်ဆံက တရာ မုန့်ဝယ်စားလို့ကလဲမဖြစ် ရုပ်ရှင်ကြည့်ဘို့ ကလည်း မလောက်တဲ့ အခါဆိုရင် ကိုယ့်လူထဲမှာလည်း ပိုက်ဆံကို ခွဲပြီး မုန့်မစားအောင် စည်းရုံးရ၊ ရုံပိုင် တွေ အပေါက်စောင့်တွေနဲ့ ညှိနှိုင်းဘို့ စေ့စပ်ရေးသမားတဦးကိုရှာပြီး ရုံပိုင်တွေဆီကိုလွှတ်ရတယ်။ စေ့စပ် ဖြန်ဖြေရေး လုပ်မယ့်သူရဲ့တာဝန်က ရှိတဲ့ငွေ တရာနဲ့ ဒီလူအုပ် ရုံထဲဝင်ရမရ ညှိရမှာ ဖြစ်တယ်။ ရုံပိုင်နဲ့ အပေါက်စောင့်တွေက လာညှိနှိုင်းတာကို လက်မခံရင်လည်း ဒီလူတွေတနည်းနည်းနဲ့ အထဲကို ရောက်မယ် ဆိုတာ သိနေတော့ ဒီလူအုပ်ကို တရာနဲ့ ရုံထဲ ၀င်ခွင့် ပေးလိုက်ရတာပေါ့။ တွေ့ဆုံ ညှိနှိုင်းအဖြေရှာရေးကို အဲဒီ ကတည်းက ကောင်းကောင်းအသုံးချတတ်နေကြပြီ။ အဲဒီအချိန်က ၁၉၈၉ ခုနှစ် လောက်ပဲရှိသေးတာ။

ဘုရားသုံးဆူက ရုပ်ရှင်ရုံတွေက နမ့်ကိတ်ရုံလောက် ဗျူဟာတွေသုံးစရာမလိုပါဘူး။ သူတို့ရုံတွေက မိုဘိုင်းရုံ တွေလေ ရုံတွေကိုပိတ်စတွေနဲ့ ပတ်ပြီး ကာထားတာ အထဲဝင်ချင်ရင် ပိတ်စကို လှမ်ဝင်လိုက်ရင် ရတယ်။ သိပ်အလွယ်ကြီးတော့ မဟုတ်ဘူး ကာထားတဲ့ ပိတ်စပတ်ပတ်လည်မှာ အစောင့်တွေ ပတ်ပြီးချထားတယ် ရမ်းဝင်လို့တော့မရဘူး။ အစောင့်တွေ နေရာ တနေရာကို အာရုဏ်စိုက်အောင်လုပ်ပြီးမှ။ တနေရာရာမှာ အစောင့် ကြဲသွားတော့မှ အဲဒီနေရာက၀င်တာ။ သုံးဆူက ရုံတွေမှာ အခြေအနေတွေ ကြပ်မှပဲ ဗျူဟာတွေကို ထုတ်သုံးလိုက်တာ။

အခု အမိုး ဗွီဒိုယိုရုံမှာတော့ ဘာဗျူဟာမှ သုံးရမယ့်ပုံ မပေါ်ဘူး။ မေ့ချင်ယောင် ရူးချင်ယောင် မဆောင်နဲ့ အမိုးက မျက်နှာကို သေချာကြည့်ထားတာ။ တကားကြည့်မလား တဘက်၊ နှစ်ကားကြည့်မလား လေးဘတ်၊ အစအဆုံးကြည့်မလား ငါးဘတ် လာထားပဲ။ အမြည်းကြည့်သလို ဘာလိုနဲ့ ယောင်တောင်ပေါင်တောင် လုပ်ပြီး နည်းနည်းကြာသွားလို့ကတော့ နောက်နားကနေ အမိုး ခါးလာတို့တော့တာပဲ မျက်ခုံးကိုပင့်ပြီး တော့လည်း အမူအရာနဲ့မေးလိုက်သေးတယ်။ နှစ်ဘတ်လား လေးဘတ်လား ငါးဘတ်လား ဆိုတဲ့သဘော လေ။ အမိုးကတော့ ကြားဝင်ဖြန်ဖြေစေ့စပ်တဲ့ သူနဲ့လည်း လက်ခံမယ့်ပုံ မပေါ်ဘူး။

“ရူး .. ချင်ယောင် ဆောင်မနေနဲ့ …”
“ရူး … ချင်ယောင် ဆောင်မနေနဲ့ …”
“ရူး …. ချင်ယောင် ဆောင်မနေနဲ့ …”
“အို့ .. မာယာတွေပေါ်မှာ သွေးပျက်ပြီးတော့ အိပ်မနေနဲ့ ….”
အမိုးဗွီဒီယိုရုံထဲက သီချင်းသံကတော့ ပြန့်လွင့်လာပါပြီ။ ဒါကတော့ ပြတော့မယ် စတော့မယ် ဆိုတဲ့သဘော လေ …

(ခန့်အောင်)
ABSDF ဘုရားသုံးဆူ ဂျပန်ရေတွင်းစခန်း တပ်ရင်း(၁၀၁။ ၁၀၂) အမှတ်တရ ကာလများ …

Read More...

Monday, September 22, 2008

အိမ်နီးနားချင်း ချေဂွေဗားရားများ

(ခန့်အောင်)
http://naytthit.com ... မှ


ထာဝရတော်လှန်ရေးသမား၊ ကမ္ဘာ့တော်လှန်ရေးသမား၊ ရဲခေါင်ပြောက်ကျား၊ ကမ္ဘာ့အရင်းရှင် နယ်ချဲ့အစိုး ရတိုင်းက ကြောက်ရတဲ့ ဒေါက်တာအာနက်စတိုချေဂွေဗားရား၊ မတရားအနိုင်ကျင့် ကျူးကျော်စော်ကားမှု ဖိနှိပ်မှုမှန်သမျှကို ဆန့်ကျင်တော်လှန်သူတိုင်းက စံပြုရတဲ့ ပုဂ္ဂိုလ်၊ ပါးသိုင်းမွှေး၊ နှုတ်ခမ်းမွှေး၊ ဦးထုပ်ကအစ သူ့ရဲ့အမှတ်တံဆိပ်အဖြစ် ကျန်ရစ်ခဲ့သူ။ ဖိနှိပ်စော်ကားမှုရှိလေရာ နေရာတိုင်းသွားရောက် တော်လှန်ပစ်မယ် ဆိုတဲ့ လူဖြစ်တယ်။ အခုတော့ သူမရှိတော့ပါဘူး။ သူကျဆုံးသွားခဲ့တယ်။ ဘိုလီးဗီးယားတောနက်ထဲမှာ တော်လှန်စစ်ကိုဆင်နွှဲရင်းနဲ့ သူရဲကောင်းပီသစွာ ကျဆုံးခဲ့တာပါ။ သူကျဆုံးသွားပေမဲ့ သူ့အကြောင်းနဲ့ သူ့ ရုပ်ပုံတွေကတော့ တော်လှန်သူတို့ရဲ့ ရင်ထဲကအမှတ်တံဆိပ်အဖြစ် ထင်ကျန်ရစ်ခဲ့တယ်။ နေရာအတော် များများမှာ သူပုံကားချပ်တွေ အတော်တွေ့ရတယ်။ အင်္ကျီ၊ ပိုစတာ၊ လက်ကိုင်ပ၀ါ၊ လည်စည်း၊ ဆွဲပြားတွေ မှာ ပုံစံမျိုးစုံနဲ့တွေ့ရတယ်၊၊ သေးသေးယူမလား၊ ကြီးကြီးယူမလား ရတယ်။ ထိုင်းမှာလည်း ချေပုံကိုအတော် ကလေး တွေ့ရတယ်။ ထိုင်းက ဒီမိုကရေစီနည်းနည်းရှိတော့ ချေနဲ့ပတ်သက်တဲ့ စာအုပ်တွေကို ပေါပေါ များများ ဘာသာပြန်ထုတ်ဝေကြတော့ ချေအကြောင်းကိုလူတိုင်းက သိနေကြတယ်၊ ကျနော် တို့ဗမာပြည်မှာ တော့ ချေအကြောင်း ဘာသာပြန်တွေရှိပေမဲ့ သိပ်ရှားပါးပါတယ်။ ချေဘာလဲဆိုတာ သိသူရှိသလို မသိသူ များတယ်။ မသိသူထဲမှာ ကျနော်ကိုယ်တိုင်ပါတယ်၊ ကျနော်လည်း ဟိုရောက်ဒီရောက် ဟိုလူနဲ့တွေ့ ဒီလူနဲ့ တွေ့ နေလာရင်းနဲ့ ချေအကြောင်းကို အနည်းအကျဉ်းတော့ သိလာခဲ့ရတော့တာပဲ။

အဲဒီလိုနဲ့ လူငယ်အတော်များများ ချေခရေဇီဖြစ်လာတာ တွေ့မြင်လာရတယ်။ ဗမာလူငယ် အတော်များများ ဟာ ချေဂွေဗားရား တီရှပ်၊ ပ၀ါ၊ လည်စည်း၊ ပိုစတာတွေသုံးစွဲ လာကြတယ်၊ တချို့လည်း ချေကို သိပ်ချစ် လွန်းတော့ ကိုယ်ပေါ်မှာ ဆေးမင်ရေနှင့် ချေအရုပ်တွေ ထိုးလာကြတယ်။ တချို့က လက်မောင်း၊ တချို့က လက်ဖျံ၊ တချို့က လက်ခုံ၊ တချို့က ကျောကုန်း၊ တချို့က ရင်ဘတ် စသည့်နေရာတွေမှာ ချေအရုပ်တွေကို အမည်းရောင်တမျိုး၊ အစိမ်းရောင်တသွယ်၊ အနီရောင်နဲ့တနည်း၊ ကာလာစုံနဲ့တမျိုး အမျိုးမျိုး အလှထိုး ကြတယ်။ တကယ်လည်း တူတယ်။ တကယ်လည်း ခန့်ခန့်ထည်ထည် ရှိပါတယ်။ ချေရဲ့ ဆေးမင်ကြောင် ပုံကို အများဆုံးတွေ့ရတာကတော့ အကိုကာလသားများရဲ့ ဖုဖုထစ်ထစ် လက်မောင်းကြီးတွေပေါ်မှာပါ။ အားနည်းတဲ့ဘက်က ရပ်တည်တာ၊ အဖိနှိပ်ခံဘက်က ရပ်တည်တာ၊ ကျူးကျော်စော်ကားတာကို ခေါင်းငုံ့မခံ တတ်တဲ့ စံပြပုဂ္ဂိုလ်ကို လူငယ်တွေ အမြတ်တနိုးနှင့် ကိုယ်ခန္ဓာမှာ ဆင်မြန်းကြတာ၊ မြတ်မြတ်နိုးနိုးရှိကြတာ ကောင်းတဲ့လုပ်ရပ်ပါ။ ကျနော့် အိမ်နီးနားချင်း တယောက်ကလည်း ချေကိုသိပ်လေးစားတာ။ နောက်ဆုံး ချေရဲ့ရုပ်ပုံကို သူရဲ့ လက်မောင်းအရေပြားမှာ ဆေးမင်ကြောင်နှင့် ရေးထိုးဖြစ်တဲ့အထိ လေးစားသူ ဖြစ်တယ်။ တွေ့တဲ့ခင်တဲ့ သူတိုင်းကို သူ့လက်မောင်းက အရုပ်ကို ပြပြနေရတာအမော။ သူပုံစံက ကိုယ်လုံး ကိုယ်ပေါက် ခပ်တောင့်တောင့် မျက်နှာပေါက်က ခပ်တင်းတင်း။ အ၀တ်အစားဆိုရင် စွပ်ကျယ်လက်ပြတ်ပဲ ၀တ်တယ်။ ဒါမှ လက်မောင်းပေါ်က ချေရဲ့ပုံက ပေါ်မှာကိုး။ လမ်းသွားရင်လည်း ရင်ကွဲဖွင့် လက်ကားကား ခေါင်းကလည်း မော့ထားလိုက်သေး။ ရပ်ကွက်ထဲက လူတွေကတော့ အဲဒီပုဂ္ဂိုလ်ဒီဇိုင်းကို ကြည့်ပြီး ဖြုံကြ တာပေါ့။ လူကောင်ကလည်းတောင့်တောင့်၊ နှုတ်ခမ်းမွှေးကားကား၊ လက်မောင်းမှာလည်း ခန့်ညားလှတဲ့ ချေရဲ့ ပုံတူ ဆေးမင်ကြောင်နဲ့ဆိုတော့ တွေ့တဲ့လူတိုင်းက သူ့ကို ကြာကြာစိုက် မကြည့်ရဲကြဘူး၊ ရန်အလုပ် ခံရမှာ စိုးရတယ်လေ။ လမ်းသွားရင်းနဲ့ တည့်တည့်တိုးရင်လည်း ဟိုလိုလို ဒီလိုလိုနဲ့ ရှောင်သွားကြတယ်။ ဒါပေမဲ့ သူ့ ပုံစံက လူမိုက်ပုံပေါက်နေပေမယ့် သူ့မိန်းမကိုတော့ အတော်ချစ်ပုံရတယ်။ လူပုံကြည့်တော့သာ လူမိုက်ဂိုက်။ အိမ်မှာ သူ့မိန်းမနဲ့စကားပြောရင် အသံက ကလေးသံလိုလို၊ ကြောင်ကလေးတွေရဲ့ ချွဲသံလိုလို၊ လူမတွေ့ရင် ဒီပုဂ္ဂိုလ် မဟုတ်ဘူးလို့တောင် ထင်ရတယ်။ တခါတလေ သူတို့ ခြံနောက်ဘက်ကဖြတ်သွား တိုင်း သူ့လှုပ်ရှားမှုတွေကို ခြံစည်းရိုး ၀ါးခြမ်းပြားအကာတွေကြားက ရိုးတိုးရိတ်တိတ် တွေ့ရတယ်။ အိပ်ယာ ခင်း တွေ၊ စောင်တွေ၊ ခြင်ထောင်တွေကိုလျှော်ဖွပ်ပြီး ကြိုးတန်းမှာ နေပူလှန်းနေတာ တွေ့ရတတ်တယ်။ တခါတရံ မီးဖိုချောင်ထဲမှာ ထိုင်ပြီး ထမင်းရည် ငှဲ့နေတာတွေ့ရတယ်။ သူ့ကိုတွေ့တိုင်း သူ့လက်မောင်းက ချေဂွေဗားရားကို မျက်လုံးက ရောက်ရှိမြင်တွေ့နေရတယ်။

တရက်တော့ သူ့အိမ်က ပေါက်တူးငှါးချင်လို့ သူ့ခြံထဲထိဝင်သွားတယ်။ အိမ်ပေါ်မှာလည်း လူရှိပုံမရဘူး။ ဘာသံမှ မကြားရဘူး။ ဒါနဲ့ နောက်ဘက်က ရေချိုးခန်းဘက်သွားကြည့်တော့ ရေချိုးခန်းထဲမှာ အ၀တ်လျှော် သံ ကြားနေရတယ်။ ကျနော်က အသံပေးလိုက်တော့ အ၀တ်လျှော်သံရပ်သွားပြီး ရေချိုးခန်းတံခါး ပွင့်လာတယ်။ ချေဂွေဗားရားပုံနဲ့ပုဂ္ဂိုလ်ဟာ တံခါးဝမှာခန့်ခန့်ကြီးရပ်ပြီး ကျနော့်ကိုမေးတယ်။

“ဘာကိစ္စလဲ”

ကျနော်ကလည်း လာတဲ့ကိစ္စကိုပြောရင်းနဲ့ ရေချိုးခန်းထဲကို မျက်စေ့ကစားကြည့်မိတော့၊ “အားပါးပါး ချေဂွေဗားရားတယောက် အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ခံနေရပါလား” လို့ စိတ်ထဲ ချက်ချင်းတွေးလိုက်မိ ပါတော့တယ်။ ရေထည့်တဲ့ ကော်ဇလားအကြီးကြီးထဲမှာ အ၀တ်အစားတွေ မနည်းမနောစိမ်ထားတာ တွေ့ရ တယ်။ ကြမ်းပေါ်မှာလည်း လျှော်လက်စ ဘရာစီယာတွေ၊ ရေစိမ်ပြီးညှစ်ထားတဲ့ ထမိန်တွေကို တွေ့လိုက်ရ တော့တယ်။ ကျနော် သူ့ကိစ္စတွေကို တွေ့သွားပြီဆိုတာ သူသိတော့ …

“ဟီး ဟီး ”

ဆိုပြီး သမိန်ပေါသွပ်ရှက်နေတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ မဆီမဆိုင် ရှက်ကိုးရှက်ကန်းနဲ့ နောက်ထပ်ပြော လိုက်သေးတယ်။

“အိမ်ကမိန်းမ သိပ်နေမကောင်းဘူးဗျ”လို့

ပြောလိုက်သေးတယ်။ ကျနော်လည်း သူပေးလိုက်တဲ့ ပေါက်တူးကိုယူပြီး ပြန်ထွက်လာခဲ့ပါတယ်၊ ဒီနေ့တော့ လျှော်လိုက်ပေဦးတော့ ချေရေလို့ စိတ်ထဲက ပြောလိုက်မိပါတော့တယ်။

နောက်တဦးကတော့ လမ်းထိပ်ကားဂိတ်က ချေဂွေဗားရားပါ။ သူလည်း ချေ ခရေဇီတယောက်ပဲ။ သူ ထိုးထားတာကမှ တကယ့်ရှယ်။ ကျောကုန်းအပြည့် ချေပုံကို ကာလာနဲ့ထိုးထားတာ။ ပုံထဲမှာ ချေ ဆောင်းတဲ့ဦးထုပ် က အနီရောင်ဆိုတော့ ပုံကစိုပြီး အရောင်ပိုတောက်တာပေါ့။ ထိုးတဲ့လူရဲ့ အသားအရေ ကလည်း ဖြူ၊ အရပ် ကမြင့်၊ ရင်အုပ်ကြီးက ကားကား၊ ကျောပြင်ကြီးက ကျယ်ကျယ်နဲ့ဆိုတော့ ပိုလှနေ တာပေါ့ဗျာ။ သူ့ကြည့် လိုက်ရင် အမြဲတမ်း အင်္ကျီကျွတ်နဲ့ ဒါမှလည်း ချေရဲ့ပုံကို လူမြင်နိုင်မှာကိုး။ ဒီလူက လက်ဘက်ရည်ဆိုင် ထိုင်တာတောင် လမ်းမဘက်ကို ကျောပေးပြီးမှထိုင်တာ။ ဆိုင်ရှေ့က ဖြတ်သွားတိုင်း ဆိုင်ထဲကို လှမ်းကြည့် လိုက်လို့ ချေ ရဲ့ပုံကိုတွေ့ရင် ဒီလူရှိနေတာ သေချာနေပြီ။

သူ့ အလုပ်အကိုင်က ကားဂိတ်မှာ။ လူမိုက်လုပ်ရတယ်။ ကားဂိတ်မှူးက မွေးထားတဲ့ လူဖြစ်တယ်။ ဂိတ်မှာ အလုပ်အားရင်လည်း တခါတလေ ကားနောက်လိုက်ပြီး စပါယ်ယာ လိုက်လုပ်သေးတယ်။ ကားနောက် လိုက်တဲ့ နေ့တွေဆိုရင် သူ့ပုံစံအတိုင်း အပေါ်ပိုင်းက ဗလာကျင်းလို့။ လက်ထဲမှာလည်း ဂျမ်းတုံးကြီး။ ကျောကုန်းမှာက ချေဂွေဗားရားနဲ့။ ကား နောက်ပြန်မလိမ့်အောင် ဂျမ်းတုံးလိုက်ခုနေတဲ့အခါ နောက်ကနေ မြင်နေရတဲ့ ချေဂွေဗားရားပုံဟာ အတော့်ကို မသက်မသာ နိုင်လှတယ်။ နေပူကြီးထဲ ချေဂွေဗားရား ကိုယ်တိုင် လက်မှာ ဂျမ်းတုံးကြီး ကိုင်ပြီး ကားဘီးကို လိုက်လိုက်ခုပေးနေရသလိုပဲ။

အော် ချေဂွေဗားရားကို ကိုယ့်လူတွေက ခုထိ အနားမပေးကြသေးဘူး။ သူ့ခမျာ ကြုံရင်ကြုံသလို အ၀တ် လည်း လျှော်ပေးနေရ။ ကားစပါယ်ယာလည်း လုပ်ရ။ ဂျမ်းတုံးလည်း လိုက်ခုရ။ ဒါနဲ့တောင် မပြီးသေးဘူး ကားဂိတ်ကြေးကို မိုက်ကြေးခွဲပေးနေရတယ်။

ဒါဟာ ကျနော်တို့ဆီက အစွဲအလမ်း ရှေးအယူအဆတခုနဲ့ ကြည့်မယ်ဆိုရင် သူဟာမကျွတ်သေးဘူး။ ကမ္ဘာမှာ ဖိနှိပ်မှုတွေ၊ ကျူးကျော်မှုအသစ်တွေ သွေးစုပ်မှုတွေ ရှိနေသေးတယ်။ အဲဒီတော့ အဖိနှိပ်ခံတွေကို ထားသွားဖို့ စိတ်မချနိုင်ဖြစ်နေလို့ ခုလို အိမ်နီးနားချင်း ချေဂွေဗားရားတွေကို အကူအညီတွေ လိုက်လုပ် ပေးနေရတယ်လို့ တလွဲလိုရာ ထင်မှတ်ပြောဆိုနေကြရင် ခက်မယ်။ အဲဒါကြောင့် သူ့ခရဇီတွေစုပြီး ဆွမ်းကပ် အမျှဝေမယ့်အစား ချေဂွေဗားရားရဲ့တန်ဖိုးကို အသေအချာ သိဖို့ လိုအပ်နေပြီပေါ့။ အဲဒီလိုမှမလုပ်ရင်တော့ ကျနော်တို့ဆီက အိမ်နီးနားချင်း ဆေးမင်ကြောင် ချေဂွေဗားရားတွေကြောင့် သူရဲကောင်း ချေဂွေဗါးရား အစစ်ခမျာမှာ မသက်သာ ….။

ခန့်အောင်

Read More...

Monday, September 1, 2008

အရက်သောက်ရင် ယူအန်လျှောက်မယ်

http://www.naytthit.com ..... မှ

ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း ကျနော်တို့ကျောင်းသားလူငယ်တွေ တောထဲတောင်ထဲကို ရောက်လာခဲ့ကြပြီး အဲဒီကမှ အကြောင်းအမျိုးမျိုးနဲ့ အကြောင်းကြောင်းကြောင့် တတိယနိုင်ငံတွေမှာသွားပြီး အခြေချဘို့ဖြစ်လာ ကြတယ်မဟုတ်လား။
အစပိုင်းတုန်းက ယူအန် ဒုက္ခသည်အဖြစ်လျှောက်တယ်ဆိုတာ ဗန်ကောက်မှာပဲရှိတာ အဲဒီတော့ ဒုက္ခသည်လျှောက်ချင်ရင် ဗန် ကောက်တက်ကြရတယ်။ ယူအန်ရုံးက လက်ခံတယ်ဆိုရင် ဘတ်ငွေ ၃၀၀၀ ရမယ်။ နေစရာကတော့ ကိုယ့်ဟာကိုယ်ငှားနေပေါ့။ ဒီလိုနည်းနဲ့ ဗန်ကောက်ထဲမှာ ဗမာပြည်က ကျောင်းသားလူငယ်တွေ ပြန့်နှံ့နေကြတယ်။

နောက်ပိုင်း ထိုင်းအစိုးရနဲ့ယူအန်က ဗန်ကောက်ထဲမှာ ဗမာပြည်သားတွေအတွက် မနီလွိုင်း ဒုက္ခသည်စခန်းဆိုတာဖွင့်လိုက်တယ်။ ဗန်ကောက်မှာ ဒုက္ခသည်အဖြစ်တင်ထား သူလျှောက်ထားသူးမှန်သမျှ ဒီစခန်းကိုဝင်ကြရတယ်။ ဒီစခန်းက နေစရာ စားစရာပေးမယ် အသုံး စားရိတ်အဖြစ်ငွေနည်းနည်းပေးတယ်။ ဒီစခန်းကိုဝင်တဲ့ ဒုက္ခသည်ကိုပဲ တတိယနိုင်ငံထွက်ဘို့ စဉ်းစားပေးမယ်ဖြစ်လာတယ်။ အဲဒီတော့ ထိုင်းနိုင်ငံကို နည်းပေါင်းစုံနဲ့ရောက် နေတဲ့သူတွေရော ကျနော်တို့ကျောင်းသားလူငယ်တွေပါ ယူအန်ဒုက္ခသည်အဖြစ်ခံယူချင်ရင် မနီလွိုင်း စခန်းကိုဝင်ကြရတယ်။ နယ်စပ်က လျှောက်ချင်တဲ့သူတွေကလည်း နယ်စပ်နဲ့နီးတဲ့မြို့တွေကနေတဆင့် ဗန်ကောက်ကိုတက်ကြတယ်။
အဲဒီအချိန် လူတွေက တက်ကြွတဲ့အရွယ်တွေလေ လုပ်မယ်ဆိုလဲဇွတ်ပဲ မလုပ်ဘူးဆိုလဲ အရှင်းဒိုးမယ်ဆိုလဲမြန်တယ်။ တခုခုလုပ် တော့မယ် ဆုံးဖြတ်တော့မယ်ဆိုရင် လှည့်ကြည့်စရာ အတွယ်အတာတွေ ချိုင့်တွေအဆင့်တွေ မရှိသေးဘူး။ ခုတော့ အချိန်တွေကြာလာတာ နဲ့အမျှ အိမ်ထောင်တွေကျ သားသမီးတွေရ အရင်လို ဒုန်းဒုန်းဒိုင်းဒိုင်းလုပ်မရတော့ဘူးလေ တခုခုလုပ်တော့မယ်ဆို အတွေစအမျှင်တန်းတွေ တသီတတန်းနဲ့ပေါ့။
၂၀၀၃/၂၀၀၄ ကာလမှာ ယူအန်ဒုက္ခသည်ရုံးတွေဟာ ထိုင်းနယ်စပ်မြို့တွေထိရောက်လာကြတယ်။ နယ်စပ်ကလူတွေရော ဒုက္ခ သည်စခန်းမှာ နေထိုင်နေတဲ့လူတွေပါ ဒုက္ခသည်အဖြစ်နဲ့ တတိယနိုင်ငံသွားချင်တယ်ဆိုရင် ယူအန်ရုံးရှိတဲ့နယ်စပ်မြို့တွေမှာ သွားရောက် နေ ထိုင်ပြီးဆက်သွယ်ကြတယ်။ တတိယနိုင်ငံထွက်ခွင့်ရရင်လည်း သွားကြပေါ့။ အရင်လို ဗန်ကောက်ရောက်အောင် သွားစရာမလိုတော့ဘဲ နယ် စပ်မြို့တွေမှာတင် ကိစ္စပြီးတဲ့အတွက် အလွန်အဆင်ပြေတယ်လေ။ ဒုက္ခသည်အဖြစ်လျှောက်တဲ့လူတွေထဲမှာ နယ်စပ်ဒုက္ခသည်တွေ တောထဲ ကရဲဘော်တွေချည်းမဟုတ်ဘူး။ နယ်စပ်မြို့တွေမှာ နေထိုင်နေကြတဲ့ လူတွေပါလျှောက်ကြတာ။ တောထဲကရဲဘော်တွေ နယ်စပ်ဒုက္ခသည် ခန်း လူတွေကတော့ ရှင်းတယ် ယူအန်လျှောက်တဲ့ရည်ရွယ်ချက်ကိုက တတိယနိုင်ငံသွားမှာဖြစ်တယ်။ မြို့ပေါ်က ဒုက္ခသည်အဖြစ်လျှောက်တဲ့ လူတွေထဲမှာတော့ တတိယနိုင်ငံကို သွားချင်ကြတာလဲပါတယ်။ ထိုင်းရဲအဖမ်းမခံရအောင် လျှောက်ထားချင်တာလဲပါတယ်။ ထိုင်းရဲက စစ် လားဆေးလားနဲ့ရစ်လာရင် ယူအန် ဒုက္ခသည် လက်မှတ်ပြလိုက်တာနဲ့ နည်းနည်းတော့သက်သာတယ်။
အရင်တုန်းက လူတွေက တကိုယ်တည်းသမားတွေမဟုတ်လား။ လုပ်စရာရှိရင် ပြတ်ပြတ်ပဲ။ ခုတော့အိမ်ထောင်တွေနဲ့။ ယူအန် လျှောက်ထားတော့လည်း ကိုယ်တယောက်တည်း မဟုတ်တော့ဘူး။ အတွယ်အတာတွေနဲ့လေ။ တတိယနိုင်ငံကို ကိုယ်ကမသွားချင်တောင်မှ ကိုယ့်ရဲ့မိန်းမက သွားချင်းရင်သဘောထားခွဲပြီးသွားပေးလို့ရတယ်။ ကိုယ့်သားသမီးကလည်း အသက် ၁၈ နှစ်ပြည့်ရင် ခွဲပြီးသွားချင်သွားလို့ရ နေတယ်။ ကိုယ်မလိုက်လည်း မိန်းမက “ဘိုင့်ဘိုင်” လုပ်ပြီး လစ်သွားလဲဖြစ်နေတဲ့အခြေအနေ။
၂၀၀၅ ခုနှစ်နောက်ပိုင်းမှာတော့ တရားဝင် ဒုက္ခသည်ဖြစ်ရေးနဲ့ တတိယနိုင်ငံသွားအခြေချရေးတွေဟာ နယ်စပ်ဒုက္ခသည်စခန်း တွေထဲထိရောက်လာတယ်။ အဲဒီအချိန်မှာတော့ ယူအန်ဒုက္ခသည် ဖြစ်ချင်သည်ဖြစ်စေ မဖြစ်ချင်သည်ဖြစ်စေ ဒီစခန်းတွေမှာနေမယ်ဆိုရင် တရားဝင်ဒုက္ခအဖြစ် အသိမှတ်ပြုခံထားရသူမှ နေထိုင်ခွင့်ရှိတယ် တတိယနိုင်ငံသွားပြီး အခြေချဖို့ သဘောထားပေးပိုင်ခွင့်ရှိတယ်။ ဒီလိုနဲ့ပဲ စခန်းတွင်းမှာ နေထိုင်နေကြတဲ့လူတွေအားလုံး တရားဝင်ဒုက္ခတွေလည်းဖြစ် တတိယနိုင်ငံကိုသွားခွင့်ရှိသူတွေလည်း ဖြစ်ကုန်ဆိုပါတော့။ ခု ကာလက တတိယနိုင်ငံကိုသွားပြီး အခြေချဘို့ အခွင့်အရေးတွေရကြတော့၊ တအိမ်ထောင်တည်းမှာပဲ တယောက်ကသွားမယ် တယောက်က မသွားဘူး။ လင်မယားနှစ် ယောက်စလုံးကသွားချင်တာတောင် ယောက္ခမလုပ်သူက ငါသေမှပဲသွားလို့ ဆိုတာမျိုးတွေ လည်းရှိသေးတယ်။
အရင်က ကျနော်တို့အိမ်ထောင်ရေးတွေမှာ ယောက်ကျားနဲ့မိန်းမ စကားများတာပဲဖြစ်ဖြစ် ရန်ဖြစ်တာပဲဖြစ်ဖြစ် ရက်အတော်ကြာ တယောက်နဲ့တယောက် စိတ်ဆိုးစိတ်ကောက်ပြီး စကားမပြောဘဲနေကြရုံပဲ။ ယောက်ကျားကိုစိတ်တိုင်းမကျတာ စိတ်တိုစရာတွေတွေ့ရင် ဆောင့်အောင့်ပြီး အိုးခွက်တွေကို ဂလုံးဂလွမ် လုပ်ပြီးအသံပေးလိုက်တယ် အဲဒီလောက်ပဲ။
နေညိုရင်ဖြင့် လေပြိုတတ်တဲ့ အပေါင်းအသင်းရောင်းရင်း ယမကာဆွေသဟာတိုင်း “ညမူကလိုး” နဲ့ အဖေါ်လုပ်ရမြဲလေ။ ကျနော် တို့နေတဲ့စခန်းထဲမှာက “ညမူကလိုး” ဆိုတဲ့ တောအရက်ကလည်း ဈေးပေါတော့ ကျနော်တို့အဖွဲ့တွေနဲ့ အကိုက်ဖြစ်နေတာပေါ့။ ညနေစောင်း ပြီဆိုရင်ပဲ ပလပ်စတစ်အိတ်ထဲက အရက်ကို အချိုရည်ဗူးခွံကြီးထဲကိုထဲ့ အချိုရည် သုံးဘတ်တန်တဗူးနဲ့ရော လူလေးငါးယောက်ဝိုင်းထိုင်ပြီး ခွက်သေးတလုံးနဲ့ ပတ်ကြတယ်။ “ညမူကလိုး”အရှိန်ရလာတော့ တွေ့ကရာရှစ်သောင်းပြောရင်းနဲ့ ကမ္ဘာ့အရေး မြန်မာ့အရေး ဒုက္ခသည်အရေး၊ အရေးတကာ့အရေးတွေကို “ညမူကလိုး” နဲ့ မြည်းကြ အရက်ကုန်တော့ ကိုယ့်အိမ်ကိုယ်ပြန်ကြပေါ့။
အိမ်ရောက်တော့ မိန်းမမျက်နှာမကောင်းတော့ဘူး။ ဘယ်ကောင်းမလဲ မကြိုက်တာလုပ်လာတာကိုး။ အရင်က ဒီလိုအခြေအနေ ဖြစ်လာရင် စိတ်ကောက်ပြီး နှစ်ရက်လောက် စကားမပြောပဲနေရောမဟုတ်လား။ ဒီညတော့ မိန်းမပြောလာတာက … “တော် ဒီအရည်တွေ သောက်နေအုံးမယ်ဆိုရင် ကျမယူအန်တင်ပြီး နိုင်ငံခြားသွားမယ်” ဟု ပြောလာပါတော့တယ်။ ယူအန်တင်မယ်အသံကြားလိုက်တာနဲ့ ဆံပင် တွေဘာတွေထောင် အမူးတွေဘာတွေပျောက်ပေါ့။ ဒီကိစ္စကအလွန်အရေးကြီးတယ်လေ မြန်မြန်ရှင်းရမယ်။
“မိန်းမနဲ့ကွာ မသောက်နဲ့တော့ဆိုလည်း ရပါတယ်ကွ မင်းတင်မယ့် ယူအန်ကြီးတော့ မလုပ်လိုက်ပါနဲ့ကွာ” ဟု မိန်းမကိုသွက်သွက် ကလေးချော့လိုက်ရတယ်။ မသောက်တော့ဘူးလို့ ကတိပေလိုက်ရတော့ ညမူကလိုးနဲ့ ဝေးရမယ့်အရေး စိတ်လေးနေမိတယ်။ တော်တော်နဲ့ လည်းအိပ်မပျော်နိုင်ဘဲ တောင်တွေးမြောက်တွေး စဉ်းစားစရာ အမျှင်တန်းတွေ ခေါင်းထဲရောက်လာတယ်။
ကျနော်တို့တွေ ကျနော်တို့တွေ နအဖရဲ့ တိုင်းပြည်အပေါ် လူထုအပေါ်ကိုစနစ်တကျ ယုတ်မာခဲ့ပုံတွေကို အသံနဲ့တမျိုး ဓါတ်ပုံနဲ့ တသွယ် သတင်းနဲ့တဖုံ ဗွီဒီယိုနဲ့တနည်း နောက်ဆုံးခံစားခဲ့ရသူကိုယ်တိုင်တွေ့ဆုံမေးမြန်းနည်းနဲ့တချိမ့် ဒီလိုနည်းပေါင်းစုံနဲ့ တကမ္ဘာ လုံးကိုရော ယူအန်ကိုပါသိအောင် ယူအန်အနေနဲ့ နအဖကို အရေးယူဖိအားတွေပေးလို့ရအောင် နည်းအမျိုးမျိုးနဲ့တင်ပြခဲ့ကြတယ်မဟုတ်လား။
နအဖ က ယူအန်ကိုအရေးမစိုက်တဲ့အပြင် ရှစ်လေးလုံးအရေးတော်ပုံကြီးကို ပစ်ခတ်နှိမ်နင်းပြီးတဲ့နောက် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှု ဒီပဲရင်အရေးအခင်း ရွှေဝါရောင်တော်လှန်ရေး စသည့် ရဟန်ရှင်လူကျောင်းသားပြည်သူ လှုပ်ရှားမှုများကို နှိမ်နင်းရင်း ထပ်ခါထပ်ခါ ညှဉ်းပမ်းသတ်ဖြတ် ဖမ်းဆီးမှုတွေကို ဆက်လက်လုပ်ပြနေဆဲပါ။ နအဖ ကတော့ ယူအန်ကို မကြောက်ရေးချမကြောက်။ ခုတော့ နအဖ က ယူအန်ကိုမကြောက်ရပဲ ယူအန်ကို နအဖ က အရေးစိုက်လာအောင်လုပ်ခဲ့တဲ့ ကြိုးစားခဲ့ကြတဲ့ ကျနော်တို့သာ ယူအန်နဲ့ အနီးကပ်ချိမ်းခြောက် တာကိုခံနေရပါရောလား။ နဖူးပေါ်လက်တင်စဉ်းစားလိုက်တာ မိုးလင်းတာတောင်သတိမထားမိလိုက်ဘူ့။ “တုံ” “တုံ” “တုံ” “တုံ” “တုံ” “တုံ” ရပ်ကွက် ဂိုဒေါင်ဘက်က တုံးခေါက်သံကြားရတယ်။
“ယောက်ကျားရေ … ဒီနေ့ဆန်ထုတ်မယ်ထင်တယ်တော့ ဂိုဒေါင်မှာတုံးခေါက်နေပြီ”

(ခန့်အောင်)

Read More...

Friday, August 22, 2008

ရေလည်းမနောက်စေချင် ငါးလည်းမမူးစေချင်

ခန့်အောင် ... http://www.naytthit.com မှ

ကျနော် အိမ်ထောင်ကျတော့ ကျနော့်အသက်က ၂၅ နှစ်။ အခုဆိုရင်ပဲ သားကြီးက ၁၂ နှစ်တောင်ရှိပြီ။ ၄ တန်း တက်နေတယ်။ ကျနော်ကတော့ အဖွဲ့အစည်းက တာဝန်ပေးချက်နဲ့ မြို့ပေါ်မှာနေရတယ်။ တခါ တလေလောက်ပဲ မိန်းမနဲ့ကလေးတွေနေတဲ့ရွာကို ပြန်ရောက်ဖြစ်တယ်။ မြို့နဲ့ရွာကို ဆိုင်ကယ်နဲ့ အသွား အလာလုပ်ရတယ်။ သွားရလာရလွယ်ကူအောင် ဆိုင်ကယ်တစီးလဲ ၀ယ်သုံးရသေးတယ်။ မြို့က အလုပ်တွေ တာဝန်တွေကို လုပ်နေရတယ်ဆိုတော့ ရုံးနဲ့၊ဖုံးနဲ့၊ ကွန်ပြူတာအင်တာနက်နဲ့ပေါ့ဗျာ။

မြို့မှာ ရုံးအဖြစ်နဲ့ အိမ်တလုံးလဲ ငှားထားရသေးတယ်။ ငှားနေတဲ့အိမ်က အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း၊ ဘိုထိုင်အိမ်သာခွက်ပါတဲ့ အိမ်သာခန်းလဲ ပါသပေါ့။ မနေနိုင်မထိုင်နိုင်နဲ့ အိမ်ရှေ့ မှာလည်း ဂမုန်းပင်တွေ၊ ပန်းပင်တွေ စိုက်ထားလိုက်သေး တယ်။ ကိုယ်ငှားနေတဲ့အိမ်ကို အပြင်ကနေ လူစိမ်းတယောက် ကြည့်တဲ့အကြည့်မျိုးနဲ့ တခါမှ ဂရုတစိုက် ပြန်မကြည့်မိခဲ့ဖူးပါဘူး။ တခါတလေ ဧည့်သည် တွေ လာလည်ရင် အိမ်ရှေ့ဆင်ဝင်အောက်မှာ ဆိုင်ကယ်တွေ စက်ဘီးတွေ သုံးလေးစီးဖြစ်နေတတ်သေး တယ်။ တခါတရံ ဧည့်သည်လာလည်လို့ ကားငှားရမှာစိုးရိမ်ပြီး ကားကို ကိုယ့်အိမ်ကိုယ်မထားကြဘဲ ကျနော် တို့အိမ်မှာ လာအထားခံရတဲ့ အခါမျိုးလည်း ရှိတတ်သေးတယ်ပေါ့။

လမ်းထဲက စက်ချုပ်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမတွေကတော့ အိမ်ရှေ့ကဖြတ်သွားတိုင်း အိမ်ကို ကြည့် ကြည့်သွားကြတယ်။ သူတို့က ကျနော်တို့လို ဗမာပြည်သားတွေ။ ဟိုဘက်မှာ လုပ်ကိုင်စားရတာ အခြေအနေမကောင်းလို့ ဒီဘက်မှာ အလုပ်လာလုပ်နေကြတာ။

အိမ့်ရှေ့က ဖြတ်လျှောက်သွားတဲ့ အလုပ်သမတွေက မနက်ဆိုရင် ရှစ်နာရီ၊ နေ့လည် ဆယ့်နှစ်နာရီ၊ ညနေ လေးနာရီ ခြောက်နာရီ အဲ့ဒီအချိန်တွေမှာ အမြဲပဲ ကျနော်တို့အိမ်ရှေ့ကနေ အလုပ်ဆင်းအလုပ်ပြန် ဖြတ်ဖြတ် သွားနေကျ။ ည ဆယ်နာရီ ဆယ့်တစ်နာရီအချိန် သူတို့ဖြတ်သွားတဲ့ အသံတွေကို အိပ်ယာထဲကနေ ကြား နေကျ။

ကျနော်တို့အိမ်ကို တခါတလေ လာလည်တတ်တဲ့ ဧည့်သည်တယောက်လဲ ရှိသေးတယ်။ သူကတော့ အသက် ငါးဆယ်လောက် ရှိတဲ့ အဒေါ်ကြီးတဦးပါ။ သံချေးတက်နေတဲ့ ဂျပန်လုပ် စက်ဘီးကိုစီးပြီး အိမ်ကို လာတတ်တယ်။ ကွမ်းကလဲ အမြဲဝါးတဲ့ပုံစံပါပဲ။ သူလာပြီဆိုရင် ကြားနေကျအသံကတော့

“ဆရာတို့ ပုလင်းတွေ ရှိလား” တဲ့။

သူမေးတာက ပုလင်းတခုတည်းကို မေးတာမဟုတ်ဘူး။ ကျနော်တို့အိမ်က စွန့်ပစ်မယ့် ပစ္စည်းအမှိုက်တွေ ထဲက အမှိုက်စက်ရုံကို ပြန်ရောင်းလို့ရတဲ့ ပစ္စည်းတွေကို ယူလို့ရမလားဆိုတဲ့ အဓိပ္ပါယ်ပါ။ စွန့်ပစ်မယ့် ပစ္စည်း တွေထဲ သူစိတ်ဝင်စားတာတွေကတော့ စက္ကူဖာအစုတ်အပြဲ၊ စက္ကူစုတ်၊ အရက်ပုလင်း၊ ဘီယာပုလင်း၊ ပလပ်စတစ်ဗူးခွံ။ အဲဒီပစ္စည်းတွေကို တောင်းလို့ရတာတောင်းတယ်၊ လမ်းထောင့်တွေမှာ ထောင်ထားတဲ့ အမှိုက်ပုံးတွေကို အားရပါးရ ရှာဖွေမွှေနှောက် ကောက်လို့ရတာ ကောက်တယ်။ ဒါတွေကို စုပြီး အမှိုက် စက်ရုံမှာ အလေးချိန်နဲ့ပြန် ရောင်းတယ်။ အဲဒီက ရတဲ့ငွေနဲ့ ရပ်တည်စားသောက်နေကြတယ်လေ။ တခါ တလေ ဈေးထဲမှာ သွားရင်းလာရင်းနဲ့ အဲဒီအဒေါ်ကြီးကို လင်ဗန်းတခု ရှေ့ချပြီး ထိုင်နေတာကို တွေ့ရ တတ်တယ်။ လင်ဗန်းထဲမှာတော့ ကျနော်တို့နေတဲ့ ရပ်ကွက်ဘေးက ရေအိုင်တွေ၊ လယ်တွေထဲက လယ်ခရု လုံးတွေကို အခွံခွါ အပုံလေးတွေပုံပြီး ထိုင်ရောင်းနေတာ။ တခါက သူ့ကို ကျနော် မေးကြည်ခဲ့ဖူးတယ်။

“ဘာအလုပ်လုပ်လဲ” လို့မေးတော့ သူက ကျနော့်ကိုခပ်တည်တည်နဲ့ဖြေတယ်။
“အရင်းမဲ့ စီးပွားရေးလုပ်ငန်း” တဲ့လေ။

ဒါ ကျနော်တို့အိမ်ကို လာလည်တတ်တဲ့ မိတ်ဆွေတယောက်အကြောင်းနဲ့ ရပ်ကွက်ထဲမှာ နေ့စဉ်မြင်တွေ့ ကြုံဆုံနေရတဲ့ မြင်ကွင်းတွေပေါ့ဗျာ။

ကျနော်က မြို့မှာ အိမ်နဲ့၊ ရုံးနဲ့ အတည်တကျလို ဖြစ်နေတယ်။ မြို့မှာ အနေများလာတယ်ဆိုတော့ မိသားစုနဲ့ အနေကျဲလာတယ်။ သားအကြီးကလည်း ဒီနှစ်ကျောင်းဖွင့်ရင် မြို့မှာ ကျောင်းနေချင်တယ် ပူဆာလာတာနဲ့ သူ့တယောက်လောက်နဲ့တော့ ကိစ္စမရှိလောက်ဘူးဆိုပြီး ဒီနှစ်တော့ သားအကြီးကောင်ကို မြို့ခေါ်ပြီး ကျောင်းထားလိုက်တယ်။ ကျောင်းတက်တော့ လေးတန်းကနေ စတက်ရတယ်။ ကျောင်းသွားကျောင်းပြန် ကတော့ ကျောင်းဖယ်ရီကားနဲ့ပေါ့။ မနက်လင်းတာနဲ့ သူ့ဟာသူ ထမင်းချက်၊ ဟင်းတထုပ်ဝယ်၊ ရေချိုး၊ ထမင်းစား၊ အ၀တ်အစားလဲပြီး ကျောင်းကားလာရင် ကျောင်းသွားတယ်။ တခါတလေ ကျောင်းကား နောက်ကျရင် ကျနော်က အကြိုအပို့လုပ်ပေးရတာလဲ ရှိတတ်တယ်။ ညနေ ကျောင်းကပြန်လာရင်လဲ ငါးနာရီလောက်မှ ပြန်ရောက်လာတတ်တယ်။ ရောက်တာနဲ့ ရေချိုး၊ အ၀တ်လျှော်၊ ထမင်းစားပြီး စာကျက်။ ဒီလိုနဲ့ အိပ်ချိန်ရောက်တော့တာပါပဲ။ စနေ၊ တနင်္ဂနွေနေ့တွေမှာ သူ့ကို ဆော့ချိန်လုပ်ပေးထားတယ်။ သူလဲ သူ့ဟာနဲ့သူ လည်ပတ်နေရောပဲ။

ရွာက သူ့အမေဆီ ကျနော်ပြန်တဲ့အခါဆိုရင် သူ့အတွက်မုန့်ဘိုးကို ရက်နဲ့တွက်ပေးခဲ့ပြီး ရုံးကရဲဘော်တွေနဲ့ အပ်ခဲ့ပြီး ပြန်လာခဲ့ရတာပေါ့။ ဒါတောင် ဖုန်း ခဏခဏဆက်ပြီး ရေချိုး၊ ထမင်းစား၊ အ၀တ်လျှော်၊ စာကျက် ဆိုတာတွေကို လှမ်းလှမ်း မှာနေရသေးတယ်။

ကျနော်က အိမ်ကို တလတခေါက်လောက်တော့ ပြန်ဖြစ်တယ်။ တခေါက်တော့ ကျနော်မြို့ကိုပြန်ရောက် တုန်း ကျနော်တို့ဥက္ကဋ္ဌနဲ့ သွားတွေ့ပြီး အခြေအနေလေးဘာလေး မေးမြန်း။ ကိုယ့်အခြေအနေလဲ ပြောပြပေါ့။ စကားပြောနေကြရင်းနဲ့ စကားလမ်းကြောင်းက ကျနော့်သားဆီကို ရောက်သွားတယ်။ ဥက္ကဋ္ဌကပြောတယ်။

“မင်းသားကွာ တော်တော်ဆိုးတဲ့ကောင်”

“ဒီကောင် တကယ်မလွယ်တဲ့ကောင်ကွာ” ဟု ဥက္ကဋ္ဌက ညည်းပြောပြောတော့ ကျနော်လဲ ပူထူသွားတာပေါ့။ ဒီကောင် ဘာမွှေထားပြန်သလဲပေါ့။ ကျနော်က ပြန်မေးလိုက်တယ်။

“ဘာဖြစ်လို့လဲ ဥက္ကဋ္ဌ”

“မင်းသားလေ ငါ့ကို လူကြားထဲမှာ ဥက္ကဋ္ဌကြီးလို့ခေါ်တယ်ကွာ၊ ငါကလည်း ဒီကောင်က ငါ့ကိုဥက္ကဋ္ဌ လို့ခေါ်တယ်ဆိုတော့ ဒီကောင် တယ်ဟုတ်ပါလားပေါ့ စိတ်ထဲထင်နေတာ။ နောက်တအောင့်လောက် ကြာ တော့မှ ဒီကောင် ဘာစိတ်ကူးပေါက်တယ်မသိဘူး ငါ့ကို ဥက္ကဋ္ဌကြီး ယောက္ခမကြီးလို့ ထပ်ခေါ်ပြီး ထွက်ပြေး သွားတယ်။ ဒီကောင်တော့ မလွယ်ကြောပဲဟေ့” ဟု ဥက္ကဋ္ဌ မှတ်ချက်ပေးလိုက်တယ်။ ကျနော်လဲ သွားလိုက် လာလိုက်နဲ့ ကျနော်သားကို မျက်ခြည်ပြတ်သွားတယ်။ မြို့မှာနေပြီး ရပ်ကွက်ထဲမှာ ဒီကောင် အခြေအနေ တိုးတက်နေတာ သတိမထားမိလိုက်ဘူး။

တနေ့တော့ သူကျောင်းသွားနေတုန်း သူ့အ၀တ်အစားထည့်တဲ့ အံဆွဲကို မွှေလိုက်တော့ စာတစောင် ထွက် လာတယ်။ စာက ခလေးလက်ရေးနဲ့ ရေးထားတဲ့ကလေးရည်းစားစာပါ။ သေချာကြည့်လိုက်တော့မှ ကလေး မလေး တယောက်က သူ့ဆီကို ရေးတဲ့စာဖြစ်နေတယ်။ စာထဲမှာ ကလေးမလေး ရေးထားတာတွေက ခလေးလက်ရေးဆိုတော့ အတော်ကလေးဖတ်ယူရတယ်။ ရည်းစားစာတို့ ထုံးစံအတိုင်း ပါပဲ။

“သို့”
“ဘယ်သူဘယ်ဝါ”
“ဘာညာ” နဲ့ အစချီထားတာပေါ့။ စာကို ကြိုးစားပြီး ဖတ်နေရင်းနဲ့ စာအလယ်လောက်ရောက်တော့ ကျနော် မျှော်လင့်မထားတဲ့ အရာတခုသွားတွေ့တယ်။ ကောင်မလေးရေးတာက
“နင့်ကို ငါမချစ်နိုင်ဘူး” တဲ့
“ဘာဖြစ်လို့လဲဆိုတော့ နင်ကသူဌေးသား” တဲ့
အဲဒီလို ကလေးမလေးက သုံးသပ်ပြီး ရေးထားတယ်။ ကျနော်လည်း စာကိုဖတ်နေရင်းနဲ့ ရယ်ရမလို၊ ငိုရမလို၊ ၀မ်းသာရမလို၊ သူဌေးအထင်ခံရလို့ ထပဲ က ရတော့မလို ဖြစ်သွားတယ်။

ကိုယ့်တာဝန်တွေ၊ အလုပ်တွေကို သွားလာလုပ်ကိုင်နေရင်းနဲ့ ကိုယ့်သား ဘာဖြစ်နေတယ်ဆိုတာ ပြန် မကြည့်ဖြစ်၊ သတိမထားဖြစ်မိခဲ့ဘူး။ ကျနော့်သား ကြိုက်နေတဲ့ ကလေးမလေးရေးတဲ့ ရည်းစားစာ၊ ပြန်စာ ဖတ်မိတော့မှပဲ ဟ… ငါ သူဌေးဖြစ်နေပါပေါ့လားပေါ့။ စာကိုဖတ်ပြီး ဟိုးခပ်လှမ်းလှမ်းက လယ်ကွင်းတွေ ဘက်ကို လှမ်းကြည့်လိုက်တော့ လယ်ကွင်းထဲမှာ ကလေးတအုပ် အိုင်ပက်ပြီး ငါးဖမ်းနေတာ တွေ့ရတယ်။ အိုင်ပက်လို့ ရေနည်းသွားတော့ ကျန်တဲ့ရေအချို့နဲ့ ဗွက်တွေကို ရေထောက်တွေနဲ့ လိုက်ရမ်း မွှေနှောက် ကြပြီး ခေါင်းလေးတွေ ပေါ်လာတဲ့ငါးတွေကို ကုန်းပေါ်ကို ဆယ်ဆယ်ပြီး ပစ်တင်နေကြတယ်။ ကျနော် သက်ပြင်းချလိုက်မိတယ်။ ကျနော် ချလိုက်တဲ့ သက်ပြင်းရှည်ဟာ အဲဒီ ငါးပက်နေတဲ့ ကလေးတွေ ရဲ့ ဘ၀အမောကနေ တိုက်ရိုက်စီးဆင်းလာသလိုပဲ။ အင်း… ငါးကလေးတွေ ဆီကလည်း ဖြစ်နိုင်ပါတယ်…။

Read More...

Saturday, August 16, 2008

ပုစွန်ဆိတ် ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ် နှင့် ခွပ်ဒေါင်းစစ်သည် ဘယ်ညာချီ …

(ခန့်အောင်)
http://www.naytthit.com ...မှ


အချိန်က ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံအပြီး န၀တ(နအဖ) စစ်အုပ်စုကို လက်နက်ကိုင် ပြန်တိုက်မယ် ဆိုပြီး တက်ကြွတဲ့လူငယ်များဟာ ဗမာပြည်ရဲ့ အရှေ့ဘက် လူမျိုးစု လက်နက်ကိုင် ဒေသတွေကို ရောက်ရှိ နေချိန်ပါ။ စစ်အုပ်စု နအဖကိုလက်နက်ကိုင်ပြီး တိုက်ပစ်မယ်ဆိုတဲ့ စိတ်ကူးပုံဖေါ်မှု အမျိုးမျိုးနဲ့လေ။ ကျနော် ဆိုရင်လဲ နှစ်ပတ်လောက် သင်တန်းတက်ပြီး ကျနော်တို့နယ်ဘက်မှာ ပြန်ချမယ်လို့ စိတ်ကူးထားတာ။

ဒီလိုနဲ့ တောထဲမှာ စစ်သင်တန်းတွေ တက်ကြပါပြီ။ သင်တန်းပေးတဲ့ ဆရာတွေက အရေးတော်ပုံမှာ ပြည်သူ လူထုဘက်က ရပ်တည်ခဲ့ကြတဲ့ မျိုးချစ်စစ်သည်တွေ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ လူမျိုးစုမဟာမိတ် တပ်ဖွဲ့တွေက စစ်သင်တန်းပေးပါတယ်။ သင်တန်းမှာ ၀တ်စရာ စစ်ယူနီဖေါင်းကမရှိသေးတော့ ဘောင်ဘီ ရှည် ၀တ်တဲ့သူက၀တ်၊ တချို့က ဘောကန်ဘောင်းဘီတို၊ ပုဆိုး၊ စကတ်၊ ထမီ အစုံပဲဝတ်ပြီး သင်တန်း တက်ကြတယ်။ စစ်သင်တန်းမှာ သေနတ်ကလည်း ကိုင်းစရာမရှိတော့ ၀ါးရင်းတုတ်ကိုင်ကြတယ်။

သင်တန်းရိက္ခာတွေကတော့ မျှစ်နဲ့ ငှက်ပျောအူစားရတဲ့နေ့က ခပ်များများပါ။ မြို့ပေါ်ကနေ တောထဲလာ အစာဆင်းရဲ၊အနေဆင်းရဲကြပေမယ့် ကိုယ်လုပ်ချင်တာကို လုပ်နေရတော့ ဒုက္ခ ဆင်းရဲတွေကို ရယ်စရာ အဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ဒီလိုနဲ့ပဲ သင်တန်းတွေဆင်းခဲ့ကြ၊ တိုက် ပွဲတွေ ၀င်ခဲ့ကြတယ်။ ၁၉၉၀ ခုနှစ် ၀န်းကျင်လောက်မှာ အဘဦးအေးမြင့် တော်လှန်ရေးဒေသကို ရောက်လာတယ်။ အဘက ပြည်သူဘက်ကို ရပ်တည်ခဲ့တဲ့ မျိုးချစ်စစ်သားကောင်းတဦးဖြစ်ပါတယ်။ နအဖ စစ်အုပ်စုမှာ အမှုထမ်းနေစဉ်တုန်းက ဗိုလ် သင်တန်းကျောင်းကိုတောင်ကိုင်လာခဲ့သူ ဖြစ်ပါတယ်။ စည်း စနစ်ကြီးပြီး တိကျတဲ့နေရာမှာ နာမည်ကြီး ခဲ့သူပါ။ အဘ တော်လှန်ရေးဒေသကို ရောက် ရောက်ချင်းပဲ ကေအန်ယူ ဗိုလ်သင်တန်းတွေကို စိတ်အား တက်ကြွစွာနဲ့ ကူညီသင်ကြားပေး ပါတယ်။ အဘရဲ့ သင်တန်းတွေ၊ တိုက်ပွဲဖေါ်နည်းတွေ၊ ခံစစ်ထိုင်နည်း တွေဟာ အဲဒီကာလမှာ အလွန်အသုံးဝင်ခဲ့တယ်။

စစ်ပညာ မကျွမ်းကျင်ပဲ တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေကို အထူးစိုးရိမ်ပါတယ်။ အဲဒီစိုးရိမ်စိတ်နဲ့ပဲ ကျနော်တို့ကို အဘဦးစီးပြီး စစ်သင်တန်းတခု ပြုလုပ်ဖြစ်ခဲ့တယ်။ သင်တန်းတက်မယ့် သင်တန်းသားထဲက အဆင့်လိုက် သင်တန်းအကြပ်၊ အမှူးတွေခန့် သင်တန်းသားတပ်စုတွေဖွဲ့၊ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်တယ်။ အဘကတော့ သင်တန်းနည်းပြချုပ် လုပ်တယ်။

သင်တန်းမစခင် လေးငါးရက်အလိုလောက်ကစပြီး ဆံပင်တွေညှပ်ထားရပါတယ်။ ဆံပင်ညှပ်ရတော့လဲ တော်လှန်ရေးဒေသရဲ့ တခုတည်းသော ဆံသဆိုင်မှာ အလကား ညှပ်ရတာပါ။ ဆံသဆရာတွေက ဗမာ စကားကို သိပ်မပြောတတ်ကြပါဘူး။ ဆံပင်ညှပ်မယ့် သင်တန်းသားတွေက မြို့သားတွေလေ သိတယ် မဟုတ်လား။ ခုံပေါ်ထိုင်ပြီး ဆံသဆရာကို ဘာကေ၊ ညာကေ၊ ဘယ်မင်းသားကေပေါ့။ ဘေးက သိပ်မပြောင် နဲ့။ နောက်က နည်းနည်းရှည်ပေးပါ။ တောင်းဆိုတော့ တော်လှန်ရေး ဆံသဆိုင်က ဆရာကဆိုင်မှာ ချိတ်ထားတဲ့ မှန်တွေကို ဖြုတ်ပြီး သိမ်းလိုက်ပါတယ်။ ပြီးမှ စက်ကပ်ကြေးကိုယူပြီး တခေါင်းပြီးတခေါင်း အပီကြွေးလွှတ်လိုက်တယ်။ ညနေ သောင်ရင်းချောင်းမှာ ရေချိုးဆင်းချိန် အားလုံးပြန်ဆုံတော့မှ တယောက် ခေါင်း တယောက်လက်ညှိုးထိုး ဟားကြရတယ်။

မနက် လေးနာရီခွဲမှာ ၀ီစီသံကို စကြားရပါတယ်။ ၀ီစီသံကြားတယ်ဆိုရင်ပဲ ကမန်းကတန်းထ အိပ်ယာသိမ်း ပြီး တန်းစီတဲ့နေရာကို ရောက်အောင်သွားတန်းစီ၊ လူစုံမစုံစစ်ဆေး ပြီးတာနဲ့ ကြံ့ခိုင် ရေးအတွက် ပီတီပြေး ကြရပါတယ်။ ပီတီပြေးပြီး ဆန်ပြုတ်သောက်၊ ခဏနားပြီး စစ်ရေးပြ ၀င်ရတယ်။ စစ်ရေးပြလုပ်ရာမှာလည်း အဘကိုယ်တိုင် ကြီးကြပ်ပြီး သင်ပေးပါတယ်။ လမ်းလျှောက်ပုံ၊ သတိအနေအထားရပ်နေပုံကအစ ပုံစံ မကျကျအောင် ဆဲဆိုကြိမ်းမောင်း သင်ပါတယ်။ စစ်ရေးပြပြီးရင် နေ့လည်ထမင်းစားချိန် ဖြစ်ပါတယ်။ ထမင်းစားပြီး ခဏနားရတယ်။ ပြီးရင် စစ်နဲ့ပတ်သက်တဲ့ သဘောတရားတွေကို အဘကိုယ်တိုင် လက်ချာ ရိုက်တယ်။

သင်ပေးတာတွေကတော့စုံလို့ပဲ။ စစ်သားကောင်းတယောက်ရဲ့စိတ်ဓါတ်ကစပြီး လုံခြုံရေးကိစ္စ တိုက်စစ် နည်းဗျူဟာတွေ၊ မြေပုံဖတ်၊ လက်နက်ကြီးပစ်နည်းတွေအပြင် တခါတရံ တိုက်ပွဲပုံစံတွေပါ လက်တွေ့လုပ် ကြရတယ်။ ဒီသင်တန်းက တက်ခဲ့သမျှထဲမှာ အပင်ပန်း ဆုံးလို့ထင်တယ်။ မသိသေးတာတွေသိခဲ့တာလဲ အများကြီးပဲ။ သင်တန်းကာလကို သုံးလသတ်မှတ်ထားတယ်။ သုံးလပြည့်လို့ သင်တန်းဆင်းပွဲကိုလည်း သေချာလုပ်မယ်ဆိုတာ သတင်းကြားထားတယ်။ အဘဦးအေးမြင့်ပေးတဲ့ သင်တန်းဆိုတော့ သင်တန်း ဆင်းပွဲကိုလည်း သေသေချာချာ ခမ်းခမ်းနားနားလုပ်ချင်ကြတယ်။

သင်တန်းဆင်းရက် နီးတဲ့အခါကျတော့ အခမ်းအနားနေ့ကျရင် လုပ်ရမယ့် စစ်ရေးပြတွေပါ ကြိုတင်လေ့ ကျင့်မှုတွေပါ ထည့်လုပ်ပေးရတယ်။ အစီအစဉ်အကြမ်းပြင်းက သင်တန်းသား ရဲဘော်တွေက အခမ်းအနား လုပ်မယ့်ကွင်းထဲမှာ တန်းစီရပ်နေရမယ်။ တာဝန်ရှိလူကြီးတွေက အမှာစကားတွေပြောမယ်။ တာဝန်ရှိ လူကြီးက တပ်ကိုစစ်ဆေးမယ်။ နောက်ဆုံးတခုက သင်တန်းစစ်ကြောင်းက တာဝန်ရှိလူကြီးကို ချီတက် အလေးပြုမယ် ဒီလောက်ပဲ။

အစီအစဉ်တွေထဲက နောက်ဆုံးအစီအစဉ်ဖြစ်တဲ့ ချီတက်အလေးပြုတဲ့အခါမှာ စစ်ကြောင်းမှူးရဲ့ `ချီတက်´ ဆိုတဲ့ အမိန့်သံဆုံးတာနဲ့ အရေးကြီးပြီသီချင်းကို အသံချဲစက်က ကွက်တိဖွင့်ပေးရမယ်။ အရေးကြီးပြီ သီချင်းရဲ့ အင်ထရို တီးလုံးအစမှာ…
`တော်.. တီ.. တော်.. တော်….. တော်.. တော်.. တော်.. တူ´
`ဒုန်း ဒုန်း ဒုန်း´ `ဒုန်း ဒုန်း ဒုန်း´
အဲဒီ `ဒုန်း ဒုန်း ဒုန်း´ စတာနဲ့ စစ်ကြောင်းက စလျှောက်ရမှာ ဖြစ်တယ်။ ကျန်တဲ့အစီအစဉ်တွေက အိုကေ နေပြီ။ ချီတက်အလေးပြု အစီအစဉ်တခုပဲ ထစ်နေတာ။ သီချင်းဖွင့်ပေးမယ့်လူရယ် စစ်ကြောင်းရယ် အမိန့် ပေးသံရယ် ကွက်တိဖြစ်ဖို့ အတော် လေ့ကျင့်ယူလိုက်ရတယ်။ ရဲဘော်တွေအားလုံးလဲ အကောင်းဆုံးဖြစ် အောင် စိတ်ကိုဆန့်ပြီး လိုက်လုပ်ပေးကြတယ်။

အသံချဲ့စက်ဖွင့်ဖို့ တာဝန်ယူထားတဲ့ ရဲဘော်ကလဲ သူလုပ်ရမယ့်တာဝန်ကို အပီလေ့ကျင့်တော့တာပေါ့။ သီချင်းတီးလုံးစတဲ့နေရာကို သေချာအောင် ခဏခဏပြန်ရစ်ပြီး ဖွင့်နားထောင်လိုက်။ ` တပ်ဖွဲ့…. ချီတက် ´ဆိုတဲ့အမိန့်ပေးသံကို အော်ပြီး ကက်ဆက်ခလုပ်ကိုနှိပ်ပြီး သီချင်းစဖွင့်လိုက်နဲ့ ကွက်တိဖြစ်အောင် အပြတ် လေ့ကျင့်နေတယ်။ ဒီပွဲမှာ သူက အခရာပဲမဟုတ်လား။ အဲဒီသီချင်းခွေကို ကက်ဆက်ထဲ အမြဲထည့်ပြီး လေ့ကျင့်နေရောပဲ။ အခွေ၊ ကက်ဆက်၊ ဓါတ်ခဲ အမြဲရယ်ဒီပြင်ထားတယ်။ သီချင်းဖွင့်ရမယ့်စက်က နားကြပ် ကက်ဆက်သေးလေးနဲ့ အသံချဲ့စက်ကို ဆက်သွယ်ပြီး ဖွင့်ရမှာဖြစ်တယ်။

အဲဒီရက်တွေက အသံချဲ့စက် တာဝန်ယူထားတဲ့ ရဲဘော်နားမှာ အိပ်တဲ့ရဲဘော်တွေကတော့ သင်တန်းဆင်းပွဲ မပြီးမချင်း အတော်လေးခံစားနေရတယ်။ အမိန့်ပေးလိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ရစ်လိုက်၊ အမိန့်ပေးလိုက်၊ ပြန်စဖွင့်လိုက်နဲ့ ဘာကို နားထောင်လို့ ထောင်ရမှန်း မသိတော့ဘူးပေါ့ ….
`တပ်ဖွဲ့….ချီတက်´
`ကလစ်´
`တော်…တီ…တော်…တော်´
`ဒုန်း..ဒုန်း..ဒုန်း´ `ဒုန်း..ဒုန်း..ဒုန်း´
`ဂျောက်´
`ကလစ်´
`ရှလွတ်…ရှလွတ်…ရှလွတ်´
` တပ်ဖွဲ့….ချီတက် ´ …
အဲဒီအသံတွေပဲ တနေကုန် ပတ်ချာလည်ပြီး ကြားနေရတာ …
သင်တန်းဆင်းပွဲ ချောချောမောမောနဲ့ အဆင်ပြေဖို့အတွက် လေ့ကျင့်နေတာဆိုတော့ ရဲဘော်တွေကလည်း သီးခံကြပါတယ်။

သင်တန်းဆင်းပွဲနေ့ မနက်စောစောမှာ အခမ်းအနား ပြင်ဆင်ရေး တာဝန်ရှိရဲဘော်တွေက အလုပ်တွေ ရှုပ်နေကြတယ်။ အချိန်ကလည်းစောသေးတော့ နှင်းတွေကလည်းကျနေတုန်းပဲ။ အခမ်းအနားစဖို့ကလည်း အချိန်က လိုသေးတယ်။ သင်တန်းသားရဲဘော်တွေ တာဝန်ရှိသူတွေ ကတော့ စကားတပြောပြောနဲ့ ကွင်း ဘက်ကို လျှောက်လာနေကြတယ်။ မဟာမိတ်ဧည့်သည် တွေလည်း တဖြည်းဖြည်း တွေ့လာရပါတယ်။ နေထွက်လာတယ်ဆိုရင်ပဲ နှင်းအကျလည်းကြဲသွားတယ်။ အခမ်းအနား ပြင်ဆင်ထားပုံက ခုမှ ပြတ်ပြတ် ထင်ထင် ပေါ်လာတယ်။ နောက်ခံမှာ ခွပ်ဒေါင်းအလံတော်တွေ စိုက်ထားတဲ့ စကားပြောစင်တခုရယ် ဘေး တဘက်တချက်မှာ …
`တော်လှန်ရေးသည်ငါတို့ကျောင်း ငါတို့တက္ကသိုလ်´
`တိုက်ပွဲဝင် အလံတော်ကို အမြင့်မားဆုံးလွှင့်တင်ကြ´ … ဆိုတဲ့ စာတန်းကြီးနှစ်ခုက နေရာယူထားတယ်။

အခမ်းအနားမှူးလုပ်သူရဲ့အသံ ထွက်ပေါ်လာပါတယ် ...
`သင်တန်းဆင်းပွဲအခမ်းအနား စတင်တော့မှာ ဖြစ်တဲ့အတွက် နေရာယူပေးကြပါခင်ဗျာ´ ဟု ကြေငြာလိုက် တယ် ဆိုရင်ပဲ စစ်ကြောင်းမှူးနဲ့သင်တန်းသားတွေက တန်းစီဖို့သတ်မှတ်ထားတဲ့ နေရာ၊ စကားပြောဖို့ တာဝန်ရှိတဲ့ လူကြီးတွေကလည်း သတ်မှတ်ထားတဲ့နေရာတွေမှာ နေရာယူကြပါတယ်။ အခမ်းအနားမှူးက သင်တန်းဆင်းပွဲ အခမ်းအနား အစီအစဉ်ကို ကြေငြာသွားပါတယ်။ အစီအစဉ်ရ တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အား အလေးပြုခြင်း၊ ကျဆုံးသွားသော အာဇာနည်များအား အလေးပြုခြင်းတို့ကို ပြုလုပ်ပြီး အစီ အစဉ်အတိုင်း တာဝန်ရှိလူကြီးများက အမှာစကားများ ကိုယ်စီပြောသွားကြပါတယ်။

ပထမ တာဝန်ရှိလူကြီးတဦး အမှာစကား ပြောသွားတဲ့အထဲမှာ မှတ်မိလိုက်တာတွေက နအဖ စစ်အုပ်စုကို လက်နက်ကိုင် တိုက်ပွဲနည်းဖြင့်သာအောင်နိုင်မယ်ဖြစ်ကြောင်း၊ တော်လှန်စစ်မှာ စစ်ခရီးစဉ်ကြီး သုံးခုရှိ ကြောင်း၊ အဲဒီအဆင့်သုံးဆင့်ကို ဖြစ်သန်းရမှာဖြစ်ကြောင်း၊ ရဲဘော်တွေအနေနဲ့ စိတ်ဓါတ်မကျဖို့၊ သီးခံစိတ်ရှည်ဖို့တွေပြောပြီး ဆင်းသွားပါတယ်။ အစီအစဉ်အရ တာဝန်ရှိတဲ့နောက်တဦး အမှာစကားတက် ပြောပါတယ်။ သူကတော့ သံတမန်ရေးတိုက်ပွဲ၊ လူ့အခွင့်အရေးတိုက်ပွဲ၊ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ၊ အဲဒီတိုက်ပွဲနည်းနာတွေဟာလည်း ဗမာပြည်တော်လှန်ရေးမှာ လွန်စွာမှ အရေးပါပြီးထိရောက်ကြောင်း ပြောပြီးဆင်းသွားပါတယ်။

စကားပြောဖို့ ကျန်နေသေးတဲ့ နောက်ထပ် တာဝန်ရှိသူတဦး ထပ်တက်လာပါတယ်။ သူကလည်း လက်နက် ကိုင်တိုက်ပွဲနည်းနာ၊ သံတမန်ရေးတိုက်ပွဲ၊ လူအခွင့်ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲ၊ အဲဒီလိုတိုက်ပွဲနည်းလမ်း ပေါင်းစုံနဲ့ ဆက်စပ်ပြီးလုပ်မှ အောင်မြင်မယ်ပြောပြီး ဆင်းသွားပါတယ်။

ကွင်းလယ်မှာ မတ်တတ်ရပ်ပြီး နာခံနေရတဲ့ ရဲဘော်တွေမှာ အဲဒီတာဝန်ရှိသူ သုံးဦးနဲ့ မတ်တတ်ရပ်ပြီး တိုက်ပွဲဝင်ရတာ သုံးနာရီလောက် ကြာသွားခဲ့ပြီမို့ ခြေထောက်တွေလဲ အတော်အီစိမ့်နေပါပြီ။ ဒါတောင် သူတို့ပြောတဲ့ တိုက်ပွဲနည်းနာတွေနဲ့ မပေါင်းစပ်ရသေးဘူး။ ရဲဘော်တွေခမျာ ငိုက်သလိုလို၊ မူးပြီး ပစ်လဲချင် သလိုလို ဖြစ်ကုန်ကြတယ်။ ပြောနေတာတွေကိုလည်း သေသေချာချာမကြားနိုင်တော့။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပစ်လဲမသွားအောင် ထိမ်းထားနိုင်ဖို့က အဓိကဖြစ်နေပါတယ်။

အစီအစဉ်အရ တပ်စစ်ဆေးမယ့် အချိန်ကို ရောက်လာပါတယ်။ စစ်ကြောင်းမှူးက အင်အားစာရင်း သတင်း ပို့ပါတယ်။ တာဝန်ရှိသူတဦးက တပ်မှူးလေးယောက်ရံပြီး တန်းစီနေတဲ့ ရဲဘော်တွေနားလျှောက် လာပါတယ်။ အနားရောက်တော့ စစ်ကြောင်းထိပ်ကနေစပြီး ဇတ်တောက် ဇတ်တောက် လျှောက်နေတဲ့ တပ်မှူး လေးဦးရံပြီး ရဲဘော်တွေကို တခါမှမမြင်ဘူးတဲ့ မျက်နှာမျိုးနဲ့ ကြည့်ပြီး တတန်းပြီးတတန်း စစ်ဆေး သွားတယ်။ တပ်စစ်ဆေးပြီး သူ့နေရာသူ ပြန်ရောက်တဲ့အချိန်မှာ ချီတက်အလေးပြု အစီအစဉ်အလှည့်ပါ။

`တပ်ဖွဲ့ … ရှေ့ ……ကြည့်´
ဆိုတဲ့ စစ်ကြောင်းမှူး အမိန့်ပေးသံ ထွက်ပေါ်လာပါတယ်။ ဒီအစီအစဉ်ပြီးရင် အခမ်းအနားပြီး ဆုံးတော့မယ် ဆိုတော့ ရဲဘော်တွေလဲ နည်းနည်းလန်းလာတာပေါ့။ ခုအပိုင်းက ရဲဘော်တွေ အပိုင်းပဲကျန်တော့တယ်။ ဒီအစီအစဉ်က ရဲဘော်တွေရဲ့အစွမ်းကိုပြရတော့မှာ ဖြစ်တဲ့အတွက် အပီအပြင်စစ်ကြောင်းလျှောက်ပြလိုက် မယ်ဟဲ့ဆိုပြီး စိတ်ကိုတင်းထားတာပေါ့။ အလေးပြုခံမယ့် ပုဂ္ဂိုလ်ကလည်း သူနေရာမှာအသင့်၊ သီချင်းဖွင့်ဖို့ တာဝန်ရှိတဲ့ရဲဘော်ကလည်း သူနေရမှာ အသင့်အနေအထားတွေ့နေရတယ်။

`တပ်ဖွဲ့….. သတိ´
အမိန့်သံဆုံးတာနဲ့ ကွင်းတခုလုံးငြိမ်သက်သွားပါသည်။ စစ်ကြောင်းမှူးက အမိန့်ဆက်ပေးပါတယ်။
`တပ်ဖွဲ့ … သေ….နတ်…. ထမ်း´
`ဗြောင်း´ `ဗြောင်း´
ဆိုတဲ့အသံဆုံးတာနဲ့ ရဲဘော်တွေရဲ့ ဘယ်ဘက်ပခုံးပေါ် သေနတ်တွေရောက်ပြီး သေနတ်ထမ်း အနေ အထားဖြစ်သွားပါတယ်။ သေနတ်ထမ်းလှုပ်ရှားမှုမှာ ရဲဘော်တွေလက်မှာ ၀တ်ထားတဲ့လက်အိပ်အဖြူတွေရဲ့ ရိပ်ကနဲရိပ်ကနဲ ဖြစ်သွားတာဟာ အလွန်ကြည့်ကောင်းတယ်။
`တပ်ဖွဲ့ … ညာ……. လှည့်´
သင်တန်းစစ်ကြောင်းဟာ သုံးယောက်တန်း ညာဘက်လှည့်ပြီး လမ်းလျှောက်ဘို့ဖို့ အသင့်ဖြစ်နေပါတယ်။ စစ်အကြောင်းမှူးက စစ်ကြောင်းရဲ့ထိပ်ကိုလျှောက်လာပြီး စစ်ကြောင်းထိပ်မှာ နေရာယူပါတယ်။ သင်တန်း နည်းပြ တယောက်က စစ်ကြောင်းနောက်မှာ ပိတ်ပြီးနေရာယူတယ်။

အားလုံးအသင့်အနေအထားရောက်တာနဲ့ စစ်ကြောင်းမှူးက ချီတက်ဖို့အမိန့်ပေးမှာဖြစ်တယ်။ အမိန့် ပေးတာနဲ့ အရေးကြီးပြီ သီချင်းဘင်သံနဲ့စထွက်မယ်။ အလေးပြုခံပုဂ္ဂိုလ်ရှေ့ရောက်ရင်အလေးပြုဖို့ အမိန့် ပေးမယ် အဲဒီအခါမှာ အလေးပြုခံပုဂ္ဂိုလ်ဘက်ကိုကြည့် သေနတ်ဒင်ပေါ် ညာလက်တင်၊ လမ်းဆက် လျှောက်၊ ပြီးရင် နေမြဲ အမိန့်ပေး၊ မူလတန်းစီတဲ့ နေရာကို ပြန်ရောက်ရင်ပြီးပြီ။ ကျနော်တို့ဆက်လုပ်ရမှာ က ဒီလောက်ပဲ။

`တပ်ဖွဲ့… ချီ….. တက်´ အမိန့်ပေးသံဆုံးတာနဲ့ ရဲဘော်တွေဟာ အရေးကြီးပြီ အင်ထရိုတီးလုံးသံကို စောင့် နေပါတယ်။ အဲဒီအချိန်မှာ အသံချဲ့စက်က ထွက်လာတဲ့အသံကို ကြားလိုက်ရတာကတော့ ….
`ပုစွန်ဆိတ်ကလေး ဘယ်လို ငယ်ငယ် ပင်လယ်ကူးတတ်တယ် … ´
`ပုစွန်ဆိတ်ကလေး ဘယ်လိုငယ်ငယ် ပင်လယ်ကူးတတ်တယ် ….´
လျှောက်ဖို့ခြေလှမ်းပြင်နေတဲ့ စစ်ကြောင်းက စစ်သွေးစစ်မာန်နဲ့လျှောက်ရမယ့် အနေအထားကနေပြီး ပုစွန် စိပ်ခုန် ခုန်ရမလိုလို စည်းချက်အတိုင်း ဖင်လိမ်ပြီ လျှောက်ရမလို ဖြစ်ကုန်ကြတယ်။

ရဲဘော်တွေလဲ ရယ်ချင်ကြတာပေါ့။ ဒါပေမဲ့ ဘယ်သူကမှ မရယ်ရဲကြဘူး။ အားလုံးပွစိပွစိ နဲ့ အသံတွေ ထွက် လာတာပေါ့။ မျက်စိတွေအားလုံးကလည်း ကက်ဆက်ဖွင့်တဲ့ ရဲဘော်ဆီရောက်သွားတာပေါ့။ သူ့ခမျာလည်း ချွေးတွေပြန်၊ ခေါင်းလဲအတော်ပူသွားပုံရတယ်။ အရေးကြီးပြီသီချင်းခွေကို ဟိုလှန် ဒီနှိုက်နဲ့ ပြန်ရှာနေတယ်။ အခွေပြန်တွေ့တာနဲ့ စစ်ကြောင်းကို စဆုံးအမိန့်ပြန်ပေးပြီးမှ အခမ်းအနားပြီးဆုံးသွားတော့တယ်။

အဲဒီလိုကမောက်ကမဖြစ်နေတဲ့အချိန်မှာ ကျနော်တို့သင်တန်းအုပ်ကြီး အဘဦးအေးမြင့်ကတော့ ဆဲနည်း ပေါင်းစုံတွေ လွှတ်တော့တာပေါ့။ အဘအနားကို ဘယ်သူမှ မကပ်ရဲကြတော့ဘူး။

အခမ်းအနားမှာ စစ်ကြောင်း ပုစွန်ဆိတ်ခုန်နည်းနဲ့ ခုန်ပြီး လျှောက်ရမလိုဖြစ်သွားရခြင်းက ဒီလို.. သင်တန်း ဆင်းပွဲမလုပ်ခင်ညက မနက်ဖြန်မှာ ဖွင့်ဖို့အသင့်ပြင်ထားတဲ့ကက်ဆက်ကို မေဆွိခရေဇီ ရဲဘော်တယောက် က ကက်ဆက်ကိုခိုးပြီး မေဆွိအခွေထည့်နားထောင်တယ်။ ပြီးတော့ အခွေကို မထုတ်ဘဲ ဒီအတိုင်းပြန်ထား လိုက်တယ်။ မနက်ရောက်တော့ ဓါတ်စက်ဖွင့်မယ့် ဆရာကလည်း ကက်ဆက်အထဲကအခွေဟာ သူအသင့် ပြင်ထားတဲ့အခွေပဲလို့ထင်နေတယ်။ ဒါနဲ့ အားလုံးအသင့် ဖြစ်နေတဲ့အချိန်မှာ လွှတ်ပေးလိုက်တာလေ …
`ကံကောင်းလို့ ပုစွန်ဆိတ်တွေ မဖြစ်ကုန်တယ် ….´

Read More...

Friday, July 25, 2008

သန်းရွေက အလောင်းစည်သူ သေလို့ ဝင်စားသတဲ့

ကြပ်ပြေး
ဇူလိုင်- ၂၄
http://komoethee.blogspot.com .. မှ..


ဗိုလ်ချုပ်စောမောင်ကြီးက သူတန်ခိုးထွားစဉ်က သူကိုယ်သူ ကျန်စစ်သားလို့ ပြောခဲ့ပါတယ်။ သူဟာ မသေလို့ ကျန်ခဲ့ရတဲ့သူပါလို့ ဆိုလိုတာပါ။ ဗိုလ်ချုပ်စောမောင်ကြီးက ဘာပဲပြောပြော စစ်သားပီသပုံရတယ်။ ရွေးကောက်ပွဲမှာနိင်တဲ့သူကိုလွဲပေးပါမယ်လို့ ကတိပေးခဲ့သူပါ ဒီလိုစစ်သားပီသ၊ယောက်ကျားပီသတဲ့ ဗိုလ်ချုပ်က မြန်မာ့တပ်မတော်မှာအလွန်ရှားလှပါတယ်။ အတော်များများကတော့ ဂန်ဒူးတွေပါ။ အမေနဲ့ နှမကို စစ်တပ်က မတော်မတရားလုပ်လည်း ကြည့် နေကြမဲ့ပုံရှိတယ်။
ဘုရင်ရူးတဲ့အထဲမှာ သန်းရွေကြီး က နံပတ်တစ်လိုက်ပါတယ်။ သူကိုယ်သာလွန်မင်းတရားကြီးသေလို့ ဝင်စားတာလို့  အရူးထနေပြန်ပါပြီ။့ သူဇနီး ဒေါ်ကြိုင်ကြိုင်ကို မိဘုရားကြီးသမီးတွေကို သမီးတော်လို့ ခေါ်ရတယ်။ စစ်ဗိုလ်မိန်းမတွေက သူတို့ အိမ်သွားရင် အောက်မှာ ထိုင်ကြရတယ်။ လက်အုပ်ချီထားရပါတယ်။ ဒီလောက်ဘုရင်ရူးရူတာပါ။ ဒီလောက်ဘုရင်ရူးတဲ့ သန်းရွေမိသားစုကို စစ်ဗိုလ်ကတောတွေက အလောင်းစည် သူ ဘုရင်လို့ နောက်ကွယ်မှာလှောင်ပြောင်ခေါ်ကြတယ်လို့ သိရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သန်းရွေလက်ထက်မှာ လူတွေသောက်သောက်လဲသေတယ်။အလောင်းတွေစည် လို ခေါ်ရတာလို့  ရန်ကုန်တိုင်းတိုင်းမှုး လှဌေးဝင်း ကတော်ကဆိုပါတယ်။

Read More...

လ္ဘက်ရည်ဆိုင်က ချေဂွေဗားရား

ခန့်အောင်
http://naytthit.com ... မှ


ကျနော်နေတဲ့ လမ်းထိပ်မှာလူငယ်တစုလ္ဘက်ရည်ဆိုင်သစ်တဆိုင်ဖွင့်ကြတယ်။ တရက်တော့ လ္ဘက်ရည်သောက် ချင်တာလဲပါတယ် ဆိုင်သစ်ကိုလေ့လာချင်တာနဲ့ အဲဒီဆိုင်သစ်ဘက်ကို ရောက်ခဲ့တယ်။ ဆိုင်ရှေ့ရောက်တော့ ဆိုင်းဘုတ်စတွေ့ရတယ်။ ဆိုင်နာမည်က “အတွေးသစ်” တဲ့... စာလုံးဒီဇိုင်းကို ခိုင်ခိုင်နွဲ့နွဲ့ ဆက်စပ်မှုရှိရှိ ရေးထားတယ်။
ဆိုင်ထဲဝင်လိုက်တယ်ဆိုရင်ပဲ အရင်ဆုံးစတွေ့ရတာက ဆိုင်နံရံအပေါ်ပိုင်းမှာ ချေဂွေးဗားရားပုံ ကြီးနှစ်ပုံပါ။ တပုံက သံပုရာခွံဦးထုပ်ဆောင်းပြီး မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးနဲ့ ဒီဇိုင်းလုပ် ထားတာတပုံ၊ နောက်တပုံက မျက်နှာကို နဲနဲမော့ပြီး ဆေးပြင်းလိပ့်ခဲနေတဲ့ပုံ အဲဒီနှစ်ပုံကို ခန့် ခန့်ထယ်ထယ် ချိပ်ဆွဲထားတယ်။ ဆိုင်းအတွင်းရဲ့ အလယ်နေရာ ဒေါင့်နေရာတွေမှာတော့ အရွက်အစိမ်းဖားဖားနဲ့ အဖြူအစက်အပြောက်တွေပါတဲ့ ဂမုံးပင်တွေကို ပန်းအိုးတွေနဲ့ စိုက်ပြီး နေရာချထားသေတယ်။
ဆိုင်ထဲမှာ ထိုင်နေတဲ့လူငယ်တွေကတော့ သတင်းစာဖတ်သူနဲ့ အာကစားဂျာနယ်ဖတ်သူဖတ် ချက်စ်ထိုးတဲ့သူကထိုး ဘောလုံးပွဲအကြောင်းပြောတဲ့သူကပြော စကားသံတွေရောထွေနေ တယ်။
ကျနော် လ္ဘက်ရည်သောက်ပြီး ခံတွင်းချဉ်လို့ ရေနွေးကြမ်းသောက်နေတုန်းမှာပဲ အသက် ၂၀ ၀န်ကျင်လောက်ရှိတဲ့လူငယ်တယောက် ဆိုင်ထဲကိုဝင်လာတယ်။ရောက်ရောက်ချင်းပဲ စားပွဲထိုး ကို လ္ဘက်ရည်မှာပြီး မထိုင်သေးပဲ နံရံကပုံတွေကိုလိုက်ကြည့်နေတယ်။ သူ့အကြည့်တွေက ချေဂွေးဗားရားပုံတွေဘက်ကိုရောက်သွားတယ်။ ပထမဆုံးသူစတွေ့တာက သံပုရာခွံဦးထုပ်ကို ဆောင်းထားတဲ့ ချေဂွေးဗားရားပုံ စတွေ့ပြီးသူပြောလိုက်တာက ....
“စောဘဦးကြီး ပုံ မိုက်တယ်” တဲ့...
သူ့အထင်နဲ့အမြင်ကတော့လွဲပြီ ဒါပေမဲ့ ဆိုးဆိုးဝါးဝါးကြီးတော့မဟုတ်သေးဘူး နဲနဲပြုံးနိုင်သေး တယ်။ စောဘဦးကြီး ကရင့်တော်လှန်ရေးခေါင်းဆောင်အဖြစ်နဲ့ တော်လှန်ရေးလုပ်နေတုန်းက ချေဂွေဗားရားလိုဒီဇိုင်းမျိုးပဲလေ။ ဒီဘက်က ချေဂွေဗားရား ဆေးပြင်းလိပ်ခဲနေတဲ့ဓါတ်ပုံကို လဲမြင် လိုက်ရော “ဟာ ... သီဟတင်စိုး ဆေးလိပ့်သောက်နေတာ မိုက်တယ်ကွာ”ဆိုပြီး အားရပါးရ ပြောချလိုက်ပါလေရော...
ဒီအချိန်မှာပဲ လ္ဘက်ရည်ဖျော်ခန်းထဲက ဖျော်ဆရာလေးက လှမ်းငေါ့လိုက်ပုံရတယ် ...
“အဲဒါ သီဟတင်စိုး မဟုတ်ဘူး ... ကွ ... အမီတာဘဂျမ်း .. အမီတာဘဂျမ်း .. မြဲမြဲမှတ်ထား” ...

ခန့်အောင်

Read More...

Thursday, July 24, 2008

အလွမ်းမီးကို ခရမ်းသီးနဲ့ ငြိမ်းချင်သတဲ့လားကွယ် …

တုတ်ကြီး (ခေတ္တ တာဝတိံသာ)
http://drlunswe.blogspot.com ... မှ


အိုဘယ့်ဘယ် … အိုဘယ့် သမီးပျို ... ရွှေလှော်မြနှယ်သွင်း ...။
စိတ်ထဲ တောင်စဉ်ရေမရ အတွေးတွေနှင့် ...။
အေးပေါ့လေ ... တောင်စဉ်တော့ ဘယ်ရေက လာမတုန်း ... ဒါလည်း သဘာဝတရားကြီးပေပဲကိုး ...။
ကျွန်ုပ်ကိုကိုတုတ် အိပ်ရာက ထလာတော့ နေက အတော်မြင့်နေပြီ …။
ကမန်းကတန်းထ မျက်နှာသစ် ရေချိုးကာ ရေနွေးကြမ်းလေး တစ်အိုးတည်ပြီး လက်ဖက်သုတ်နှင့် ထမင်း ကြမ်းကို ဗိုက်အင့်အောင် လွေးလိုက်သည်။

အင်တာနက် တက်လာချေတော့ မိတ်ဆွေအချို့နှင့် သတင်းဟု မိမိတို့ဟာ မိမိတို့ ခေါင်းစဉ်တပ်ကာ လိပ်ပြာကို ဆပ်ပြာဖြင့် ဖွပ်ကြရင်း ဟိုအကြောင်း သည်အကြောင်း၊ စာအကြောင်း ပေအကြောင်း၊ တူအကြောင်း တံဇဉ်အကြောင်း၊ စပါးအကြောင်း နွားအကြောင်း၊ မယားအကြောင်း အစားအကြောင်း၊ အသောက်အကြောင်း အရက်အကြောင်း၊ ရောဂါအကြောင်း ကျန်းမာရေးအကြောင်း၊ အကြောင်းပေါင်း သောင်းခြောက်ထောင် ပြော မိကြ၏။

တစ်ဦးသော မိတ်ဆွေက "ဟေ့လူ … ကိုတုတ်ကြီး ခင်ဗျား ချိုးလင်းပြာမဂ္ဂဇင်းကို ဖတ်ဖြစ်သလားဗျ" ဟု ဆိုလာချေ၏။ ကျွန်ုပ်က မဖတ်ဘူးဟု ဖြေလျှင် ခပ်ညံ့ညံ့လို့ အထင်ခံရနိုင်ချည့်ဟု တွေးမိကာ ခေတ္တ နှုတ်ဆိတ် နေမိ၏။ ကိုယ့်ဆရာက အဖြေကို မစောင့်ဘဲ ဆက်ပြောလာ၏။ "အဲ … တစ်ရက်က မိတ်ဆွေအခန်းမှာ ချိုးလင်းပြာမဂ္ဂဇင်း အဟောင်းတစ်အုပ် ဖတ်ရသဗျာ။ အဲဒီအထဲမှာဗျာ မြန်မာအမျိုးသမီးအဖွဲ့တစ်ခုက Vagina Day ဆိုတာ ကျင်းပသဗျ။ ပထမတော့ V-Day … V-Day နဲ့ ဘာပါလိမ့်လို့ တွေးနေတာ" ...။

"ဂွီ ..." တုတ်ကြီး တံတွေးနှစ်ပက်လောက်ကို ကမန်းကတန်း ပြန်မြိုချလိုက်ရတော့၏။
ဘာပြန်ဖြေရမည်မသိ၊ ကြက်အိုကြီး အမွှန်ခွပ်ခံလိုက်ရသကဲ့သို့ ယက်ကန်ယက်ကန် ... တစ်ခုခုတော့ ပြန်ပြော မှဖြစ်မည်။

"အဲဒီနေ့ အထိမ်းအမှတ် ကျင်းပတဲ့ ပွဲကလေးများ တစ်ခါလောက် တက်ဖူးချင်လိုက်တာ … ဟီး … ဟီး" စကားဆုံးတော့ ဘုရားလူကြီး နှာဘူးသံဖြင့် ရယ်လိုက်မိ၏။

မိတ်ဆွေရောင်းရင်းက ထိုမျှသာ အသိပေးပြီး ကိစ္စရှိသည်ဆိုကာ ထွက်သွားသလားမသိ ငြိမ်သွား၏။

ကဲ ... တုတ်ကြီးတော့ ဒုက္ခရောက်ပြီ။ ထိုနေ့တွင် ကျင်းပသော ထိုပွဲကို မြန်မာလို ဘယ်လိုခေါ်ရပါ့ ...။
စဉ်းစားစမ်း တုတ်ကြီး ... ၀ိနည်းလွတ် … လက်ညှိုးထိုးလွတ် ...။
မစဉ်းစားလို့ မရ၊ မြန်မာလူမျိုးများ အင်မတန် ခက်ကြသည်။

အိမ်နောက်ဖေး လှန်းထားသည့် ထမီတန်းအောက် ၀င်မိလျှင်ပင် ကြွက်ထောင်ချောက်မိသော ကြွက်သိုးကဲ့သို့ ဆန့်ငင်ဆန့်ငင် ပြူးတူးပြဲတဲ … ဖြစ်ပုံတွေက ...။
ဟော … မိန်းမနှင့် အိပ်ကြလျှင်ဖြင့် ဆရာသမားတို့ ပါးစပ်က အမြဲတမ်း နေရာလွဲနေကြပြန်၏။

ကျလည်းကျတဲ့ ငါတို့လူမျိုးတွေပါတကား။ ဒီတော့ ဒီကိစ္စကို မြန်မာလိုခေါ်ဖို့ သင်္ဂြီုလ်ပဲ ပြန်တက်ရတော့မလိုလို …။ အဲ ... ဟုတ်ပြီ “ဣထိယ တန်ဆာနေ့” ...။
မကောင်းသေးဘူး၊ ဒါလည်း မြန်မာလူမျိုးတွေနဲ့က အပြောက မလွတ် ... အင်း ဒါဆို "ယောနိသမယ" အဲဒါ လေးရော မကောင်းဘူးလား၊ တစ်ယောက်တည်း တွေးနေရင်း အတွေးစဉ်က အဆက်မပြတ် …။

ကြောင်ကို "မီမီ ... မီမီ ..." ဟု ခေါ်သည်ဟု ဘယ်လိုသကောင့်သားက ထွင်ခဲ့သနည်း ...။ ကျွန်ုပ်စိတ်ထဲ မကျေနပ်တော့ မြန်မာအခေါ်အဝေါ်များဖြင့် မည်ကဲ့သို့ ယဉ်ကျေးအောင် ခေါ်ရမည်နည်း ...။
မတွေးတတ်နိုင်အောင်ကို ခေါင်းခြောက်သွားလေပြီဖြစ်၏။
အတွေးတွေကို ပြန်ဆန့်နိုင်သမျှ ဆန့်ထုတ်ကြည့်ရင်း …
ဒုတိယကမ္ဘာစစ်က ယောင်္ကျားတွေချည်း တိုက်ခိုက်ခဲ့သော နော်မန်ဒီကမ်းတက်တိုက်ပွဲနေ့ကိုတော့ D-Day ဟု သတ်မှတ်ကြသည်ကို သွားသတိရမိတော့ကာ …
တုတ်ကြီး တခွီးခွီးဖြင့် ကြောင်ထီး ရေပက်ခံလိုက်ရသလို ဖြစ်သွားကာ ရယ်လိုက်မိတော့၏။
အဲသဟာလည်း ဟုတ်သားပဲပေါ့လို့ တွေးရင်း မိမိတို့ ယောက်ျားများအတွက် ယောင်္ကျားအဖွဲ့အစည်းတစ်ရပ် မားမားမတ်မတ် ပေါ်ပေါက်လာလျှင် …
အနှီ မြန်မာအမျိုးသမီးအဖွဲ့ကဲ့သို့ နေ့ထူးနေ့မြတ်ကြီးတစ်ရပ် သတ်မှတ်ကာ P-Day ဟုများ ကျင်းပရမည်လား မသိ ...။

အော် … တကယ်တော့ မိန်းမများအနေဖြင့် သမိုင်းဦးဘုံမြေခေတ်မှစကာ ယခုကာလထိ ဖိနှိပ်မှုများအောက်မှ တော်လှန်ရုန်းကြွ ကုတ်ဆွဲ ပင့်တင် ငြီးငြူ တိုက်ပွဲဝင်ခဲ့ရသည်မှာ နည်းသည့်ကာလမှ မဟုတ်ပေပဲကိုး …။
မမတို့ … ညီမလေးတို့ … အန်တီတို့အနေဖြင့် မြန်မာ့အမျိုးသမီးနေ့ … အမျိုးသမီးများနေ့ဟု သတ်မှတ်ကြ လျှင် ခေတ်မဆန်သဖြင့် ဖြစ်တန်ရာသလော ...။ တွေးကြည့်ရင်း တွေးကြည့်ရင်း သောက်နေမိသော ရေနွေး ကြမ်းတစ်အိုးက ကုန်လုပြီ။

ကျွန်ုပ်ရွှေဂျိုးလည်း ရေတိုးလှပြီ။ ဒီတော့ရွှေတံခွန်က ရေသွန်ရတော့မည်ဖြစ်ရာ အိမ်သာသို့ ခက်သွက်သွက် ပြေးရင်း ချိုးလင်းပြာမဂ္ဂဇင်းလေးအား ဖတ်ချင်စိတ်ပင် ဖြစ်လာမိပါတော့၏။

အဲ … သောက် ပလုတ်တုတ် ... အိုးပုတ် ချိုးရုပ် ...။
ချိုးလင်းပြာနှင့် ယောနိသမယ လိုက်ဖက်လှပေ၏တကားဟု တွေးရင်း ပုဆိုးလှန်ကာ ချိုးဟန်အပြည့်ဖြင့် ကျင်ငယ်ကို ပင်လယ်လို စွန့်လိုက်မိပါတော့၏ ...။ ။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

Read More...

Wednesday, July 23, 2008

ရပ်ကွက်ထဲက ဗွီဒီယိုရုံ

(ခန့်အောင်)
http://www.naytthit.com မှ...


ကျနော်တို့နေတဲ့ရပ်ကွက်ထဲမှာ ဗွီဒီယိုရုံ တရုံရှိတယ်။ ပိုင်ရှင်ဖြစ်သူ နာမည်က ကိုထားဝယ်တဲ့။ လူပုံက မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းနဲ့ ထားဝယ်လို့သာပြောတာ စကားပြောရင် ထားဝယ်သံမ၀ဲဘူး။ ကိုထားဝယ် ကအိမ်ထောင်နဲ့။သမီးတယောက်သားသားတယောက်တောင် ရနေပြီ။ လူကတော့ပေါ့ပေါ့ ပါးပါးပဲ။ ကိုထား ၀ယ်က ရပ်ကွက်ထဲမှာ ၀င်ငွေရမယ့်အလုပ်ဆို အကုန်လုပ်တယ်။ အိမ်ဆိုင်ဖွင့်တယ်။ စက်ဘီးပြင်တယ်။ ၀ါး ခုတ်ရောင်းတယ်။ သုံးလုံးရောင်းတယ်။ စာကလေးထီရောင်းတယ်။ ရပ်ရေးရွာရေးဆိုလဲ ပါလိုက်သေးတယ်။ အလှူတွေဘာတွေမှာ ဒိုးပတ်ဝိုင်းတွေ့ရင် ၀င်ကလိုက်သေး။ သူ့မိန်းမ ကတော့ နားနဲနဲလေးတယ်။ သူ့ယောက်ကျားမျက်နှာက အဆိုတော် R-ဇာနည်နဲ့ တူတယ် ဆိုပြီး သူနဲ့ ခင်တဲ့လူတွေကို ကြွားတတ်သေး တယ်။
ကိုထားဝယ်ကတော့ စာမတတ် ရှာပါဘူး။ သူတို့ဇနီးမောင်နှံက ထုံစံအတိုင်း တခါတခါ စကားများ ရန်ဖြစ်တတ်သေးတယ်။ ဖြစ်ရတဲ့ အကြောင်းက မယ်မယ်ရရရယ်လို့ မဟုတ်ပါဘူး။ သုံးလုံထီ ထိုးတုန်းက တော့ ဘာမှမဖြစ်ဘူး။ ချဲထွက်တဲ့နေ့ ဆို အသံကြားရပြီ။ မပေါက်လို့ကတော့ သူထိုးတာများတယ်၊ ငါထိုးတာ များတယ်နဲ့ ချကုန်ကြရော။ သူတို့နှစ်ယောက် ရန်ဖြစ်ရင် ရပ်ကွက်ထဲက ကလေးတွေက သိပ်ပျော်ကြတာ။ သူတို့ နှစ်ယောက်က ရန်ဖြစ်ပြီဆိုတာနဲ့ ဆိုင်မှာတင်ထားတဲ့ မုန့်တွေကို သူတမျိုးငါတမျိုးယူပြီး တယောက်နဲ့ တယောက် အပြိုင်ပစ်ပေါက်ကြတာ။ ကလေးတွေက လိုက်ကောက်ပြီး စားကြတာပေါ့။ ကလေးတွေက ထားဝယ်တို့လင်မယား ဆူညံဆူ ညံဆို အဲဒီအိမ်နား ၀ိုင်းနေတော့တာပဲ။

ဗွီဒီယိုရုံနဲ့ပတ်သက်ပြီး ကိုထားဝယ်မှာအခက်အခဲတခုရှိတယ်။ ရုံရှေ့ကကြော်ငြာသင်ပုန်းမှာ ဇာတ်ကား အမည်၊ သရုပ်ဆောင်အမည်နဲ့ ဒီဇာတ်ကားက ဘယ်လိုဇာတ်ကားမျိုး ဖြစ်ကြောင်း၊ ဘယ်လိုဘယ်ပုံကောင်း ကြောင်းတွေရေးပြီး ဗွီဒီယိုပရိတ်သတ်ကို ဆွဲဆောင်ရတယ်လေ။ ရေးပုံသားပုံက လိုသေးတယ်။ ရုံအပြိုင် အဆိုင်တွေကလည်းရှိတော့ ကိုယ့်ရုံကသူများရုံထက် သာနေမှ တော်ရုံကျမှာ။ ဥပမာ အက်ရှင်ကားဆိုရင် အက်ရှင်လောက်ရေးလို့မပြီးဘူး။ အထူးအက်ရှင်၊ အထူးကြမ်း၊ စ - ဆုံးကြမ်း အဲဒီလို ကြော်ငြာမှ ပရိတ်သတ်ကလဲ သူ့ထက်သူ ကြမ်းတဲ့ရုံကိုမှ အားပေတာ လေ။ ကိုထားဝယ်ရဲ့အခက်အခဲက အဲဒါပဲ။ ရုံမှာပြဘို့အခွေငှားမယ်ဆိုလဲ ကာဘာပါ ပါမှ သူ့အတွက်က အဆင်ပြေတာ။ ဒါမှာကြည့်ရေးလို့ရမှကိုး။ ကြုံလို့ကူညီပြီး ပေးမဲ့သူရှိရင်တော့ အဲဒီနေ့က သူ့အတွက်အားလုံးကောင်းတဲ့ နေ့ပေါ့၊ ကူညီတဲ့လူနဲ့ မကြုံ တဲ့နေ့ဆိုရင်တော့ ကိုရီးယားစစ်ကားကိုလဲ ဂျပန်စစ်ကား ရေးလိုရေးပေါ့၊ ဒါက ပြဿနာမရှိသေးဘူး၊ ကိုရီးယား နဲ့ ဂျပန် စာလုံးတွေက ဗူးသီးကြော်ချင်းတူတယ်လေ။ စကားသံ ဗလုံးဗထွေးကလည်း သိပ်မကွာ တော့ ပြဿနာ မရှိနိုင်သေးဘူး။ အဓိက က သူပြောထားတဲ့အတိုင်းကြမ်း ဖို့ပဲလိုတယ်။

ဇာတ်ကားခေါင်းစဉ်တွေကို ကြည့်ရေးတာများလာတော့ တဖြည်းဖြည်း အကျင့်ရလာတဲ့ပုံပဲ။ နောက်ပိုင်း သူ့ ရုံမှာပြမဲ့ကားကြော်ငြာတွေကို သူ့ဟာသူ အရေးများလာတယ်။ စာလုံးပေါင်း နှစ်လုံးဆင့်တွေ ဘာတွေဆိုရင် တော့ အခက်အခဲတော့ နည်းနည်းရှိသေးတယ်။ တခါတော့ သူ့ရဲ့ ဗွီဒီယိုရုံ ပြည့်သွားတဲ့ထိဖြစ်အောင်ကို သူ့လက်စွမ်းပြလိုက်တယ်။ ရပ်ကွက်ထဲက ဗွီဒီယို အမှန်အကန်အားပေးတဲ့ ကာလသားတွေနဲ့ ကာလသား လွန်တွေကတော့ ကိုထားဝယ် ရုံရှေ့ကကြော်ငြာကိုဖတ်ပြီး ဒီညနေအတွက် အားခဲ ထားကြတာပေါ့၊ ဒါ မျိုးကရှားတယ်လေ၊ ညနေ ရောက်တယ်ဆိုရင်ပဲ ကိုထားဝယ်ဗွီဒီယိုရုံက လူခေါ်တဲ့သီချင်းတွေ စတိတ်ရှိုး တွေ စပြနေပါပြီ။ အမှန်အကန်ကြည့်မယ့် ပရိတ်သတ်ကြီးလဲ တဖွဲဖွဲ ရောက်လာ ကြပါပြီ။ ကာလသားတွေလဲ တယောက်မျက်နှာ တယောက်ကြည့်ပြီး ပြုံးစိစိနဲ့ပေါ့ဗျာ။ ကာလသားလွန်ကြီးတွေကတော့ မျက်နှာပိုး သတ်ပြီး ဘုရားလောင်းဇာတ်ထုတ် လာကြည့် တဲ့ဂိုက်မျိုး ဖမ်းထားကြတာပေါ့။ ကိုထားဝယ်တို့လင်မယား လဲ ဒီည ရုံလူပြည့်တော့ ပျော်နေတာပေါ့ဗျာ။

အချိန်ရောက်တယ်ဆိုရင်ပဲ ပရိတ်သတ်တွေစောင့်စားနေကြတဲ့ ဇာတ်ကားက စတင်ပြသပြီပေါ့။ ပြခါစဆို တော့ ပရိတ်သတ်ကြီးက သူတို့မျှော်လင့်နေတဲ့ အခန်းကို သည်းခံစောင့်စားပြီး ငြိမ်ပြီး ကြည့်နေကြ ပါသေးတယ်။ တအောင့်လောက်ကြာတော့ ရုံထဲက ပွစိပွစိနဲ့ အသံတွေ ထွက်လာပါတယ်။ ပွစိပွစိ အသံတွေ ကြားထဲကပဲ အသံတသံဆူပြီးထွက် လာပါတယ်။

“ဟေ့ကောင် ထားဝယ် မင်းရေးထားတဲ့ဇာတ်ကား မလာသေးဘူးလား”
ကိုထားဝယ် ပြန်ပြောလိုက်တဲ့ အသံကိုလဲ ကြားလိုက်ပါတယ်။
“ဒီကားပဲလေ”
“ဟား” ... “ဟေး”... “ဘာလဲကွ”... “ဘယ်လိုလုပ်တာတုန်း”...
“မင်းရေးထားတော့ ဟိုကားဆို.. မလာသေးပါလားကွ”
“စောင့်နေတာကြာပြီ”
ရုံထဲမှာ စတင်ပြီး ပွက်ထလာတဲ့ အသံတွေပါ။
“ဟေ့ကောင် ထားဝယ် ပိုက်ဆံပြန်ပေး”
“ထားဝယ် လူလိမ် မင်းရေးထားတဲ့ ကားပြတော့”
“မင်းကြော်ငြာထားတဲ့ကား ပြတော့လေကွာ”
“ငါတို့အခု မင်းပြနေတဲ့ကား ကြည့်ဖို့မဟုတ်ဘူးကွ”
“၀ုန်း” “ဖုန်း”
“ခဲနဲ့ထုကွာ ကြာတယ်”
ရုံထဲမှာတော့ ညံကုန်ပါပြီ။

အဲဒီအချိန်မှာပဲ ဗွီဒီယိုအမှန်အကန် အားပေးသူတယောက်ဖြစ်တဲ့ ရပ်ကွက်ထဲက ဦးအောင်ပြာက ကိုထားဝယ်ကို လက်ဆွဲပြီး ရုံအပြင်ကို ထုတ်လာပါတယ်။ ပိုက်ဆံထဲ့ထားတဲ့ လွယ်အိတ်ကိုစလွယ်သိုင်းလို့ ပုဆိုးကို လက်တဖက်က ဆွဲပြီး မျက်စိ ကလယ်ကလယ်နဲ့ လိုက်ပါလာတယ်။ ရုံရှေ့ရောက်တော့ ဦးအောင်ပြာက ရေးထားတဲ့ကြော်ငြာကို လက်ညှိုးထိုးပြပြီး
“မင်းပြတဲ့ကားနဲ့ မင်းရေးထားတဲ့ကားကိုလဲ သေချာကြည့်အုံး”
“ဟုတ်တယ်လေ ကျနော်ကြော်ငြာထားတဲ့ကားက ဒီကားပဲဟာ”
“ဒါဆို ကြော်ငြာရေးတာ မင်းပဲလား”
“ကျနော် မိတ်ဆွေ တယောက်ကို အကူအညီတောင်ပြီး ရေးခိုင်းတာ ..... ကျနော်ကိုယ်တိုင်လဲ ဘေးကကြည့်နေတာပဲ”
“မင်းအခုပြတဲ့ကားက မင်းသားဒွေးရဲ့ အပြာရောင် ပုံတိုပတ်စများ ကွ”
“ကျနော် ပြတာလဲ ဒီကားပဲလေ”
“မင်းကတော့ လုပ်လိုက်ပြန်ပြီကွာ” ...
ဟုပြောပြီး ဦးအောင်ပြာ စကားဆက်မပြောနိုင်တော့ဘဲ ထွက်သွား ပါလေတော့သည်။ ဒီလိုနဲ့ ဗွီဒီယိုရုံ ထဲကလူတွေ တယောက်ပြီးတယောက် ထွက်သွားကုန်ပါတော့တယ်။ ကိုထားဝယ်ကို အမှုန့်ကြိတ်ပစ်မယ် ဆိုတဲ့ အကြည့်တွေနဲ့ကြည့်လိုက၊် ကြော်ငြာသင်ပုန်းကို ကြည့်လိုက်နဲ့ ပွစိပွစိလုပ်ပြီး ပြန်သွားကုန်ကြတယ် ပေါ့။

“ဟေ့ကောင် ထားဝယ် နောက်နေ့ အလကားလာကြည့်မယ်နော်....ဟွန်း...မင်းတော့လုပ်ထားအုံး ပေါ့ကွာ” ဟု ဟောက်သွားတာကိုလဲ ခံလိုက်ရသေးတယ်။

ကိုထားဝယ် ကတော့ ငါ ဘာများ အမှားလုပ်မိပါသလဲ ဆိုတဲ့ပုံမျိုးနဲ့ ဘုမသိဘမသိ ကျန်ခဲ့ပေါ့၊ ဗွီဒီယို ရုံဘက်က ဆူညံသံတွေကြားလို့ စိုးရိမ်စိတ်နဲ့ အဲဒီဘက်ကို လမ်းလျှောက်သွားကြည့်တော့မှ နားလည် တော့တယ်။ ဖြစ်ပုံက သူ ဒီညနေ ပြမယ့် ဗွီဒီယိုကားက မင်းသားဒွေးရဲ့ `အပြာရောင်ပုံတိုပတ်စများ´။ သူ ကြော်ငြာရေးခါနီးမှာ လမ်းကြုံလို့ အကောင်းဆုံး အကူအညီပေးသွားသူ သူ့မိတ်ဆွေကြီး ရေးပေးခဲ့တာက ...

“အပြာရောင်ပိုးဆိုး ပက်စက် များ” တဲ့
ဒီညတော့ ...။
“ထားဝယ် နင်တော့နော် နင်တော့နော် ဟွန်း”
ဆိုတဲ့ ကိုထားဝယ်ရဲ့ မဟေသီအသံကို ကြားရတော့မှာပေါ့ဗျာ ......။ ။

Read More...