Sunday, August 24, 2008

သင်္ဃန်းကျွန်းတွင် လူသတ်မှုဖြစ်ပွား၊ ဒုစရိုက်မှုများ ရန်ကုန်တွင် များပြားလာ

အေးချမ်းမြေ့ | သြဂုတ် ၂၂၊ ၂၀၀၈
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် အတွင်း မကြာသေးမီက လူသတ်မှု ဖြစ်ပွားခဲ့ရာ လင်မယား ၂ ဦး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ရပြီး ၎င်းတို့၏ ၄ နှစ်အရွယ် ကလေးငယ်တဦးသာ အသက်ရှင်လျှက် ကျန်ခဲ့ကြောင်း ကြားသိ ရသည်။

သြဂုတ် ၁၉ ရက်နေ့ နံနက်က သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက်၊ ပြည်တော်သာလမ်းရှိ နေအိမ် တအိမ်တွင် ဓားဒဏ်ရာ များဖြင့် သေဆုံးနေသော လင်မယား ၂ ဦးကို အိမ်နီးနားချင်းများက တွေ့ရှိခဲ့ကြောင်း ခြင်းဖြစ်သည်။
သေဆုံးသူမှာ အသက် ၄၃ နှစ်အရွယ် ကားဝယ်ရောင်းလုပ်ကိုင်သည့် ဦးသိန်းထွန်းနှင့် ၎င်း၏ ဇနီး ဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်သက်သက်ခိုင်တို့ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
ဦးသိန်းထွန်းမှာ ဓားဒဏ်ရာ ၈ ချက်နှင့် လည်းကောင်း၊ ဒေါ်သက်သက်ခိုင်မှာ ဓားဒဏ်ရာ ၃ ချက်နှင့်လည်းကောင်း သေဆုံး နေခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်း ရဲစခန်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။
“၁၈ ရက်နေ့ ည ၁၂ နာရီလောက်မှာ ဖြစ်တာလို့ပြောနေကြတာပဲ။ လူတွေကတော့ အမျိုးမျိုးပြောနေကြတယ်။ လာလည်တဲ့ ဧည့်သည်က သတ်သွားတာလို့လည်း ပြောကြတယ်” ဟု သင်္ဃန်းကျွန်း ရပ်ကွက်အတွင်း နေထိုင်သူ တဦးကပြောသည်။
လက်ရှိတွင် သေဆုံးသူများ၏ အလောင်းများကို ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ထားသည်ဟု အရေးပေါ်ဌာနက ပြောကြားသော်လည်း ဧရာဝတီ မဂ္ဂဇင်းမှ သင်္ဃန်းကျွန်း ရဲစခန်းသို့ ဖုန်းခေါ်ဆို၍မရပေ။
“တယောက်မိပြီလို့တော့ ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ပြောသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ရန်ကုန်မြို့ပေါ်တွင် ရာဇဝတ်မှုများ ပိုမို ထူပြောလာပြီး လူသတ်မှု၊ လုယက်မှုနှင့် ခိုးမှုများ များပြားလာသည်ဟု ရန်ကုန်မြို့နယ်အတွင်းရှိ ရဲဌာန တခုမှ ရဲအရာရှိ တဦးကပြောသည်။
၂၀၀၈ နှစ်ဦးပိုင်းက ဖြစ်ပွားခဲ့သော အင်းလျားလမ်း ၅ လောင်းပြိုင် လူသတ်မှု၊ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းနောက်ပိုင်းတွင် လှည်းတန်း ဈေးအတွင်း အထည်ဆိုင်တွင် စောင့် အိပ်နေသော အဘွားအို တဦးကို သတ်ပြီး ငွေ ကျပ် ၃ သိန်း ယူဆောင် သွားသည့်အမှု၊ ဇူလိုင်လအတွင်းက ကျောက်မြောင်းရပ်ကွက်အတွင်း ဖုန်းစရံငွေ ကျပ် ၅ သိန်း ပြန်မပေး သောကြောင့် ဖြစ်ပွားသည့် လူသတ်မှုနှင့် ယခုလော လောဆယ် လင်မယား ၂ ဦး သတ်မှု တို့ အနက် ၅ လောင်းပြိုင် လူသတ်မှုနှင့် လှည်းတန်းဈေး လူသတ်မှုမှာ တရားခံ ဖမ်းမမိ သေးပေ။
“နာဂစ်နောက်ပိုင်းမှ ခိုးတာတွေ လုယက်တာတွေ ပိုကြားလာရတယ်။ ကျနော်တို့ မြို့နယ် မှာပဲ ဆရာဝန်မလေးတယောက် ဆေးခန်းသိမ်းပြီး ပြန်လာတာကို ကားတားပြီး ငွေလုတာ ဖြစ်တယ်။ နောက် နေ့ခင်းဘက်ကြီး ရွှေဆိုင်မှာ ဓားထောက်ဝင် လုတာ ဖြစ်တယ်။ အဲဒါ မကြာသေးဘူး” ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် သတင်းသမား တဦးကပြောပြသည်။
ရန်ကုန် အချက်အချာကျသည့် ဈေးကြီးများဖြစ်သော မင်္ဂလာဈေး၊ သိမ်ကြီးဈေး၊ ညောင် ပင်လေးဈေး နှင့် ယုဇနပလာဇာ တို့တွင်လည်း အလစ်သုတ်မှု၊ ခိုးမှုများ မကြာခဏဖြစ် ပေါ်နေသောကြောင့် တချို့သော ဈေးသူဈေးသားများမှာ ကိုယ်ပိုင် လုံခြုံရေးများပင် ခန့်ထားရသည်ဟု ယုဇနပလာဇာတွင် အထည်ရောင်းသူ တဦးကပြောပြသည်။
“နာဂစ်ဆိုင်ကလုန်း မုန်တိုင်းအပြီးမှာ အမှုတွေ တော်တော်များလာတယ်။ အဲဒီထဲမှာ အရင်က အမှုတွဲမရှိဘူးတဲ့ လူဆိုးလက် သစ်တွေ တော်တော်များတယ်” ဟု ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့ ဒုစရိုက်နှိမ်နင်းရေးမှ ရဲ အရာရှိတဦးကပြောသည်။

0 comments: