Sunday, August 24, 2008

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှု တိုးများလာနေ

အေးလဲ့ | သြဂုတ် ၂၂၊ ၂၀၀၈

မြန်မာနိုင်ငံသားများ နိုင်ငံတွင်းအလုပ်အကိုင်ရှားပါးပြီး စီးပွားရေးကြပ်တည်းမှုကြောင့် ထိုင်းနိုင်ငံသို့ လူမှောင်ခိုကူးသူများ မှတဆင့်လည်းကောင်း၊ နယ်စပ်ဂိတ်များမှ လည်းကောင်း နေ့စဉ်နှင့်အမျှ ဝင်ရောက်လာနေကြောင်း သိရသည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ မြန်မာအလုပ်သမားပေါင်း ၃၀၀ နီးပါးကို ပို့ရကြောင်း၊ ၎င်းအလုပ်သမားများ သည် ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မဲဆောက်၊ ဘုရားသုံးဆူ၊ ရနောင်း၊ မယ်ဆိုင် စသည့် နယ်စပ် တလျောက်မှ တဆင့်ဝင်ရောက် ကြောင်း လူမှောင်ခိုကူးသူများနှင့် နီးစပ်သူ တဦးက ပြောသည်။
ယခင်နှစ် မိုးတွင်းကာလများအတွင်း သွားလာရေးအခက်အခဲများကြောင့် တရားမ၀င် ဝင်ရောက်သည့် ဦးရေနည်းသော် လည်း ယခုနှစ်တွင် မိုးတွင်းကာလတွင် များကြောင်းလည်း သိရသည်။
နာဂစ်မုန်တိုင်းဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၎င်းတို့၏နေအိမ်များ၊ လယ်ယာမြေများဆုံးရှုံးပျက်စီးခဲ့သောကြောင့် နီးစပ်ရာဆွေမျိုး အဆက်အသွယ်ဖြင့်လည်းကောင်း၊ လူမှောင်ခိုကူးသူတို့ဖြင့်လည်းကောင်း အလုပ်အကိုင် ရှာဖွေရန် ဝင်ရောက်သူဦးရေပိုများ လာကြောင်းနယ်စပ်ဒေသရှိ မြို့ခံများက ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဆန်ခရဘူရီမြို့မှ နိုင်လဝီမွန်က “အရင်မိုးတွင်းကာလမှာဆို ထွက်လာတဲ့ သူနည်းတယ်၊ ဒီနှစ်တော့ ထွက်လာတဲ့သူပိုများလာတာ တွေ့ရတယ်” ဟု ပြောသည်။
အဓိကအားဖြင့် ထိုင်း-မြန်မာနုယ်စပ်ဖြစ်သည့် မြဝတီ-မဲဆောက်ဂိတ်မှတရားဝင် ၀င်ရောက်ပြီး မပြန်သူများ တနေ့လျှင် လူဦးရေ၂၀၀ ခန့်ရှိကြောင်းနှင့်နေ့စဉ်နှင့်အမျှ ဝင်ရောက်သူ များပြားနေသော်လည်း အရေ အတွက် သိရန် ခက်ခဲကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ဦးမိုးဆွေက ပြော သည်။
မဲဆောက်မြို့ရှိ လူမှောင်ခိုကူးသူများနှင့် နီးစပ်သူ တဦးကမူ “တနေ့ကို အယောက် ၁၅၀ လောက်ရှိမယ်၊ မြဝတီ ကနေ ဘန်ကောက်ထိကို လူမှောင်ခိုနဲ့သွားကြတယ်” ဟု ပြောသည်။
ထို့အတူ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ စက်ရုံ အလုပ်ရုံများတွင် အများစုမှာ မြန်မာနိုင်ငံသား အလုပ်သမား များ ဖြစ်ကြ ပြီး အလုပ်ရှင်များက အလုပ်သမားခ သက်သာစေရန် နှစ်ဦးနှစ်ဘက် နားလည်မှု ဖြင့် အလုပ်သမားလက်မှတ် မရှိသူများကို အလုပ်ခန့်ထားသည်များရှိသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သူများကို ထိုင်းအာဏာပိုင်များက နည်းအမျိုးမျိုးဖြင့် နေ့စဉ် လိုက်လံ ဖမ်းဆီးပြီး နယ်စပ်သို့ပို့ဆောင်ခဲ့သော်လည်း နည်းမျိုးစုံဖြင့် ထိုင်းနိုင်ငံတွင်းသို့ နေ့စဉ် ပြန်လည် ဝင်ရောက်လျှက် ရှိကြောင်း သိရသည်။
ယခုနှစ် ဧပြီလ(၉)ရက်နေ့တွင်လည်း ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ သားငါးတင် လေအေးခန်းကားဖြင့် လူပွဲစားများ သယ်ဆောင် ၀င်ရောက်လာသည့် မြန်မာလုပ်သား (၁၂၁)ဦးတွင် ရနောင်းမြို့မှ မှ ဖူးကတ်မြို့သို့ သွားလမ်း၌ ကားအတွင်း အသက်ရှုကြပ်ပြီး လူ(၅၄) ဦးသေဆုံးခဲ့သည်။
မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာမှုကို ပိတ်ပင်တားဆီး ပေးရန် ထိုင်း-မြန်မာ ၂ နိုင်ငံ နယ်စပ်ကော်မတီ အစည်းအဝေးပြုလုပ်ခဲ့စဉ် မြန်မာတာဝန်ရှိသူများအား ထိုင်းအာဏာ ပိုင်များက တင်ပြတောင်း ဆိုခဲ့ဖူးသည်။
ထိုင်းနိုင်ငံတွင် လာအို၊ မြန်မာ ၊ကမ္ဘာဒီယားမှ အလုပ်သမားဦးရေပေါင်း ၂ သန်းနီးပါးရှိရာ မြန်မာနိုင်ငံသား အလုပ်သမား ပေါင်း ၁ သန်းခွဲကျော်ရှိသည်ဟု ထိုင်းအစိုးရ က ခန့်မှန်းသည်ဟု ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ ကဆိုသည်။
၂၀၀၄ခုနှစ် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့် လက်မှတ်စာရင်းအရ မြန်မာပြည်သား တရားဝင် နေထိုင်ခွင့် လက်မှတ် လျှောက်ထားသူ ၁.၂သန်းရှိကြောင်းနှင့် လက်ရှိ တရားဝင်နေထိုင်ခွင့်လက်မှတ်ရှိ သူဦးရေ ၅ သိန်း ခန့်ရှိကြောင်း သိရသည်။

0 comments: