Thursday, June 26, 2008

စားဝတ်နေရေးကြပ်တည်း၍ စစ်တွေမြို့က မိသားစုတစု သေကြောင်းကြံ

ကိုစိုး | ဇွန် ၂၆၊ ၂၀၀၈

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်တွင် စားဝတ်နေရေး အကြပ်အတည်းကြောင့် မိသားစု ၃ ဦး သေကြောင်း ကြံစည်သွားကြကြောင်း သိရသည်။
အဆိုပါ မင်းဂံ ရပ်ကွက်နေ ကိုမောင်မောင်စိုး အသက် ၃၈ နှစ် သည် နေ့စဉ် အိမ်စရိတ်ကို ဆိုက်ကား နင်း၍ ဖြေရှင်းနေရာမှ ယခုလ ၁၈ ရက်က စားဝတ်နေရေး အခက်အခဲကြောင့် ၎င်းနှင့်အတူ အသက် ၇ နှစ် အရွယ် သားအငယ်နှင့် ၈ နှစ်အရွယ် သမီးအကြီးတို့ သေကြောင်း ကြံစည်သွားခြင်းဖြစ်သည်ဟု စစ်တွေရှိ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

“ကလေးတွေအမေကလည်း ဆုံးသွားပြီ၊ သူကဆိုက်ကားနင်းတယ်၊ အဲဒါ စည်ပင်က လိုင်စင်ကြေးတောင်းတာတွေ အဖမ်း အဆီးတွေနဲ့ဆိုတော့ အလုပ်က ဘယ်လိုမှ အဆင်မပြေဘူး၊ သူကလည်း သူ့စိတ်ကို မထိန်းသိမ်းနိုင်ဘူး၊ နေ့လယ် ထမင်း စားတဲ့ အချိန် ပိုးသတ်ဆေးကို ကလေးတွေ အရင်ကြွေးလိုက်ပြီးနောက် သူလည်း စားပြီး သေကြောင်းကြံသွားတာပဲ၊ အရင်က အဲဒါမျိုးမရှိဘူး”ဟု မိသားစုနှင့် နီးစပ်သူ က ပြောပြသည်။

မင်းဂံ ရပ်ကွက်သည် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင်ရှိပြီး ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နေရာဟောင်းနှင့် နီးသည်ဟု ဆိုသည်။

စစ်တွေမြို့တွင် ဆိုက်ကားတစီးအတွက် စည်ပင်သာယာမှ တနှစ် လိုင်စင်ကြေး ကျပ် ၂ သောင်း ခန့် ကောက်ခံ ကြောင်း၊ ယခုအခါ စည်ပင်သာယာမှ မော်တော်ဆိုင်ကယ် အငှားလိုက်သူများကိုလည်း ခွင့်ပြုထားကြောင်း၊ ဆိုက်ကားနင်းသူများမှာ တရက်လျင် ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ ဝန်းကျင်သာ ဝင်ငွေရရှိပြီး လူ တဦး၏ တနေ့ စရိတ်မှာ ဖျမ်းမျှ ကျပ် ၂၀၀၀ ခန့်ရှိရာ ဆိုက်ကားနင်း၍ ဝင်ငွေ ရှာသူ အများစုမှာ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြကြောင်း စစ်တွေ ဒေသခံ တဦးက ပြောသည်။

“လူတယောက် ဆိုင်မှာ ထမင်းဝယ်စားမယ်ဆိုရင် တနပ်ကို အနိမ့်ဆုံး ကျပ် ၆၀၀ လောက်ကုန်တယ်၊ စစ်တွေမှာ အများစုက ပုဂ္ဂလိက ကိုယ်ထူကိုယ်ထ စီးပွားရေး လုပ်ကြတာများတယ်၊ ဒါပေမယ့် အခု လက်ရှိ အခြေအနေအရ စီးပွားရေး အဆင် မပြေသူက များပါတယ်၊ ဝန်ထမ်းက အနည်းစု ဖြစ်ပေမယ့် သူတို့က အဆင်ပြေတာများတယ်” ဟု ၎င်းက ဆိုသည်။

နောက်ဆုံး သတင်းအရ အဆိုပါအခင်းဖြစ်ပွားချိန်တွင် သေမှု သေခင်းနှင့် ပတ်သက်၍ ဒေသခံအာဏာပိုင်များနှင့် ရဲအဖွဲ့က တစုံတရာ စုံစမ်းမေးမြန်းအရေးယူခြင်း မရှိခဲ့ဘဲ ယခုရက်ပိုင်းတွင်မှ ရပ်ကွက်က တာဝန်ယူသင်္ဂြီုဟ်ပေး ထားသော မိသားစု ၃ ဦး ၏ အလောင်းများကို ပြန်လည်တူးဖော် စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။

ဧရာဝတီ

0 comments: