Thursday, June 26, 2008

မျိုးရန်နောင်သိန်းကို ဆေးကုသခွင့်မပေး

ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ 26 2008 19:50 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်း၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသော်လည်း ထောင်အာဏာ ပိုင်များက ဆေးကုသခွင့် မပေးသည့်အပြင် ယနေ့တွင် ရုံးထုတ်ခဲ့သည်။
၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ကာ အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသည့် ကမာရွတ်မြို့နယ်မှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အသက် ၃၄ အရွယ် ကိုမျိုးရန်နောင်သိန်းမှာ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်သလို ဖြစ်နေသော်လည်း ဆေးကုသခွင့် ပိတ်ပင် ထားခံရခြင်း ဖြစ်သည်။

“ဒီနေ့ ရုံးထုတ် စစ်ဆေးတယ်။ ဆေးကုသခွင့် မရသေးဘူး။ ဆေးစာ အပြင်ထုတ်ခွင့် မရသေးဘူး။ သူက စစ်ကြောရေးမှာ ရိုက်နှက်ထားတဲ့ ဒဏ်ကြောင့်ပေါ့နော်၊ အောက်ပိုင်း သေသွားသလို ဖြစ်နေတယ်။ ဒီအတိုင်း လမ်းလျှောက်မရဘူး။ ထမ်းစင်နဲ့ တရားရုံး တက်ရတယ်” ဟု မျိုးရန်နောင်သိန်း၏ အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေဦးမြင့်သောင်းကလည်း “ဒီနေ့ ရုံးထုတ်တာ ခြေထောက် နှစ်ချောင်းက လုံးဝ လမ်းမလျှောက်နိုင်ဘူး။ သူက ကျန်းမာရေး မကောင်းတော့။ ကျနော်တို့ အာမခံလည်း မရဘူး။ ပွေ့ချီပြီးတော့ ရုံးထုတ်တယ်။ သက်သေမလာတော့ ရမန် ပြန်ယူရတယ်” ဟု မဇ္ဈိမကို ပြောသည်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ကျောင်းသား ဆန္ဒပြပွဲများတွင် ခေါင်းဆောင်ခဲ့သဖြင့် အခြား ၈၈ မျိုးဆက် ကျောင်းသားများ ၈ ဦးနှင့်အတူ ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် ကိုမျိုးရန်နောင်သိန်းအား အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ လ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင် ဦးဆောင်ခဲ့ပြန်သဖြင့် ယခုလို ထပ်မံ ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။ နှစ်ကြိမ်စလုံးတွင် အာဏာပိုင်များက နှိပ်စက် ညှဉ်းပမ်းခံရသည်ဟု မျိုးရန်နောင်သိန်း၏ သူငယ်ချင်းဖြစ်သူ ထိုင်းနိုင်ငံနေ ကိုကျော်လင်းဦးက ပြောသည်။

ရှေ့နေ ကိုဖိုးဖြူ အဆိုအရ လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ပြစ်မှုမြောက်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ကျနိုင်သည်ဟု ဆိုသည်။

ကိုမျိုးရန်နောင်သိန်းနှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၄ ဦးကိုလည်း ယနေ့တွင် ရုံးထုတ်ခဲ့သေးသည်။

သံလျင်မြို့နယ်မှ ကိုဇော်မင်း၊ ကမာရွတ်မြို့နယ်မှ မင်းမင်း ခေါ် ဘောင်ဘောင်၊ မြောက်ဥက္ကလာပမှ မခင်မိုးမိုး၊ ကိုကျော်စိုးတို့ကိုလည်း ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စွဲချက်တင်ထားရာ မခင်မိုးမိုးနှင့် ကိုကျော်စိုးအား နိုင်ငံခြား ဒေါ်လာငွေ လက်ဝယ် တွေ့ရှိသဖြင့် ငွေကြေးလဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ နှင့်ပါ ပူးတွဲ စွဲချက် တင်ထားသည်ဟု အကျိုးဆောင်ရှေ့နေ ဦးမြင့်သောင်းက ပြောသည်။
မဇ္ဈိမ

0 comments: