Monday, August 4, 2008

ကျနော်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်

(ခန့်ပွား)
http://naytthit.com ...မှ

ကျနော်တို့၏ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် (West Yangon University) ကြီးကို ၂၀၀၁ ခုနှစ် ဇွန်လတွင် စတင်ဖွင့်လှစ် လိုက်ပါသည်။ ပျော်ကြသည်။ တက္ကသိုလ် တက်ကြရမည်ဆိုတော့ ကျနော်တို့ သူငယ်ချင်းတွေ ပျော်နေကြသည်။ (၁၀)တန်း မအောင်သေးသည့် ကောင်တွေလည်း ပျော်ကြသည်။ သူတို့တွေလည်း လိုက်၍ အရက်သောက်လို့ ရသောကြောင့် ဖြစ်သည်။ သူတို့တွေက ပိုတောင်ပျော်နေကြ သေးသည်။

ကျောင်းစတက်ပါပြီ။ မြန်မာပြည်ထုတ် ဂရင်းရွိုင်ရယ်ဝီစကီ (၃) လုံးနှင့် ဖြစ်သည်။ သူငယ်ချင်း အားလုံး (၁၁) ယောက်၊ တကယ်တက်တဲ့ သူက (၄) ယောက်၊ ရုက္ခဗေဒက (၃) ယောက်နှင့် ဒဿနိကဗေဒက (၁) ယောက် ဖြစ်သည်။ ကျောင်းက နှစ်ထပ်ဆောင် (၆) ဆောင်ရှိသည်။ ဘေးပတ်ပတ်လည်တွင် လယ်ကွင်း များနှင့်ရေများပဲ တွေ့ရသည်။ ကျနော်တို့အတွက် ဒါကပဲ တော်တော်ကောင်းနေသည်။ ကျောင်းသား ကျောင်းသူများ ၄၊ ၅ ယောက်တွေ့ရသည်။ ကင်တင်းဘက်မှာများလောက်မည်။ ဒါနဲ့ ကျနော်တို့ ကင်တင်း ဘက်ဆက်သွားကြသည်။ အဝတ်အစားတွေကတော့ အိမ်ကအကောင်းဆုံးတွေ ဝတ်လာကြတာ ဖြစ်သည်။

တွေ့ပြီ။ ကင်တင်းကိုတွေ့ပြီ။ ကျောင်းသားကျောင်းသူ တော်တော်များများ ထိုင်နေကြသည်။ တက္ကသိုလ် စတိုင်နှင့် ထိုင်နေကြခြင်း ဖြစ်သည်။ ငယ်ငယ်တွေရော၊ ကြီးကြီးတွေရောပါသည်။ ငယ်ငယ်ဆိုတာက ၂၀၀၀ခုနှစ်တွင် အောင်ပြီး လာတက်သူများ ဖြစ်သည်။ ကြီးကြီးဆိုသည်က အခု ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ဖွင့်မှ လာတက်ကြသော သူများဖြစ်ကြသည်။ ကျနော်တို့လို ကြီးပေါကြီးများ ဖြစ်ကြသည်။

ကင်တင်းတွေကလည်း မိုက်သည်။ အရက်ရသည်။ မူးလာရင်အိပ်ဖို့နေရာ ရသည်။ ကောင်မလေးနှင့် နှစ် ယောက်တည်း ချိန်းတွေ့လို့ရအောင် အခန်းလေးများ လုပ်ပေးထားသည်။ ကင်တင်းတွေဆိုတာ အများကြီး မဟုတ်ပါ။ ဆိုင်ခန်းလေးတွေကို တန်းစီထားသည့် အတန်းလေးသာ ဖြစ်သည်။ ဒါပေမယ့် ကျနော်တို့ အတွက်တော့ တကယ့်ကို နတ်ပြည်နတ်နန်း ဖြစ်သည်။ တကယ် ပြည့်စုံသည့်တက္ကသိုလ် ဖြစ်သည်။

အဲဒါနဲ့ ကျနော်တို့ အရက်သောက်သည်။ နှစ်လုံးကုန်တော့ အတန်းတက်မည်နှင့် မတက်မည်ကို ငြင်း ကြသည်။ (၁၀)တန်း မအောင်သေးသည့်ကောင်တွေလည်း ဝင်ငြင်းကြသည်။ ငြင်းရင်းနဲ့ အရက် (၃) လုံး ကုန်သွားသည်။ နာရီကြည့်တော့ ၁၁း၀၀၊ အခန်းတွေဘက်ကို လမ်းလျှောက်ကြသည်။ တကျောင်းလုံးရှိ ယောက်ျားလေး အကုန်မူးနေကြသည် (ကျနော်တွေ့သမျှကို ပြောတာဖြစ်သည်)။ ဒဿနိကမေဂျာကကောင် က သူ့အတန်းသွားဖို့ ပြောသည်။ အကုန် လိုက်သွားသည်။ ဒီကောင် ပျော်သွားသည်။ မေဂျာ တခုလုံးတွင် သူတယောက်ထဲ ရှိသည်။ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၏ ဒဿနိကမေဂျာ တခုလုံးတွင် ကျောင်းသား တယောက်သာ ရှိသည်။ အဲဒါ သူဖြစ်နေသည်။ ဒီကောင်က နောက်ထပ် ကျောင်းသား ထပ်ရောက်မလာဖို့ ဆုတောင်းနေသည်။

ပြီးတော့ ကျနော်တို့ ကျောင်းသားရေးရာဘက်ကို သွားကြသည်။ ကပ်ထားသည့် စာရွက်များပေါ်တွင် လိုက်ကြည့်ကြည့်ရာ မေဂျာတွေ အားလုံးပေါင်း ကျောင်းသား (၅၂၇) ယောက် ရှိသည်။ ကျနော်တို့ ရုက္ခ ဗေဒတွင် (၂၆) ယောက် ရှိသည်။ ဘူမိဗေဒတွင် နည်းနည်းများသည်။ ကောင်မလေးတွေကလည်း အလှ တော်တော် ပြင်ထားကြသည်။ မျက်နှာတွေကို မော့ပြီး၊ ဖိုင်လေးတွေကို ရင်ဘက်မှာပိုက်ပြီး လမ်းလျှောက် ကြသည်။ တက္ကသိုလ်စတိုင် ဖြစ်သည်။

အတန်းထဲတွင် ဆရာမများ ပိုက်ဆံကောက်နေသည်။ ကျူတိုရီရယ်ဖိုးတွေ၊ ပရယ်တီကယ်ဖိုးတွေ ဖြစ်သည်။ ကျနော်တို့ အပြင်ကကြည့်ပြီး ကင်တင်းကို ပြန်လှည့်လာကြသည်။ အရက် ထပ်သောက်ကြသည်။ ဖဲဝိုင်း တွေလည်း တော်တော်များသည်။ အတွဲတွေကလည်း ပန်းခြံထဲမှာထက် ပို၍ကဲကြသည်။ ကြည့်လို့တော့ ကောင်းသည်။ ညနေ (၃) နာရီလောက်တွင် ကျနော်တို့လည်း တော်တော်မူးနေကြပြီ။ တခြား ကျောင်းသား တွေလည်း မူးနေကြသည်။ အတွဲတွေကတော့ ချွေးတွေ ပြန်နေကြသည်။ ဖဲဝိုင်းတွေမှာလည်း ရှုံးတဲ့သူက ကားခ ပြန်တောင်းနေသည်။

ကျောင်းဆင်းပြီ။ ကျနော်တို့ ပြန်ကြသည်။ ကားတွေကလည်းကြပ်၊ အရက်နံ့တွေကလည်း တထောင်း ထောင်းထ၊ ချွေးတွေလည်းရွှဲ (မိုးရွာနေရင်တော့ မိုးရေလေးတွေနဲ့ပေါ့)၊ ဖဲရှုံးတဲ့ သူတွေကလဲ တောက် တခေါက်ခေါက်။

အိမ်ပြန်ရောက်တော့ ပင်ပန်းနေပြီ။ နောက်နေ့ တက္ကသိုလ်တက်ဖို့ ပြင်ဆင်ရဦးမယ်။

0 comments: