Sunday, August 24, 2008

ကုလသမဂ္ဂ၏ နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံး

ဧရာဝတီ | သြဂုတ် ၂၂၊ ၂၀၀၈
နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများသို့ ကမ္ဘာ့ကုလသမဂ္ဂ အစီအစဉ်ဖြင့် လေကြောင်းမှ သွားရောက် ကူညီနေသည့် အစီအစဉ်များ ပြီးဆုံးပြီဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အဖွဲ့က ကြေညာလိုက်သည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်သည့် WFP အဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည့် ကြေညာချက်အရ မေလ ၂၄ ရက်နေ့မှစ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်မှတဆင့် မုန်တိုင်းဒဏ်ခံရသည့်ဒေသများသို့ လေယာဉ်ပျံ ခေါက်ရေ ၂၃၀ ကျော် ပျံသန်းခဲ့ပြီးနောက် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။
WFP အဖွဲ့က မုန်တိုင်းသင့်ဒေသများသို့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်း၊ သောက်ရေသန့် ထုတ်လုပ်သည့် ကိရိယာ၊ ခြင်ထောင် စသည်တို့ကို တန်ချိန်လေးထောင်နီးပါး လေကြောင်းမှ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အစည်းများက စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ကယ်ဆယ်ရေးပစ္စည်းများ တန်ချိန် ၂၈၀၀၀ ကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ဒုက္ခသည် ခုနှစ်သိန်းအတွက် ဆက်လက်ကူညီသွားမည်ဟု WFP ကြေညာချက်က ဆိုသည်။
နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များက ဒုက္ခသည်များကို ဆက်လက်ကူညီသွားမည်ဆိုသော်လည်း အစားအစာနှင့် အလုပ် အကိုင်အခွင့်အလမ်းအတွက် မြို့ပေါ်ဒေသများသို့ ဒုက္ခသည်များ အဆက်မပြတ် ရောက်ရှိနေကြသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ လေဘေးဒုက္ခသည်တဦးက “ရွာမှာတော့ စားစရာ ဘာမှမရှိဘူး … ငါးလုပ်ငန်း၊ စိုက်ပျိုးရေး စတဲ့လုပ်ငန်းတွေကလည်း ပြန်မစနိုင်သေးဘူး။ အဲဒီတော့ တခြားလူတွေဆီက အကူအညီကိုပဲ လက်ခံနေရတာပေါ့” ဟု ပြောသည်။

0 comments: