ကြည်ဝေ | သြဂုတ် ၁၊ ၂၀၀၈
ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်တွင် စစ်အစိုးရ ဆန့်ကျင်ရေးစာများနှင့် ရှစ်လေးလုံး အထိမ်းအမှတ် စာများကပ်သည့် လှုပ်ရှားမှု ကြောင့် လုံခြုံရေး ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။
ဒဂုံတက္ကသိုလ် ပထ၀ီဋ္ဌာန ပါမောက္ခရုံးခန်းနှင့် စာသင်ဆောင် အမှတ် ၃၀ တို့တွင် စစ်အစိုးရ ဆန့်ကျင်ရေးစာနှင့် ရှစ်လေးလုံး အထိန်းအမှတ်စာတမ်းတချို့ကို ဇူလိုင်လ ၃၀ ရက်နေ့က ကပ်ခဲ့ခြင်းဖြစ်သည်ဟု ပထ၀ီဋ္ဌာနမှ ဆရာမတဦးက ပြောဆိုသည်။
“ပါမောက္ခကတော့ ကြားကြားခြင်း ချက်ခြင်းသွားဖြုတ်တာပဲ၊ ကျောင်းသားတချို့တော့ တွေ့သွားကြတယ်”ဟု ၎င်းက ပြောသည်။
ဒဂုံတက္ကသိုလ်အတွင်းရှိ စာသင်ဆောင်အတော်များများတွင် စာကပ်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်စာဋ္ဌာန၏ စာသင်ဆောင်တချို့ တွင် ကပ်ထားကြောင်း မြင်တွေ့ခဲ့သော ကျောင်းသားများကလည်း ပြောပြသည်။
ယင်းလှုပ်ရှားမှု နောက်ပိုင်း၌ ဒဂုံ တက္ကသိုလ်အပါအ၀င် ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်များတွင် ကျောင်းသား အယောင် ဆောင်ရဲများ၊ ထောက်လှမ်းရေးများမှာ ကျောင်းတွင်းနေရာ အနှံ့ရှိနေကြပြီး ကျောင်းဆောင်များရှိ ဆရာ၊ ဆရာမများ နားနေ ခန်းများပါမကျန် လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ကျောင်းသား အယောင်ဆောင် ရဲများမှာ စာသင်ဆောင်များ၊ ကျောင်းသား နားနေဆောင်များ၊ စားသောက်ဆိုင် ကန်တင်း များ၊ ဘတ်စ်ကားမှတ်တိုင်များ စသည့်နေရာတို့တွင် စောင့်ကြပ်လျက်ရှိသလို၊ ၎င်းတို့ကိုလည်း လုံခြုံရေးကင်း စောင့်ခိုင်း လျက်ရှိကြောင်း ဆရာ၊ ဆရာမများက ပြောသည်။
“ပါမောက္ခတွေရော၊ ကထိကတွေရော အားလုံးပဲ လုံခြုံရေးအရ ကင်းစောင့်နေရတယ်”ဟု ဒဂုံတက္ကသိုလ်မှ ပါမောက္ခ ဆရာမ တဦးက ပြောဆိုသည်။
ထိုသို့ ကျောင်းတွင်း စာကပ်ခံရခြင်းကြောင့် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ကိုလည်း နေပြည်တော်မှ ခေါ်ယူစစ်ဆေးသည်ဟု ဒဂုံတက္ကသိုလ် ၀န်ထမ်းများထံမှ ကြားသိရသည်။
“ကျောင်းသားရေးရာ ဋ္ဌာနကိုဝင်ပြီး ကျောင်းသားတွေရဲ့ ကိုယ်ရေးတွေတောင်းနေတယ်လို့ သိရတယ်။ သူတို့ သံသယရှိတဲ့ ကျောင်းသားတွေကိုလည်း စောင့်ကြည့်နေတယ်”ဟု ဒဂုံ တက္ကသိုလ် ၀န်ထမ်းတဦးက ပြောသည်။
ဒဂုံတက္ကသိုလ်သည် ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်များတွင် ကျောင်းသားဦးရေ အများဆုံး တက္ကသိုလ် တခုဖြစ်ကြောင်း သိရှိရသည်။
Friday, August 1, 2008
ရန်ကုန်ရှိ တက္ကသိုလ်များ လုံခြုံရေး တင်းကျပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment