Monday, August 4, 2008

ဒေါင်းလေ၊ ဒေါင်းလွင့် နှင့် ဒေါင်းရေပေါ်ဆီ များသို့

တုံချိချိ အမေအိုနဲ့
အမေ့ကို ကံရှိသလောက်
လူ့ဘဝမှာ သက်တမ်းစေ့လေး
နေနိုင် စေဘို့
တုံချိချိ အမေအိုနဲ့
အမေ့ကို ကံရှိသလောက်
လူ့ဘဝမှာ သက်တမ်းစေ့လေး
နေနိုင် စေဘို့

ကော်ဖီရောင် အသားအရေနဲ့
မဝရေစာ ဘဲစားရလို့
အဟာရ ချို့တဲ့နေတဲ့
ပိန်လှီလှီ ခန္ဓာကိုယ်ကို အရင်းပြုပြီး
အိမ်သားတွေ မရိပ်မိအောင်
အလုပ်ကျွေး ပြုနေတဲ့
ဆယ့်ရှစ်နှစ် အရွယ်
နှမ ငယ်ကို
မြို့တော်ရဲ့ အစွန် အဖျား
ကျူးကျော် ကွက်သစ်ကြားမှာ
ခဏ ဆိုပြီး ထားရစ်ခဲ့ကာ
နေဝန်းနီနီ ပေါ်ထွက်တဲ့
သူရဲကောင်း တော်လှန်သူတွေရှိတဲ့
လွတ်မြောက်နယ် မြေကို
မျှော်လင့်ချက်တွေ တလှေကြီးပိုက်ပြီး
သူဆိုက်ဆိုက် မြိုက်မြိုက် ရောက်ခဲ့တယ်လေ။
မြို့အနားမှာကျက်စားတဲ့ ကိုကိုမြို့သား
တောထဲရောက်စ
တောသဘာဝ သိပ်မကျသေးတော့
တောသူတောင်သား တိုင်းရင်းသားတွေ
ရှာဖွေမျှတ ကျွေးခဲ့ကြတဲ့
အသားငါးဖါးတွေကို
ငါးဆိုရင်လည်း အရိုးကများသေး
မျောက်ဆိုရင်လည်း ချေးကခါးသေး
ဝါးမျိုမကျ ထွေးအံရဘူးပြီ။
အတန်းကျောင်းတက်စဉ်က
ကိုလူလည်မြို့သားတွေနဲ့
အတူနေခဲ့ဘူးတော့
မျက်လုံးလေး နဲနဲကျယ်ပြီး
လူရေလည်ခဲ့ ဘူးသူ
ဘိုစာလေး စကားမှာညှပ်ပြော
ရက်စ် အော် နိုး ပေါ့နော…
အော်….နောက်ဆုံးတော့
တိုက်ဖေါ်တိုက်ဖက် ငတ်ဖေါ်ငတ်ဖက်
ကိုဒေါင်းနဲ့ ငှက်ကို
နယ်ခြားနဲ့ တောင်ကြားမှာချန်
တောထဲမှာ အနေခက်
မြို့ကို တက်ခဲ့ရပြန်ပြီ။
မာကျူရီမီးများရဲ့အောက်
မြို့ကြီးများရဲ့ အကွေ့အကောက်
မြို့သူများရဲ့ မာယာတွေကြား
မနစ်ပါးအောင် လူးလွန့်ရုံးကန်
အချိန်တန် တော့ အတွဲကလေးနဲ့ငြိ
ဒါပေမယ့်လေ…
ကိုယ့်ကိုယ်ကို အနစ်အမွန်းမခံ
သင်တန် သင် ဖတ်တန် ဖတ်
အဲဒါမှ အငတ်ခံရတဲ့ ဘဝ က
တရံမလပ် လွတ်မယ်မဟုတ်လား။
အကွေ့ အကောက် အနိမ့် အမြင့်
အတက် အဆင်း
အလိမ် အကျစ် အဆင့်ဆင့်ကို
အနှစ်နှစ် ဖြတ်သန်း
ရမ်းရော်ကာ မှန်းမျှော်ကြည့်သော်
အော်… အနှစ် နှစ်ဆယ်တောင် ရှိတော့မှာပါလား….
တချို့လည်း အာဇာနည် အဖြစ် သေရစ်ခဲ့ကြပြီ
တချို့လည်း ခြေလက် ကိုယ်အင်္ဂါ စွန့်ခဲ့ရပြီ
တချို့လည်း ပညာတတ်တွေ ဖြစ်ခဲ့ကြပြီ
တချို့လည်း အကယ်ဒမစ် (Academic) တွေ ဖြစ်ခဲ့ကြပြီ
တချို့လည်း စစ်ရေးကျွမ်းကျင်သူတွေ ဖြစ်ခဲ့ကြပြီ
တချို့လည်း နိုင်ငံရေး ကျွမ်းကျင်သူတွေ ဖြစ်ခဲ့ကြပြီ
တချို့လည်း သတင်းသမား (Journalist) တွေဖြစ်ခဲ့ကြပြီ
တချို့လည်း NGO တွေဖြစ်ခဲ့ ကြပြီ
တချို့လည်း Project နဲ့ လုပ်စားတဲ့ နိုင်ငံရေးသမားတွေ ဖြစ်ခဲ့ကြပြီ
တချို့လည်း နိုင်ငံတကာဆုရတဲ့ လူ့အခွင့်ရေးသမားတွေ ဖြစ်ကြပြီ
တချို့လည်း (နိုင်ငံရေး) အဖွဲ့ကြီးတွေမှာ အကောင်ကြီးတွေ ဒါရိုက်တာ ကြီးတွေ ဖြစ်ကြပြီ
တချို့လည်း အမေရိကန် နိုင်ငံသားတွေ ဖြစ်ကြပြီ
တချို့လည်း ……………
တချို့လည်း ……………
တချို့လည်း ……………ဖြစ်ခဲ့ကြပြီ ဖြစ်ကြပြီ….
ဒီလိုနဲ့ သူတို့ကိုယ် သူတို့
ပြန်ကာမြင်ကြည့်
ငါဆရာလို့ ထင်မိ
ငါသာသိတယ်လို့ ထင်ယောင်
ငါ အကောင် အကောင် ပေါ့၊
ဒါပေမယ့်
သူတို့ မေ့ သူတို့ မသိ တော့တာက…
အဟာရပြည့်အောင်
ထမင်းရည်တောင်
မှန်အောင် မသောက်နိုင်တဲ့ အမေအို
ဘဝ တပါးကို
ပြောင်းသွားပြီး ဆိုတာရယ်၊
တမိသားစုလုံး ရဲ့ ဝန်ကို
မနိုင့်အနိုင် ထမ်းရင်း
အေ့စ် လို့ အခေါ်
ကိုယ်ခံအား ကျဆင်းတဲ့ ရောဂါနဲ့
မရဏ မင်း ခေါ်ရာနောက်
ကောက်ကောက်ပါအောင်
လိုက်သွားရရှာတဲ့ နှမ ငယ်ရယ်၊
လောကဓံရဲ့ ခါးသီးတဲ့ အနှိပ်စက်
မျှမတတဲ့ ကံကြမ္မာ တွေကြောင့်
လူ့ဘောင်ကိုစွန့်ခွါ
သာသနာ့ ရိပ်ကို
ခိုဝင်သွားတဲ့ မောင်ဘွား
ရွှေဝါရောင် အရေးခင်းမှာ
ပြည်သူဘက်က မျှတခံစားမိပြီး
မေတ္တာသုတ် ရွတ်ကာ စကြံ င်္လျှောက်
မီးလျှံတောက်တဲ့ အကြည့်တွေရယ်
လက်မှာကွယ် ဝါးလုံးအဆစ်ပိတ်
ထိုဝါးလုံးပိတ်နဲ့ (မင်းညီမောင်) ဒို့ ဘုန်းဘုန်း ထိပ်ကိုရွယ်
သက်ညှာမယ် ဒင်း (စွမ်းအားရှင်) တို့ စိတ်မကူးဘဲ
အုံး ကနဲခွဲ ဘုံး ကနဲလဲပြီး
ဦးခေါင်းတော်က သွေးတွေရယ်
မြို့ရဲ့လယ် ပေတရာလမ်းကို
သွေးပင်လယ် အဖြစ် လွှမ်းကာလေ
မရဏာ လမ်းကို ပြည်သူတွေအတွက်
ရှေ့ကကြွလှမ်း
ကြွလှမ်း သွားပြီဆိုတာရယ်၊
အဲဒီလို
သူတို့ရဲ့ အမေ
နှမငယ် နဲ့ မောင်ဘွား
ဘာရယ် ကြောင့် များ
လူ့ပြည်မှာနေ မအားဘဲ
သေ… သေ သွား ကြသလဲ ဆိုတာ
သူတို့မေ့ သူတို့ မသိ
(အခုတော့)
သူတို့ သိလည်း မသိချင်တော့ဘူးထင်ပါတယ်။ ။
မောင်း၊ ၈၈
ကိုမောင်မောင်မှပေးပို့သည်

0 comments: