Thursday, July 3, 2008

ကွမ်းခြံကုန်း လယ်သမားများ ဒေသရင်းမျိုးစပါး ရရှိရန် အခက်ကြုံ

ကြည်ဝေ/ကွမ်းခြံကုန်း | ဇူလိုင် ၃ ၊၂၀၀၈

မုန်တိုင်းသင့်ဒေသများမှ လယ်ယာမြေများတွင် ထွန်တုံးပိတ်အချိန်မီ စပါး စိုက်ပျိုးရန်အတွက် ဒေသရင်းမျိုးစပါးများ လိုအပ်လျက်ရှိကြောင်း တောင်သူလယ်သမားများထံမှ သိရှိရသည်။

မုန်တိုင်းကြောင့်ပျက်စီးခဲ့ရသည့် လယ်ယာမြေများအတွက် မျိုးစပါးတွေကို လက်ခံရရှိကြသော်လည်း ၊ လက်ခံရ ရှိသောမျိုးများမှာ ဒေသရင်းမျိုးစပါးမဟုတ်သည့်အတွက် စိုက်ပျိုးရန် အခက်အခဲဖြစ်လျက်ရှိကြောင်း ရန်ကုန် တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှ တောင်သူလယ်သမားများက ပြောသည်။

“ကျနော်တို့ ဒေသ၊ ကျနော်တို့ရေမြေနဲ့ ကိုက်ညီတဲ့ မျိုးရင်းကိုပဲ စိုက်မှရမှာပါ၊ အခုဖြစ်သလို ရရာမျိုးစပါးကိုပဲ တမိုးတသီးဖြစ်ရင်ပြီးပြီးရော သဘောမျိုးနဲ့စိုက်မယ်ဆိုရင် ထွက်နှုန်းမကောင်းတဲ့အပြင်၊ အဖျင်းတွေပဲ ထွက် လာမှာ”ဟု ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှ လယ်သမားတဦးက ပြောဆိုသည်။

အစိုးရနှင့် ပုဂ္ဂလိကပိုင်းမှ စပါးမျိုးများ ရရှိသော်လည်း ပျိုးလိုက်သောအခါ အပင်ပေါက်မညီခြင်းကို တွေ့မြင်ရ ကြောင်း၊ ထိုသို့ မျိုးစပါးမကောင်းက ထွက်နှုန်းညံ့ဖျင်းနိုင်သလို နောင်နှစ် ၀မ်းစာ စပါးအတွက်ပါ အခက်အခဲ ဖြစ်နိုင်ကြောင်း လယ်သမားများထံမှ ကြားသိရသည်။

ရန်ကုန်တိုင်းအနေနှင့် ထန်းတပင်နှင့်တွံတေးမြောက်ဘက်ခြမ်းမှထွက်သော မျိုးစပါးများကိုရရှိနိုင်လျှင် အဆင်ပြေ နိုင်သော်လည်း ယခုအခါအဆိုပါဒေသများမှာ မျိုးစပါးခွဲပေးနိုင်လောက်သည်အထိ အခြေအနေမရှိ သောကြောင့် မျိုးစပါးအတွက် အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း၊ လက်ရှိထွန်တုံးပိတ်ချိန်( နယုန်၊ ၀ါဆို)တွင် မျိုးစပါးတန်ဖိုးမှာ တင်းတရာလျှင် အနည်းဆုံးကျပ် ၄ သိန်း မှ ကျပ် ၅ သိန်းနှင့်အထက် ပေါက်ဈေးရှိနေကြောင်း ကြားသိရသည်။

ဧရာဝတီတိုင်းတွင် စိုက်ပျိုးခဲ့သောမျိုးများမှာလည်း ပေါ်ဆန်း၊ ရွှေဝါထွန်းတို့၊ ဆင်းရွှေဝါ ၊ သီးထပ်ရင် စသည့် မျိုးများဖြစ်သည်ဟု သိရပြီး ယခုအစိုးရမှခွဲဝေပေးသော မျိုးများအများစုမှာငစိန်၊ တောင်ယာ၊ နှံကား၊ မီးဒုံး စသည့် မျိုးများဖြစ် ပြီး ဧရာဝတီတိုင်းထွက်မျိုးရင်းများမဟုတ်သည့်အတွက် ထွက်နှုန်းညံ့ သွားနိုင်သလို၊ စိုက်ပျိုးပြီး အားလုံးလည်း ဆုံးရှုံးသွားနိုင်သည်ဟု ဆန်ကုန်သည်များက ခန့်မှန်းကြကြောင်း သိရှိရသည်။

“ဒီမှာစိုက်နေကြမျိုးတွေမှာ ပေါ်ဆန်းမျိုးတွေများတယ်၊ ရွှေဝါထွန်းတို့၊ ဆင်းရွှေဝါတို့လည်း စိုက်တယ်၊ ခုမှ ငစိန် လို၊ မီးဒုံးလို မျိုးတွေ စိုက်မယ်ဆိုရင် ထွက်နှုန်းညံ့မှာကတော့ သေချာတယ်၊ အဆိုးဆုံးထိ ပြောရရင် စိုက်ပြီး အားလုံး ဆုံးရှုံးသွားနိုင်တယ်”ဟု ဧရာဝတီတိုင်းမှ ဆန်စက်လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မျိုးစပါးများအနေနှင့် မနောသုခ၊ ရွှေဝါထွန်း၊ သီးထပ်ရင်၊ ကျော်ဇေယျ၊ ဆင်းရွှေဝါ၊ မနော်ဟရီ၊ ဆင်းသွယ်လတ်၊ အင်းမဘော်၊ ဆင်းဧကရီ၊ မှော်ဘီ၊ ဧရာမင်း၊ ပေါ်ဆန်းမွှေး၊ ရေဆင်းလုံးသွယ်၊ လုံးသွယ်မွှေး၊ နံ့သာမွှေး၊ ဥသမွှေး၊ ရဲဘော်လတ်တို့အပြင် ဒေသမျိုးများဖြစ်ကြသော ငစိန်၊ ငကျွဲ၊ တောင်ယာ၊နှံကား၊ မီးတောက် တို့ဖြစ်ပြီး နေရာဒေသတခုနှင့်တခု ရေမြေအခြေအနေကိုလိုက်ပြီး စိုက်ပျိုးရသော မျိုးစပါးများလည်း တူညီခြင်း မရှိ ကြောင်း ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပညာရှင်တဦး၏ ပြောပြချက်အရ သိရှိရသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဝင်းအေးဖေက အသင်းအနေနှင့် ဒေသမျိုးရင်းစပါးများရရှိရန်အတွက် လက်လှမ်းမီသလောက် စည်းရုံးဆောင်ရွက်နေကြောင်း၊ ဧရာဝတီတိုင်း အတွက် မျိုးစပါးတချို့ကို ပုသိမ်နှင့် ပဲခူးတိုင်းတို့မှ ရယူထားသလို၊ ရန်ကုန်တိုင်း အတွက် မျိုးစပါးတချို့ကိုလည်း ပဲခူးတိုင်းနှင့် ထန်းတပင်မြို့နယ်တို့ဘက်မှ ရယူထားကြောင်း ပြည်တွင်းမီဒီယာများကို ဖြေဆိုခဲ့သည်ဟု သတင်း ထောက်များက ပြောသည်။

မုန်တိုင်းကြောင့် ဆုံးရှုံးခဲ့ရပြီး ရေငန်ဒဏ်ခံမျိုးစပါးလိုအပ်နေသော ဒေသများမှာ ဧရာဝတီတိုင်းတွင် ပြင်စလူ၊ သင်္ဃန်းကြီး၊ သင်္ဃန်းလေး၊ ဆင်ခြေရာ၊ မိကျောင်းအိုင်၊ ဘီတွတ်၊ ရေဝေ၊ ပြင်ခရိုင်၊ ချောင်းဝ၊ သက္ကယ်သောင်၊ ဘုန်းတော်ပြည့်၊ ဒီဒူးကုန်း စသည့် ဒေသများဖြစ်ကြောင်း သိရှိရသည်။

မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းမှ စိုက်ဧက ၁၀၆၆၂၇၁ ဧက၊ ရန်ကုန်တိုင်းမှ စိုက်ဧက ၃၀၀၇၁၃ ဧက ရေငန်ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိအနေအထားတွင် ထို စိုက်ဧက အားလုံးကို ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် အခက်အခဲရှိနေပြီး မျိုးရင်းစပါး တင်းပေါင်း ၈ သိန်းမှ ၁၂ သိန်းထိ ရရှိရန်လည်း မလွယ်ကူကြောင်း သိရှိရသည်။
ဧရာဝတီ

0 comments: