သန်းထိုက်ဦး
တနင်္လာနေ့၊ ဂျူလိုင်လ 07 2008 16:29 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ချင်းတွင်းမြစ်ရေသည် အချို့ နေရာများတွင် စိုးရိမ်ရေမှတ်ထက် ၆ ပေနီးပါး မြင့်တက်နေပြီ ဖြစ်ကြောင်း ရန်ကုန် မိုးလေဝသနှင့် ဇလဗေဒဌာန ပြောကြားချက်အရ သိရသည်။
နောက်ထပ် ၂၄ နာရီအတွင်း ပျှမ်းမျှအားဖြင် ရေအမြင့် ၃ ပေခန့် တက်သွားလိမ့်မှာ ဖြစ်ကြောင်းလည်း အမည်မဖော်လိုသူ မိုးဇလဗေဒ အရာရှိက ပြောသည်။ ပြည်ပအခြေစိုက် သတင်းဌာနများကို ဖြေကြားလျှင် အထက်အရာရှိများ၏ အပြစ်တင်ခံရမည်စိုး၍ သူမက အမည် ထုတ်ဖော်ပြောကြားလိုခြင်း မရှိပေ။
သို့သော်လည်း ယခုကဲ့သို့ မြစ်ရေ စိုးရိမ်ရေမှတ် ကျော်တက်မှုသည် ဖြစ်ရိုးဖြစ်စဉ်တခုလို ဖြစ်နေခဲ့သည်ဟု သူမက ထပ်မံ ပြောကြားသွားကာ အပျက်အစီး အဆုံးအရှုံးများနှင့် ပတ်သက်၍ ဖြေကြားရန် ငြင်းဆိုသွားသည်။
ရေတက်မှုကြောင့် ခန္တီးမြို့ဈေးပတ်ဝန်းကျင်တဝိုက် ရေအနက် ၄ ပေခန့် ရောက်ရှိနေပြီး မြေနိမ့်ရာဒေသမှ လူအများ ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း မဇ္ဈိမက ခိုင်လုံသော ဌာနဆိုင်ရာ သတင်းအရ သိရသည်။
မုံရွာနှင့် ကလေးမြို့များတွင် မြို့တွင်း ရေလျှံမှုဖြစ်ပွားခြင်း မရှိသော်လည်း ဟုမ္မလင်း၊ မော်လိုက်တို့တွင်လည်း မြို့တွင်းရေလျှံမှုများ ဖြစ်ပွားနေသည်ဟု ဒေသတွင်းမှလာသော ခရီးသွားများက ပြောပြကြောင်း မုံရွာမြို့ခံများက တဆင့် မဇ္ဈိမက စုံစမ်း သိရှိရသည်။
မော်လိုက်နှင့် ဟုမ္မလင်းမြို့များတွင် တယ်လီဖုံး ဆက်သွယ်၍ မရနိုင်၍ ဒေသခံများနှင့် ဆက်သွယ် မေးမြန်းခြင်း မပြုနိုင်သော်လည်း မုံရွာအခြေစိုက် မိုးလေဝသ တိုင်းထွာရေး စခန်းကတော့ မဇ္ဈိမသို့ ပြောကြားရာတွင် မော်လိုက်တွင် လူအသေအပျောက် မရှိဟု ဆိုသည်။
ကလေးဝတွင် လက်ရှိအချိန်တွင် ၁၄၁၅ စင်တီမီတာ မြင့်တက်နေပြီး နောက် ၂၄ နာရီအတွင်း ၁၅၅ဝ စင်တီမီတာသို့ တက်နိုင်မည်ဟု မုံရွာမိုးဇလ စခန်းက ပြောသည်။
ချင်းတွင်းမြစ်တလျှောက် ခန္ဓီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့များတွင် မိုးဇလ၏ တိုင်းထွာရေး စခန်းများ ထားရှိသည်။
မဇ္ဈိမ
Monday, July 7, 2008
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၆ ပေနီးပါးမြင့်တက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment