Wednesday, July 23, 2008

ရပ်ကွက်ထဲက ဗွီဒီယိုရုံ

(ခန့်အောင်)
http://www.naytthit.com မှ...


ကျနော်တို့နေတဲ့ရပ်ကွက်ထဲမှာ ဗွီဒီယိုရုံ တရုံရှိတယ်။ ပိုင်ရှင်ဖြစ်သူ နာမည်က ကိုထားဝယ်တဲ့။ လူပုံက မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းနဲ့ ထားဝယ်လို့သာပြောတာ စကားပြောရင် ထားဝယ်သံမ၀ဲဘူး။ ကိုထားဝယ် ကအိမ်ထောင်နဲ့။သမီးတယောက်သားသားတယောက်တောင် ရနေပြီ။ လူကတော့ပေါ့ပေါ့ ပါးပါးပဲ။ ကိုထား ၀ယ်က ရပ်ကွက်ထဲမှာ ၀င်ငွေရမယ့်အလုပ်ဆို အကုန်လုပ်တယ်။ အိမ်ဆိုင်ဖွင့်တယ်။ စက်ဘီးပြင်တယ်။ ၀ါး ခုတ်ရောင်းတယ်။ သုံးလုံးရောင်းတယ်။ စာကလေးထီရောင်းတယ်။ ရပ်ရေးရွာရေးဆိုလဲ ပါလိုက်သေးတယ်။ အလှူတွေဘာတွေမှာ ဒိုးပတ်ဝိုင်းတွေ့ရင် ၀င်ကလိုက်သေး။ သူ့မိန်းမ ကတော့ နားနဲနဲလေးတယ်။ သူ့ယောက်ကျားမျက်နှာက အဆိုတော် R-ဇာနည်နဲ့ တူတယ် ဆိုပြီး သူနဲ့ ခင်တဲ့လူတွေကို ကြွားတတ်သေး တယ်။
ကိုထားဝယ်ကတော့ စာမတတ် ရှာပါဘူး။ သူတို့ဇနီးမောင်နှံက ထုံစံအတိုင်း တခါတခါ စကားများ ရန်ဖြစ်တတ်သေးတယ်။ ဖြစ်ရတဲ့ အကြောင်းက မယ်မယ်ရရရယ်လို့ မဟုတ်ပါဘူး။ သုံးလုံထီ ထိုးတုန်းက တော့ ဘာမှမဖြစ်ဘူး။ ချဲထွက်တဲ့နေ့ ဆို အသံကြားရပြီ။ မပေါက်လို့ကတော့ သူထိုးတာများတယ်၊ ငါထိုးတာ များတယ်နဲ့ ချကုန်ကြရော။ သူတို့နှစ်ယောက် ရန်ဖြစ်ရင် ရပ်ကွက်ထဲက ကလေးတွေက သိပ်ပျော်ကြတာ။ သူတို့ နှစ်ယောက်က ရန်ဖြစ်ပြီဆိုတာနဲ့ ဆိုင်မှာတင်ထားတဲ့ မုန့်တွေကို သူတမျိုးငါတမျိုးယူပြီး တယောက်နဲ့ တယောက် အပြိုင်ပစ်ပေါက်ကြတာ။ ကလေးတွေက လိုက်ကောက်ပြီး စားကြတာပေါ့။ ကလေးတွေက ထားဝယ်တို့လင်မယား ဆူညံဆူ ညံဆို အဲဒီအိမ်နား ၀ိုင်းနေတော့တာပဲ။

ဗွီဒီယိုရုံနဲ့ပတ်သက်ပြီး ကိုထားဝယ်မှာအခက်အခဲတခုရှိတယ်။ ရုံရှေ့ကကြော်ငြာသင်ပုန်းမှာ ဇာတ်ကား အမည်၊ သရုပ်ဆောင်အမည်နဲ့ ဒီဇာတ်ကားက ဘယ်လိုဇာတ်ကားမျိုး ဖြစ်ကြောင်း၊ ဘယ်လိုဘယ်ပုံကောင်း ကြောင်းတွေရေးပြီး ဗွီဒီယိုပရိတ်သတ်ကို ဆွဲဆောင်ရတယ်လေ။ ရေးပုံသားပုံက လိုသေးတယ်။ ရုံအပြိုင် အဆိုင်တွေကလည်းရှိတော့ ကိုယ့်ရုံကသူများရုံထက် သာနေမှ တော်ရုံကျမှာ။ ဥပမာ အက်ရှင်ကားဆိုရင် အက်ရှင်လောက်ရေးလို့မပြီးဘူး။ အထူးအက်ရှင်၊ အထူးကြမ်း၊ စ - ဆုံးကြမ်း အဲဒီလို ကြော်ငြာမှ ပရိတ်သတ်ကလဲ သူ့ထက်သူ ကြမ်းတဲ့ရုံကိုမှ အားပေတာ လေ။ ကိုထားဝယ်ရဲ့အခက်အခဲက အဲဒါပဲ။ ရုံမှာပြဘို့အခွေငှားမယ်ဆိုလဲ ကာဘာပါ ပါမှ သူ့အတွက်က အဆင်ပြေတာ။ ဒါမှာကြည့်ရေးလို့ရမှကိုး။ ကြုံလို့ကူညီပြီး ပေးမဲ့သူရှိရင်တော့ အဲဒီနေ့က သူ့အတွက်အားလုံးကောင်းတဲ့ နေ့ပေါ့၊ ကူညီတဲ့လူနဲ့ မကြုံ တဲ့နေ့ဆိုရင်တော့ ကိုရီးယားစစ်ကားကိုလဲ ဂျပန်စစ်ကား ရေးလိုရေးပေါ့၊ ဒါက ပြဿနာမရှိသေးဘူး၊ ကိုရီးယား နဲ့ ဂျပန် စာလုံးတွေက ဗူးသီးကြော်ချင်းတူတယ်လေ။ စကားသံ ဗလုံးဗထွေးကလည်း သိပ်မကွာ တော့ ပြဿနာ မရှိနိုင်သေးဘူး။ အဓိက က သူပြောထားတဲ့အတိုင်းကြမ်း ဖို့ပဲလိုတယ်။

ဇာတ်ကားခေါင်းစဉ်တွေကို ကြည့်ရေးတာများလာတော့ တဖြည်းဖြည်း အကျင့်ရလာတဲ့ပုံပဲ။ နောက်ပိုင်း သူ့ ရုံမှာပြမဲ့ကားကြော်ငြာတွေကို သူ့ဟာသူ အရေးများလာတယ်။ စာလုံးပေါင်း နှစ်လုံးဆင့်တွေ ဘာတွေဆိုရင် တော့ အခက်အခဲတော့ နည်းနည်းရှိသေးတယ်။ တခါတော့ သူ့ရဲ့ ဗွီဒီယိုရုံ ပြည့်သွားတဲ့ထိဖြစ်အောင်ကို သူ့လက်စွမ်းပြလိုက်တယ်။ ရပ်ကွက်ထဲက ဗွီဒီယို အမှန်အကန်အားပေးတဲ့ ကာလသားတွေနဲ့ ကာလသား လွန်တွေကတော့ ကိုထားဝယ် ရုံရှေ့ကကြော်ငြာကိုဖတ်ပြီး ဒီညနေအတွက် အားခဲ ထားကြတာပေါ့၊ ဒါ မျိုးကရှားတယ်လေ၊ ညနေ ရောက်တယ်ဆိုရင်ပဲ ကိုထားဝယ်ဗွီဒီယိုရုံက လူခေါ်တဲ့သီချင်းတွေ စတိတ်ရှိုး တွေ စပြနေပါပြီ။ အမှန်အကန်ကြည့်မယ့် ပရိတ်သတ်ကြီးလဲ တဖွဲဖွဲ ရောက်လာ ကြပါပြီ။ ကာလသားတွေလဲ တယောက်မျက်နှာ တယောက်ကြည့်ပြီး ပြုံးစိစိနဲ့ပေါ့ဗျာ။ ကာလသားလွန်ကြီးတွေကတော့ မျက်နှာပိုး သတ်ပြီး ဘုရားလောင်းဇာတ်ထုတ် လာကြည့် တဲ့ဂိုက်မျိုး ဖမ်းထားကြတာပေါ့။ ကိုထားဝယ်တို့လင်မယား လဲ ဒီည ရုံလူပြည့်တော့ ပျော်နေတာပေါ့ဗျာ။

အချိန်ရောက်တယ်ဆိုရင်ပဲ ပရိတ်သတ်တွေစောင့်စားနေကြတဲ့ ဇာတ်ကားက စတင်ပြသပြီပေါ့။ ပြခါစဆို တော့ ပရိတ်သတ်ကြီးက သူတို့မျှော်လင့်နေတဲ့ အခန်းကို သည်းခံစောင့်စားပြီး ငြိမ်ပြီး ကြည့်နေကြ ပါသေးတယ်။ တအောင့်လောက်ကြာတော့ ရုံထဲက ပွစိပွစိနဲ့ အသံတွေ ထွက်လာပါတယ်။ ပွစိပွစိ အသံတွေ ကြားထဲကပဲ အသံတသံဆူပြီးထွက် လာပါတယ်။

“ဟေ့ကောင် ထားဝယ် မင်းရေးထားတဲ့ဇာတ်ကား မလာသေးဘူးလား”
ကိုထားဝယ် ပြန်ပြောလိုက်တဲ့ အသံကိုလဲ ကြားလိုက်ပါတယ်။
“ဒီကားပဲလေ”
“ဟား” ... “ဟေး”... “ဘာလဲကွ”... “ဘယ်လိုလုပ်တာတုန်း”...
“မင်းရေးထားတော့ ဟိုကားဆို.. မလာသေးပါလားကွ”
“စောင့်နေတာကြာပြီ”
ရုံထဲမှာ စတင်ပြီး ပွက်ထလာတဲ့ အသံတွေပါ။
“ဟေ့ကောင် ထားဝယ် ပိုက်ဆံပြန်ပေး”
“ထားဝယ် လူလိမ် မင်းရေးထားတဲ့ ကားပြတော့”
“မင်းကြော်ငြာထားတဲ့ကား ပြတော့လေကွာ”
“ငါတို့အခု မင်းပြနေတဲ့ကား ကြည့်ဖို့မဟုတ်ဘူးကွ”
“၀ုန်း” “ဖုန်း”
“ခဲနဲ့ထုကွာ ကြာတယ်”
ရုံထဲမှာတော့ ညံကုန်ပါပြီ။

အဲဒီအချိန်မှာပဲ ဗွီဒီယိုအမှန်အကန် အားပေးသူတယောက်ဖြစ်တဲ့ ရပ်ကွက်ထဲက ဦးအောင်ပြာက ကိုထားဝယ်ကို လက်ဆွဲပြီး ရုံအပြင်ကို ထုတ်လာပါတယ်။ ပိုက်ဆံထဲ့ထားတဲ့ လွယ်အိတ်ကိုစလွယ်သိုင်းလို့ ပုဆိုးကို လက်တဖက်က ဆွဲပြီး မျက်စိ ကလယ်ကလယ်နဲ့ လိုက်ပါလာတယ်။ ရုံရှေ့ရောက်တော့ ဦးအောင်ပြာက ရေးထားတဲ့ကြော်ငြာကို လက်ညှိုးထိုးပြပြီး
“မင်းပြတဲ့ကားနဲ့ မင်းရေးထားတဲ့ကားကိုလဲ သေချာကြည့်အုံး”
“ဟုတ်တယ်လေ ကျနော်ကြော်ငြာထားတဲ့ကားက ဒီကားပဲဟာ”
“ဒါဆို ကြော်ငြာရေးတာ မင်းပဲလား”
“ကျနော် မိတ်ဆွေ တယောက်ကို အကူအညီတောင်ပြီး ရေးခိုင်းတာ ..... ကျနော်ကိုယ်တိုင်လဲ ဘေးကကြည့်နေတာပဲ”
“မင်းအခုပြတဲ့ကားက မင်းသားဒွေးရဲ့ အပြာရောင် ပုံတိုပတ်စများ ကွ”
“ကျနော် ပြတာလဲ ဒီကားပဲလေ”
“မင်းကတော့ လုပ်လိုက်ပြန်ပြီကွာ” ...
ဟုပြောပြီး ဦးအောင်ပြာ စကားဆက်မပြောနိုင်တော့ဘဲ ထွက်သွား ပါလေတော့သည်။ ဒီလိုနဲ့ ဗွီဒီယိုရုံ ထဲကလူတွေ တယောက်ပြီးတယောက် ထွက်သွားကုန်ပါတော့တယ်။ ကိုထားဝယ်ကို အမှုန့်ကြိတ်ပစ်မယ် ဆိုတဲ့ အကြည့်တွေနဲ့ကြည့်လိုက၊် ကြော်ငြာသင်ပုန်းကို ကြည့်လိုက်နဲ့ ပွစိပွစိလုပ်ပြီး ပြန်သွားကုန်ကြတယ် ပေါ့။

“ဟေ့ကောင် ထားဝယ် နောက်နေ့ အလကားလာကြည့်မယ်နော်....ဟွန်း...မင်းတော့လုပ်ထားအုံး ပေါ့ကွာ” ဟု ဟောက်သွားတာကိုလဲ ခံလိုက်ရသေးတယ်။

ကိုထားဝယ် ကတော့ ငါ ဘာများ အမှားလုပ်မိပါသလဲ ဆိုတဲ့ပုံမျိုးနဲ့ ဘုမသိဘမသိ ကျန်ခဲ့ပေါ့၊ ဗွီဒီယို ရုံဘက်က ဆူညံသံတွေကြားလို့ စိုးရိမ်စိတ်နဲ့ အဲဒီဘက်ကို လမ်းလျှောက်သွားကြည့်တော့မှ နားလည် တော့တယ်။ ဖြစ်ပုံက သူ ဒီညနေ ပြမယ့် ဗွီဒီယိုကားက မင်းသားဒွေးရဲ့ `အပြာရောင်ပုံတိုပတ်စများ´။ သူ ကြော်ငြာရေးခါနီးမှာ လမ်းကြုံလို့ အကောင်းဆုံး အကူအညီပေးသွားသူ သူ့မိတ်ဆွေကြီး ရေးပေးခဲ့တာက ...

“အပြာရောင်ပိုးဆိုး ပက်စက် များ” တဲ့
ဒီညတော့ ...။
“ထားဝယ် နင်တော့နော် နင်တော့နော် ဟွန်း”
ဆိုတဲ့ ကိုထားဝယ်ရဲ့ မဟေသီအသံကို ကြားရတော့မှာပေါ့ဗျာ ......။ ။

0 comments: