Friday, August 14, 2009

အမေရိကန် အထက်လွှတ်တော် အမတ် နှင့် ဗိုလ်ချုပ်မှူးကြီး တွေ့မည်


မစ္စတာ ဂျင်မ်ဝက်ဘ် (ဓာတ်ပုံ - Reuters)
အမေရိကန် ပြည်ထောင်စုမှ သြဇာ ကြီးမားသော အထက်လွှတ်တော် အမတ် တဦးသည် အရှေ့တောင် အာရှ ၅ နိုင်ငံ ခရီးစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံမည်ဟု သိရသည်။
“ယခုအပတ် နှောင်းပိုင်းတွင် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံရန် စီစဉ်ထားသည်” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်၏ ရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ တွေ့ဆုံမည့်နေ့ကို ဖော်ပြထားခြင်း မရှိပေ။
“မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်နှင့် အမေရိကန်အစိုးရ အကြီးတန်း အရာရှိတို့၏ ပထမဆုံး တွေ့ဆုံမှု ဖြစ်လာမည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် ပြီးခဲ့သည့် ၁ဝ နှစ်အတွင်း မြန်မာ နိုင်ငံသို့ သွားရောက်မည့် ပထမဆုံးသော အမေရိကန် လွှတ်တော် အမတ် တဦး ဖြစ်လာမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားခြင်း ရှိမရှိ၊ တွေ့ဆုံရေးအတွက် စစ်အစိုးရထံ တောင်းဆိုထားခြင်း ရှိမရှိကိုမူ ကြေညာချက်တွင် ဖော်ပြထားခြင်း မတွေ့ရပေ။
အထက်လွှတ်တော် အမတ်၏ ၂ ပတ် ကြာမည့် ခရီးစဉ်တွင် အာရှဒေသအတွင်း အမေရိကန် ပြည်ထောင်စု၏ အကျိုးစီးပွား မြှင့်တင်နိုင်ရေး အတွက် အခွင့် အလမ်းများ ရှာဖွေမည်ဟု သိရသည်။ သူသည် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။
မစ္စတာ ဂျင်မ်ဝက်ဘ်သည် ဗီယက်နမ်နိုင်ငံတွင် ရေတပ် အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ အထက်လွှတ်တော်တွင် တာဝန်မယူမီက အာရှ နှင့် ပစိဖိတ်ဒေသတွင် ကာလ ကြာရှည်စွာ နေထိုင်ခဲ့သူတဦး ဖြစ်သည်။ ဒေသအတွင်းတွင် စာနယ်ဇင်းသမား၊ ဝတ္ထုရှည် ရေးသားသူ၊ ကာကွယ်ရေးဝန်ကြီးဌာန အုပ်ချုပ်ရေးအရာရှိ၊ စီးပွားရေးအတိုင်ပင်ခံ စသည့် လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
ဤအတောအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး နာဗီပီလေးက ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ အကျဉ်းချထားခြင်းကို ဝေဖန် ပြစ်တင်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါနေ့က နေအိမ်အကျယ်ချုပ်ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံလိုက်ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင် ခံထားရသူ ဖြစ်သည်။
“သူ့ကို မတရား ဖမ်းဆီး ထိန်းသိမ်းထားတာကြောင့် ကျမ အင်မတန် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ တရားရုံးကလည်း သူ့ကို နေအိမ် အကျယ်ချုပ် ချထားတဲ့အမှုဟာ တရားဝင်မှု ရှိမရှိ သေသေချာချာ ပြန်ပြီး မစစ်ဆေးခဲ့ဘူး” ဟု မစ္စ နာဗီပီလေးက ကြေညာချက်တစောင်ထုတ်ပြီး ပြောကြားခဲ့သည်။
မစ္စ နာဗီပီလေးက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို “ခြွင်းချက် မရှိ၊ ချက်ချင်း လွှတ်ရန်” စစ်အစိုးရကို တိုက်တွန်းထားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများကလည်း မြန်မာပြည် အရေးနှင့် ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်နေသည်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သည့် လုံခြုံရေးကောင်စီသည် ကြေညာချက် မူကြမ်း တစောင် ထုတ်ပြန်ရန်ပင် သဘောတူညီမှု မရသေးပေ။ ယနေ့ ပြုလုပ်ရန် စီစဉ်ထားသည့် ဆွေးနွေးပွဲလည်း ပျက်သွားသည်ဟု ဆိုသည်။
အမေရိကန် လုပ်ငန်းရှင်များ အဖွဲ့ (The American Apparel & Footwear Association) ၏ ဥက္ကဋ္ဌ နှင့် အမှုဆောင် အရာရှိချုပ် ကီဗင်ဘရုက ကြေညာချက်တစောင် ထုတ်ပြန်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ဆက်လက် ချုပ်နှောင် ခံနေရခြင်းနှင့် ပတ်သက်ပြီး ဝေဖန် ကန့်ကွက်ထားသည်။ အမေရိကန် အစိုးရက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူခြင်းကို ၎င်းတို့ အဖွဲ့က ထောက်ခံသည်ဟု ဆိုသည်။
“ကမ္ဘာ့စီးပွားရေး လောကတွင် စစ်အစိုးရ၏ ဖိနှိပ်မှု၊ ရက်စက် ကြမ်းကြုတ်မှုများကို လက်မခံကြောင်း ပြသသည့် အနေဖြင့်
ဥရောပ၊ ကနေဒါ၊ အာရှဒေသတို့မှ ကျွန်ုပ်တို့၏ စီးပွားရေး မိတ်ဆွေများကလည်း စစ်အစိုးရကို စီးပွားရေး နှင့် နိုင်ငံရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြုလုပ်ရန် အချိန်တန်ပြီ ဖြစ်သည်” ဟု မစ္စတာ ကီဗင်ဘရုက ပြောလိုက်သည်။
"Ban Dar"

0 comments: