Sunday, July 19, 2009

အာဇာနည်နေ့ အခမ်းအနား ဒီချုပ် ကျင်းပ


ကိုဝိုင်း
တနင်္ဂနွေနေ့၊ ဂျူလိုင်လ 19 ရက် 2009 ခုနှစ် 20 နာရီ 34 မိနစ်
မဇ္ဈိမ (ချင်းမိုင်)။ ။ ယနေ့ကျရောက်သည့် ၆၂ နှစ်မြောက် အာဇာနည်နေ့ အောင့်မေ့ဘွယ် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-အန်အယ်ဒီ ရန်ကုန်ဌာနချုပ်၌ ယနေ့ အောင်မြင်စွာ ကျင်းပခဲ့သည်။

အခန်းအနား တက်ရောက်သူ (၁၅ဝ-၂ဝဝ) ခန့်ရှိပြီး အနောက်တိုင်း သံတမန်များသာ လာရောက်ကြပြီး အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့-အာဆီယံ သံတမန်များ လာရောက်ခြင်း မရှိကြောင်း အန်အယ်ဒီက ပြောသည်။
“ကျင်းပတာကတော့ ခါတိုင်းလိုပါပဲ။ သိပ်ထူးထူးခြားခြား မဟုတ်ပါဘူး။ သံတမန်တွေလည်း လာပါတယ်။ အနောက်တိုင်း သံတမန်တွေပါပဲ။ အာဆီယံ သံတမန်များ မလာကြပါဘူး။ နောက်ပြီးတော့ ဝါရင့် လုပ်ဖော်ကိုင်ဖက်တွေ၊ စီအာပီပီ အဖွဲ့တွေ၊ တိုင်းရင်းသား ပုဂ္ဂိုလ်တွေပေါ့လေ” ဟု အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက မဇ္ဈိမသို့ ပြောသည်။
နေ့လည် ၁၂ နာရီခွဲတွင် အာဇာနည်နေ့ အခန်းအနားကို ကျင်းပခဲ့ပြီး သဘာပတိအဖြစ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှဖေက ဆောင်ရွက်သည်။
စာမျက်နှာ ၅ မျက်နှာပါ အာဇာနည်နေ့ အထူးကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
အာဇာနည်နေ့ ကျင်းပမှုနှင့် ပတ်သက်၍လည်း ဦးခင်မောင်ဆွေက “လွမ်းဆွတ် သတိရတဲ့အနေနဲ့ အာဇာနည်နေ့ ဒို့မမေ့ ဆိုပြီးတော့ ကျင်းပလာခဲ့ကြတာ။ အာဇာနည်ကြီးတွေဟာ ပြည်သူ့အကျိုးကို လက်တွေ့ သယ်ဆောင်နေဆဲမှာပဲ ကျဆုံးသွားတဲ့အတွက် ဒါ ပြည်သူ့အကျိုးကို သယ်ဆောင်ရင်း ကျဆုံးသွားရတယ်ဆိုပြီး အန်ကယ်တို့ ဂုဏ်ယူပြီးတော့ အမှတ်တရ ကျင်းပဖို့လည်း လိုပါတယ်” ဟု ပြောသည်။
ယနေ့ကျရောက်သည့် ၆၂ နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများအား အလေးပြုနိုင်ရန် အာဇာနည် ကုန်းသို့ သွားရောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်အိကျီဝတ်ထားသူ အဖွဲ့ချုပ်အဖွဲ့ဝင်များမှာ ဝင်ရောက်ခွင့် မရခဲ့ကြောင်း အန်အယ်ဒီအဖွဲ့ဝင်တဦးက ပြောသည်။
“အဖွဲ့ချုပ်အဖွဲ့ဝင်တွေ အာဇာနည်ကုန်း သွားကြတာပေါ့။ အာဇာနည်ကုန်းတက်တာ အဖမ်းအဆီးတော့ မရှိဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ပုံ စတေကာနဲ့ တီရှပ်နဲ့လူတွေကို ပေးမဝင်ဘူး။ အန်အယ်ဒီ တံဆိပ် အပါအဝင် ဘာတံဆိပ်မှ တပ်ခွင့်မရှိဘူး။ အလွတ်ဆိုရင်တော့ တက်ခွင့်ပေးတယ်။ အဲဒါကြောင့် အလေးမပြုပဲ ပြန်လာရတဲ့လူတွေ အများကြီးပဲ” ဟု သူက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ လွတ်လပ်ရေး ခေါင်းဆောင်ကြီးများ ဖြစ်ကြသည့် သခင်မြ၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ စပ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ ဦးအုန်းမောင် စသည့် ဝန်ကြီး (၇) ဦး အပါအဝင် သက်တော်စောင့် ရဲဘော်ကိုထွေးတို့သည် ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁ဝနာရီ ၃၇ မိနစ်တွင် နိုင်ငံရေးပြိုင်ဘက် ဂဠုန်ဦးစော၏ ခိုင်းစေချက်ဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ့ အာဘော်၌ “မြန်မာ့ လွတ်လပ်ရေးရရှိရန် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု အင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ချိန်၌ အာဇာနည်ပုဂ္ဂိုလ်များသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် နယ်ချဲ့ လက်ပါးစေ တို့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်” ဟုသာ ထည့်သွင်း ဖော်ပြထားသော်လည်း အာဇာနည်ကြီးများ၏ အမည်များကိုပင် ဖော်ပြထားခြင်း မရှိပေ။
သတိရ အောင့်မေ့သည့် အနေဖြင့် ယခင်ကာလများက နိုင်ငံတဝန်း ပြုလုပ်ခဲ့သော ဥသြဆွဲ အလေးပြုသည့် အလေ့အထကိုလည်း စစ်အစိုးရက မပြုလုပ်သည်မှာ ကြာပြီဖြစ်သည်။
ထို့အပြင် ဝမ်းနည်းသည့် အထိန်းအမှတ်အဖြစ် အလံတဝက်ထူသည်ကိုပင် မပြုလုပ်ကြသော အစိုးရဌာနများပင် ရှိလာပြီဖြစ်သည်။

0 comments: