Monday, May 18, 2009

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံတောင်းဆိုပြီ

လက်နက်ကိုင် လုံခြုံရေးများ ဦးဝင်းတင်ရှိရာ ချဉ်းကပ်လာ
အင်္ဂါနေ့၊ မေလ 19 2009 12:35 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဦးဝင်းတင် ထိုင်နေရာ တည့်တည့်သို့ ယူနီဖောင်းဝတ် လက်နက်ကိုင် လုံခြုံရေးများ ကားတစီး အပြည့်ဖြင့် ရောက်ရှိလာရာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ယမန်နေ့က လက်ကိုင်စကားပြော ကိုင်သူ နှစ်ဦး၊ သုံးဦးသာ ထိုနေရာသို့ ရောက်ခဲ့ရာမှ အထူးတပ်ဖွဲ့ ဖြစ်ဟန်ရှိသည့် လုံထိန်းရဲ ၃ဝ ခန့်က ကားဖြင့် ရောက်လာပြီး ဦးဝင်းတင်ရှေ့ဘက် တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ရာ စိုးရိမ် ထိတ်လန့်လာသူ အချို့ ရှောင်တိမ်းကုန်သည်။
ဦးဝင်းတင်မှာ ထိုင်မြဲထိုင်လျှက်ရှိပြီး အခြေအနေမှာ လာရောက်ကြည့်ရှုသူ အချို့ စိုးရိမ်မှုများ အတိုင်းသား မြင်တွေ့နေရကြောင်း အခြေအနေကို အကဲခတ် စောင့်ကြည့်နေသူ တဦးက ပြောသည်။

ဦးဝင်းတင် အင်းစိန်ထောင်အနီး ရောက်ရှိ
အင်္ဂါနေ့၊ မေလ 19 2009 12:17 - မြန်မာစံတော်ချိန်
အင်းစိန်လမ်း ပိတ်ထားသည့် နေရာအနီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သော ဦးဝင်းတင်၊ ဒေါ်နော်အုန်းလှတို့ အပါအဝင် လူ ၂၀၀ ခန့်က စောင့်ဆိုင်းလျှက် ရှိသည်။
-----------------------------------
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံတောင်းဆိုပြီ
အင်္ဂါနေ့၊ မေလ 19 2009 11:50 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒုတိယနေ့ တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က တောင်းဆိုလိုက်သည်။
”ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံတော် အစိုးရကို အာဆီယံ ခေါင်းဆောင်များက တောင်းဆိုလိုက်ပါသည်” ဟု အာဆီယံ၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။
”အာဆီယံ အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုလုပ်ပေးဖို့ အဆင့်သင့်ဖြစ်နေကြောင်း ထိုင်းနိုင်ငံသည် အာဆီယံရဲ့ ဥက္ကဌအနေနဲ့ ထပ်လောင်းပြောလိုက်ရပါသည်၊” ဟုလည်းပါရှိသည်။
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တဦးကို ဆက်သွယ်မေးမြန်းချက်
အင်္ဂါနေ့၊ မေလ 19 2009 11:50 - မြန်မာစံတော်ချိန်
” ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စကို ကျနော်တို့ မြို့နယ်ကလည်း ကန့်ကွက်တယ်။ အင်းလေးဒေသ ညောင်ရွှေမြို့နယ်ပေါ့လေ။ ဒီကစ္စက မတရားနည်းလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် လုံးဝ ကန့်ကွက်တယ်လို့ပြောချင်တယ်။”
” အခုကျနော်တို့ ဒီဘက်မှာက လုံးဝ မကျေနပ်လို့ လိုက်ပြောနေတာ ကျေးရွာတွေအထိပဲ။ တတိုင်းပြည်လုံးက မကျေမနပ် ဖြစ်နေကြတယ်။”
” လှည်းသမား၊ ရွာသားတွေ၊ ဆိုက်ကားသမားတွေကအစ ဒါကို လုံးဝ မခံဘူး။ ကျနော်တို့တောင် ဘာမှ ပြောနေစရာ တောင်မလိုဘူး။ ရွာက ငါးရွာလောက် လုပ်ပြီးပါပြီ မိုင်းသောက်၊ ရွာမ၊ မြေနီကုန်း၊ သာလေးကျေးရွာများကို လိုက်ပြောနေတာ။ ကျနော်တို့ အန်အယ်ဒီ လူငယ်တွေပေါ့လေ။ နီးစပ်ရာ စုပြီး ပြောဖြစ်ကြတယ်လေ။”
” ကျနော်တို့ကတော့ ပြည်သူ ဆန္ဒကို ဖော်ထုတ်ရမှာပဲ။ ရွာသားတွေက ဘာပြောလဲဆိုတော့ ခင်ဗျားတို့ ခေါင်းဆောင်မယ်ဆိုရင် ကျနော်တို့ကတော့ နောက်ကနေလိုက်လာမှာပဲ။ ရွာသားတွေက ကျနော်တို့တောင် တားနေရတယ်။ စပြီး တရားစွဲတဲ့ နေ့ကစပြီး အကုန်လုံး စိတ်မကောင်း ဖြစ်နေကြတယ်။”
-----------------------------------
အင်းစိန်ထောင်အနီး အခြေအနေ
အင်္ဂါနေ့၊ မေလ 19 2009 10:55 - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ယနေ့ ပြုလုပ်မည့် တရားခွင်မတိုင်မီ အင်းစိန်ထောင်ရှေ့ လမ်းမကြီးကို ယမန်နေ့က ကဲ့သို့ပင် နှစ်ဘက်ညှပ် ပိတ်ထားသည်။ သို့သော်လည်း ယမန်နေ့က ပိတ်ခိုင်းထားခြင်း ခံရသော ဈေးဆိုင်များ ယနေ့တွင် ပုံမုန်လို ဖွင့်လှစ် ရောင်းချနေကြသည်။
လုံခြုံရေးကို ထပ်မံ အားဖြည့်ထားဟန်ရှိပြီး ဘောလုံးကွင်းအတွင်း စစ်တပ်ကိုပါ ချထားသည်။
နံနက် ၉ နာရီခွဲခန့်တွင် တရားဆိုင်ဘက်မှ ရှေ့နေများ ဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ တံခါးပိတ် အထူး တရားရုံးရှိရာ အင်းစိန်ထောင်အတွင်းသို့ ဝင်ရောက်သွားကြသည်။
တရားခွင် အခြေအနေကို လာရောက် နားစွင့်လိုသူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ တဖွဲဖွဲ ရောက်လာနေသည်ဟု အခြေအနေကို စောင့်ကြည့် လေ့လာနေသူ တဦးက ပြောသည်။
-----------------------------------
ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းစာများတွင် စတင်ဖော်ပြ
အင်္ဂါနေ့၊ မေလ 19 2009 10:33 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ် အကျယ်ချုပ်ကာလအတွင်း စည်းကမ်း ချိုးဖောက်သည်ဆိုသော စွဲချက်ဖြင့် စစ်အစိုးရက စွဲဆိုထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုအကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် အကျဉ်းချုပ် ဖော်ပြလာသည်။
နေအိမ်ကို ရေကူး ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို လက်ခံစကားပြော ဧည့်ခံခဲ့မှုဖြင့် သတင်းတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း စစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းစာက ဖော်ပြထားသည်။
နိုင်ငံတကာ သတင်းဌာနများနှင့် ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများက အလေးထား ဖော်ပြနေသော်လည်း သတင်းအမှောင်ချ ဆင်ဆာ ကျင့်သုံးသည့် နိုင်ငံ၏ သတင်းစာက ယနေ့မှ စတင် ဖော်ပြလာခြင်း ဖြစ်သည်။
မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း အတွင်းသို့ နှစ်ကြိမ် ရောက်ရှိခဲ့ပြီး ယမန်နှစ်က လာရောက်ခဲ့သော ပထမအကြိမ်က စာအုပ်တအုပ် ထားခဲ့ကြောင်း ပါရှိသည်။
မေလ ၃ ရက် အင်လျားကန်ဖြတ် ရေကူးရောက်လာသော မစ္စတာ ယက်တောကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံ စကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့သလို မေ ၅ ရက် ညအချိန်အထိ နေအိမ်အတွင်း နေထိုင်ခွင့် ပြုခဲ့သည်ဟု ပါရှိသည်။
နိုဝင်ဘာ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်က ခြံဝ၌ Book of Mormon အမည်ရှိ စာအုပ်ကို ချထားပေးခဲ့ကြောင်း ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် တရားရုံးချုပ် ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်တို့က လိုက်ပါ ဆောင်ရွက်ပေးနေကြောင်း ဒေါ်ခင်ဌေးကြွယ်၊ ဦးလှမျိုးမြင့်၊ ဦးဥာဏ်ဝင်းတို့က လည်းကောင်း၊ မစ္စတာ ယက်တောအတွက် အထက်တန်းရှေ့နေ ဦးခင်မောင်ဦးက လည်းကောင်း လိုက်ပါ ဆောင်ရွက်ပေးနေကြောင်း ပါရှိသည်။
(မဇ္ဈိမ)

0 comments: