Thursday, March 19, 2009

လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိဟု စစ်အစိုးရ၏ ဗြောင်ငြင်းဆိုမှု ရှက်ဖွယ်ဟု တက်ကြွလှုပ်ရှားသူများ ပြော

ဆော်လမွန်
ကြာသပတေးနေ့၊ မတ်လ 19 2009 23:55 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးသည် မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားမရှိဟု ကုလ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် ဗြောင်လိမ်ခဲ့သည်ဟု တက်ကြွ လှုပ်ရှားသူများက ကြာသပတေးနေ့က စွပ်စွဲ ပြောကြားလိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံ၌ အကျဉ်းကျခံရလျက်ရှိသော နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော် ရှိသည်ဟု ဆိုသော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာတောမတ်စ် အိုဟေးကင်တားနား၏ အစီရင်ခံစာကို အင်္ဂါနေ့က ငြင်းဆို ပြောကြားသွားခြင်း ဖြစ်သည်။
“ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ မရှိ၊ မြန်မာနိုင်ငံ၏ ဥပဒေကို ချိုးဖောက်သောကြောင့် အကျဉ်းကျခံနေရသူများသာ ရှိသည်” ဟု ဂျနီဗာမြို့တွင် မတ်လ ၂ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိသော ဒဿမအကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ
အစည်းအဝေးတွင် ဦးဝဏ္ဏမောင်လွင်က မစ္စတာ ကင်တားနား၏ အစီရင်ခံစာကို ငြင်းဆိုပြောကြားသွားခြင်း ဖြစ်သည်။
ဤအစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ် အများအပြားက မြန်မာနိုင်ငံ၏ တုန်လှုပ်ချောက်ချားဘွယ် ကောင်းလှသော လူ့အခွင့်အရေး မှတ်တမ်းအတွက် ရှုတ်ချ ပြောဆိုကြသော်လည်း မြန်မာစစ်အစိုးရကို ကြာရှည်စွာ ထောက်ခံ အားပေးလာခဲ့သော ရုရှနိုင်ငံကမူ စစ်အစိုးရကို ကာကွယ် ပြောကြားသွားခဲ့သည်။
“နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုမို အာရုံစိုက် စိတ်ဝင်စားလာကြသည့် ဤပြဿနာသည် အတုအယောင်မျှသာ ဖြစ်သည်။ ခေါင်းဆောင်များအပေါ် စွပ်စွဲချက်များ အားလုံးသည် ယုံကြည်စိတ်ချရခြင်း မရှိသော သတင်းအချက် အလက်များပေါ် မူတည်ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပြီး၊ သေချာအောင် အတည်ပြု စစ်ဆေးထားခြင်းလည်း မရှိသည့် နိုင်ငံရေး အသွေးအရောင်ရှိသော သတင်းရပ်ကွက်များမှ ရရှိသည့် သတင်း အချက်အလက်များသာ ဖြစ်သည်” ဟု ရုရှကိုယ်စားလှယ်၏ ထုတ်ပြန် ကြေငြာချက်တွင် ရေးသား ဖော်ပြထားသည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ ဒေးဗစ် စကော့မက်သီဆန် (David Scott Mathieson) ကမူ မြန်မာနိုင်ငံ၌ ထိတ်လန့်တုန်လှုပ်ဖွယ် လူ့အခွင့်အရေး အခြေ အနေလည်းမရှိ၊ နိုင်ငံရေး အကျဉ်းသားလည်း မရှိဟု မြန်မာနိုင်ငံက ငြင်းဆိုခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မျက်စိလည်သွားနိုင်သည်ဟု ပြောသည်။
“နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော် ရှိတယ်လို့ ကျနော်တို့ သိထားပါတယ်။ ဒါပေမဲ့ သူ (ဦးဝဏ္ဏမောင်လွင်) က ငြင်းဆိုပါတယ်။ ဒါပေမဲ့ အန္တရာယ်က သူ့ရဲ့ ရူးသွပ်မှု မဟုတ်ဘူး၊ အန္တရာယ်က နိုင်ငံတကာ အသိုင်းအဝိုင်းက သူပြောတဲ့ အတိုင်း ယုံသွားမှာကိုဘဲ” ဟု မက်သီးဆန်က ပြောသည်။
နိုင်ငံအချို့က စစ်အစိုးရ၏ ထုတ်ပြန်ကြေငြာချက်များကို ယုံကြည်လိုက်ကြပြီး၊ အမှန်တကယ် ဖြစ်ပျက်နေသည့် လူ့ အခွင့်အရေး အခြေအနေများကို မသိကျိုးကျွန် ပြုလိုက်ကြမည့် အန္တရာယ်ရှိသည်ဟု သူက ဆက်လက်ပြောကြားသွားသည်။
နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာ သံအမတ်ကြီး ပြောသည်ကို မယုံကြည်သင့်ကြောင်းဖြင့်လည်း HRW က ပြောသည်။ မြန်မာနိုင်ငံတွင်း ပေါ်ပေါက်လျက်ရှိသော လူ့အခွင့်အရေး အခြေအနေများကို သူတို့အနေဖြင့် ပိုမိုအာရုံစိုက် သင့်ကြောင်းလည်း ပြောသည်။
“ဤပြောဆိုချက်သည် လေးနက်သော ပြောဆိုချက် မဟုတ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂကို ရိုးသားစွာ ပြောဆိုတင်ပြရမည် ဟူသည့် မူဝါဒကိုလည်း ထင်ဟပ်နေခြင်း မရှိ။ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံကိန်း ကြီးတခုလုံးကို စော်ကားမှုသာ ဖြစ်သည်” ဟု မက်သီးဆန်က ဆက်လက် ပြောကြားသွားခဲ့သည်။
ဖေဖော်ဝါရီလက မြန်မာနိုင်ငံကို နောက်ဆုံး သွားရောက်ခဲ့သော မစ္စတာ ကင်တားနားက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် စိန်ခေါ်လျက်ပင် ရှိသေးကြောင်း၊ နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များတွင် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော်ရှိသေးကြောင်း သူ၏ အစီရင်ခံစာတွင် ထုတ်ဖော် တင်ပြထားသည်။
၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်လည်း သူက တောင်းဆိုလိုက်သည်။
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းက အထူးသံတမန်၏ အစီရင်ခံစာကို သူတွေ့ရှိ ဖတ်ရှုပြီးဖြစ်ကြောင်း၊ ပေါ်တာ အထမ်းသမား ကိစ္စများ၊ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုနေခြင်းများ အပါအဝင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို တိတိကျကျ ရေးသား ဖော်ပြထားသော်လည်း အစီရင်ခံစာ၏ ထိရောက်မှုကိုမူ သူသံသယ ဖြစ်မိကြောင်း ပြောသည်။
“ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးက ထိထိရောက်ရောက် အရေးယူမှသာ အစီရင်ခံစာက အဓိပ္ပါယ်ရှိမှာ” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
“မြန်မာသံအမတ်ကြီးရဲ့ ငြင်းဆိုမှုက ဘာဆိုလိုသလဲ ဆိုရင် စစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဗြောင်လိမ်နေတယ် ဆိုတာနဲ့ သူ့ (ကင်တားနား) ရဲ့ အစီရင်ခံစာကို ငြင်းဆိုနေတာဘဲ” ဟု သူက ဆက်လက် ပြောကြားသည်။
ဤအတောအတွင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအဖွဲ့ - မြန်မာနိုင်ငံ (AAPP-B) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ကလည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေသည် တနေ့တခြား ပိုမို ဆိုးရွားလာလျက် ရှိသည်ဟု ပြောဆိုလိုက်သည်။
AAPP-B ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံရလျက်ရှိသော နိုင်ငံရေး အကျဉ်းသားပေါင်း အနည်းဆုံး ၂၁ဝဝ ရှိသည်ဟု ဆိုသည်။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွါးခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများအပြီး နိုင်ငံရေး အကျဉ်းသားဦးရေမှာ ၂ ဆ တိုးသွားခဲ့သည်ဟု ဆိုပါသည်။
“စစ်အစိုးရက ဒီလိုငြင်းတာ အသစ်အဆန်း မဟုတ်ပါဘူး၊ ဘာသက်သေမှ မပြနိုင်ဘဲ ခုလို အကြောင်းပြချက်တွေ ပေးနေကျဘဲ” ဟု ဦးဘိုကြည်က ပြောသည်။
သို့သော် သူ့အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ နေထိုင်မှုဘဝ ဆိုးရွား ယိုယွင်းလာခြင်းအတွက်ကိုမူ စိတ်ပူမိကြောင်း ပြောသည်။ နိုင်ငံရေး အကျဉ်းသားများသည် သင့်တော် ကောင်းမွန်သည့် ဆေးဝါးကုသပေးမှုကိုလည်း မရရှိဘဲ စိတ်ပိုင်းရော၊ ခန္ဓာကိုယ်အရပါ ညှဉ်းပန်း နှိပ်စက်ခံနေရသည်ဟု သူကပြောသည်။
“နိုင်ငံရေး အကျဉ်းသားတွေက ထောင်ထဲမှာ ဖြေးဖြေးချင်း တတိတိ သေဆုံးနေကြတာ” ဟု မြန်မာနိုင်ငံတွင် ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့သူ ဦးဘိုကြည်က ပြောသည်။
မဇ္ဈိမ

0 comments: