Saturday, March 28, 2009

တော်လှန်ရေးနေ့ပန်ကြားချက်

မြန်မာ့တပ်မတော်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအပေါင်းတို့ရှင်-
ဒီကနေ့ဟာ မြန်မာပြည်သူလူထုအပေါ် စော်ကားနှိပ်စက်၊ အနိုင်ကျင့်ဗိုလ်ကျခဲ့ကြတဲ့ ဖက်ဆစ် လူရမ်းကားတွေကို မြန်မာ့တပ်မတော်က ဦးဆောင်ပြီး၊ ပြည်သူတရပ်လုံးက တိုက်ပွဲဝင်တော်လှန်ခဲ့ကြတဲ့ (၆၄) နှစ်မြောက် တော်လှန်ရေးနေ့ဖြစ်ပါတယ်။

ပြည်သူ့တပ်မတော်ဆိုတာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ သမိုင်းရဲ့လိုအပ်ချက်နဲ့အညီ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှဆိုတဲ့ အခွင့်အရေးတွေကို တိုင်းရင်းသားပြည်သူတရပ်လုံး ခံစား၊ စံစားနိုင်ရေးအတွက် ရဲဘော်တို့ရဲ့ ဘိုးဘေးဘီဘင် မြန်မာ့တပ်မတော်သားကြီးတွေဟာ အသက်၊ သွေး၊ ချွေးကို စတေးပြီး မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။
အခုလက်ရှိအခြေအနေမှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုဆိုတဲ့ လူ့အခွင့်အရေးတွေကို မြန်မာပြည်သူလူထုအနေနဲ့ ခံစားခွင့် မရရှာကြသေးပါဘူး။
မြန်မာပြည်သူလူထုဟာ အာဏာရူးနေတဲ့ စစ်အာဏာရှင်တစုရဲ့ ဖိနှိပ်ချုပ်ခြယ်၊ သတ်ဖြတ် နှိပ်စက်မှုတွေကို ခံနေကြရဆဲဖြစ်ပါတယ်။ ဒီစစ်အာဏာရှင်တစုဟာ ရဲဘော်တို့ရဲ့ ရိုးဖြောင့်တည်ကြည်မှု၊ သစ္စာစောင့်သိမှုတွေကို အသုံးချပြီး သူတို့အာဏာတည်မြဲဖို့၊ သူတို့သားသမီး၊ မြေးမြစ်တွေကောင်းစားဖို့ စီမံဆောင်ရွက်နေကြပါတယ်။
ပြည်သူလူထုမှာတော့ ငတ်တလှည့်၊ ပြတ်တလှည့်နဲ့ ၀မ်းရေးအတွက် ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်း ရုန်းကန်ရှာဖွေနေကြရတာ ရဲဘော်တို့ မျက်မြင်ကိုယ်တွေ့ပါ။
ဒါကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ လူထုတရပ်လုံး လွတ်လပ်ရေးအရသာကို ပြည့်ပြည့်၀၀ ခံစားနိုင်ဖို့ ပေါ်ပေါက်လာခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ရည်မှန်းချက်တာဝန်ဟာ မပြီးမြောက်သေးဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
ဒီရည်မှန်းချက်တာဝန်တွေ ပြည့်စုံပြီးမြောက်ဖို့အတွက် မြန်မာပြည်သူလူထုကို ဆင်းရဲတွင်းထဲ တွန်းပို့နေတဲ့ စစ်အာဏာရှင်တွေကို ပြည်သူလူထုနဲ့အတူ လက်တွဲပြီး ပြည်သူ့တပ်မတော်သား ပီသစွာ တော်လှန်တိုက်ပွဲဝင်ပေးဖို့ သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီကနေ့မှာ မြန်မာပြည်သူတဦးအနေနဲ့ ရဲဘော်တို့အားလုံးကို ပန်ကြားတောင်းဆိုအပ်ပါတယ်။
သမိုင်းအစဉ်အလာကြီးမားတဲ့ မြန်မာ့တပ်မတော်ကို ပြည်သူ့ချဉ်ဖတ်ဘ၀ရောက်အောင် တွန်းပို့နေတဲ့ စစ်အာဏာရှင်တွေကို တော်လှန်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာမယ့် တပ်မတော်သားအပေါင်းကို ဂုဏ်ယူစွာနဲ့ စောင့်ကြိုလိုပါကြောင်း အလေးအနက်ထား ပြောကြားလိုက်ပါတယ်။
ခင်မမမျိုး
"Khin Ma Ma Myo" မှပေးပို့သည်

0 comments: