၂၀၀၉ ခုနှစ်သို့ အဝင် နှစ်သစ်ကူးခါနီး အချိန်တွင် ရန်ကုန်မြို့နေ သာမန် လူတန်းစားများ အနေနှင့် မည်သည့် ပျော်ပွဲ ရွှင်ပွဲကိုမှ စိတ်ဝင်စားခြင်း မရှိကြောင်း မြို့ခံများထံမှ သိရသည်။
ရန်ကုန်မြို့၌ ဆီဒိုးနား ဟိုတယ်နှင့် မျှော်စင်ကျွန်း စင်မြင့်ဖျော်ဖြေပွဲများမှအပ မည်သည့် နေရာတွင်မှ ပွဲလမ်းသဘင် အသံများကို မကြားရဟု ရန်ကုန်မြို့ခံများက ပြောသည်။
ဆီဒိုးနားဟိုတယ်တွင် နှစ်စဉ်ပြုလုပ်နေကျ နိုင်ငံတကာ ရုပ်ရှင်ကား တကားကားနှင့် ပုံစံတူဝတ်ဆင်ကာ နှစ်သစ်ကူးပွဲတော် ဆင်နွှဲသည့် အစီအစဉ်ရှိသည်ဟုသိရသည်။ ယခင်နှစ်က ဂျိန်းစ်ဘွန်းရုပ်ရှင်နှင့် ပုံစံတူ ဝတ်ဆင်ခဲ့ကြပြီး ယခုနှစ်တွင် အင်ဒီယာနာဂျုံး ပုံစံတူ ဝတ်ဆင်ကြမည်ဟု သိရသည်။
ဆီဒိုးနားဟိုတယ်မှ အပ တခြားသော ဟိုတယ်ကြီးများတွင် ထူးထူးခြားခြား အစီအစဉ်များမရှိဘဲ ဆီဒိုးနား ဟိုတယ်မှ နှစ်သစ်ကူး အစီအစဉ်သည်လည်း သာမန်လူများနှင့် မည်သို့မှ သက်ဆိုင်ခြင်း မရှိဟု ရန်ကုန်မြို့ခံများက ဆိုသည်။ ထိုပွဲအတွက် ဝင်ကြေးမှာ ကျပ် ၂၀၀၀၀ နှင့် အထက်ဖြစ်သောကြောင့် သာမန် မိသားစုတစု တပတ်စာ စားစရိတ်ခန့်ရှိသည်။
ယခင်နှစ်များကကဲ့သို့ ကမ်းခြေ ပျော်ပွဲရွှင်ပွဲ အစီအစဉ်များ၊ ဟိုတယ်ကြီးများတွင် ဘူဖေး အစီအစဉ်များ မကြားရဟု ရန်ကုန်မြို့ခံ သတင်းသမား တဦးကပြောသည်။ မျှော်စင်ကျွန်းတွင်လည်း အထူးတလည် မဟုတ်ဘဲ သာမန် နေ့ရက်များကဲ့သို့ စင်မြင့်ပွဲ အငယ်စားများသာ ရှိမည်ဟု ဆိုသည်။
နှစ်သစ်ကူး အစီအစဉ်အဖြစ် နာမည်ကြီး တေးဂီတဝိုင်းများပင်လျှင် သာမန် ပါတီခြံပွဲများသာ ရှိကြောင်း ကြားသိရသည်။
ကုမ္ပဏီကြီးတချို့တွင် နှစ်ပတ်လည်ပွဲအစီအစဉ်များ ရှိသော်လည်း ထူးထူးခြားခြား မဟုတ်လှကြောင်း ကြားသိရသည်။
“လူတွေက ပင်ပန်းနေကြတာ။ ဘာကိုမှ စိတ်မဝင်စားဘူး” ဟု ရန်ကုန်မြို့ရှိ ကုမ္ပဏီဝန်ထမ်း တဦးက ပြောသည်။ ၎င်း၏ကုမ္ပဏီတွင် နှစ်ပတ်လည်ပွဲနှင့် ဆုကြေးအစီအစဉ် မရှိဟု ဆိုသည်။
ဆက်လက်၍ ၎င်းက အများစုမှာ နေ့စဉ် စားဝတ်နေရေး ကိစ္စ၊ လျှပ်စစ်မီးကိစ္စ၊ ရေကိစ္စတို့ဖြင့် မည်သည့် ပျော်ရွှင်မှုကိုမှ စိတ်မပါနိုင်ဟု ဆိုသည်။
ရန်ကုန်မြို့ခံတဦးကို ဧရာဝတီက ၂၀၀၉ ခုနှစ်၊ နှစ်သစ်မျှော်လင့်ချက် မည်သို့ ထားရှိကြောင်း မေးမြန်းကြည့်ရာ “၂၀၀၉ မှာလား ပျက်နေကျမီးက ဆက်ပျက်မှာပေါ့။ ကျနော်တော့ လျှပ်စစ်မီးကိစ္စက လွဲရင် တခြား ဘာမှ သိပ်စိတ်မဝင်စားဘူး။ မီးဘယ်အချိန်လာမလဲ၊ ရေဘယ်အချိန်တင်ရမလဲ ဒါနဲ့ပဲ တနှစ်ကုန်သွားတာပဲ” ဟု ပြောသည်။
တချို့သောကုမ္ပဏီကြီးများမှာ နှစ်သစ်ကူး ပိတ်ရက်အနည်းငယ်ပေး၍ ဝန်ထမ်းများကို အပျော်ခရီး စီစဉ်ပေးသော်လည်း အလွန်နည်းပါးလှသည်ဟု သိရသည်။
ရန်ကုန်မြို့တွင်း လမ်းတချို့ ပြင်ဆင်နေသော်လည်း ယခင်နှစ်များကကဲ့သို့ စီမံကိန်းဖြင့် လမ်းမကြီးများ အလိုက် ပြင်ဆင်ခြင်းမဟုတ်ဘဲ ပေါက်နေသော လမ်းများကို ဖာထေးခြင်းသာ တွေ့ရသည်ဟု ရန်ကုန်မြို့ခံ သတင်းထောက် တဦးကပြောပြသည်။
သတင်းကောင်းတခုအနေနှင့် ရန်ကုန်မြို့နယ်ကြီး ၆ မြို့နယ်တွင် ဝါယာလက်စ် အင်တာနက် တပ်ဆင် အသုံးပြုနိုင်တော့မည်ဟု သိရခြင်းသာ ထူးခြားသည်ဟု ရန်ကုန်မြို့နေ ဘလော့ဂါ လူငယ်တဦးကပြောသည်။ သို့ရာတွင် ဝါယာလက်စ် အင်တာနက်ကို ၎င်းအနေနှင့် ယခုထိ မသုံးဘူးသေးဘဲ ၎င်းကြားသိရသည့် သတင်းအရ မြန်နှုန်းအလွန်နိမ့်သည်ဟု ဆိုသည်။
၂၀၀၈ ကုန်ခါနီးတွင် ကွန်ပျူတာပစ္စည်းများ ဈေးကျသော်လည်း ဝယ်မည့်သူမရှိဘဲ အရောင်းပါးနေကြောင်း ကွန်ပျူတာ အရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။
ရန်ကုန်မြို့လယ်တွင် လျှပ်စစ်မီး တရက်လျှင် ၆ နာရီခန့်သာလာပြီး လျှပ်စစ်မီးနှင့် စီးပွားရှာနေရသူ အားလုံး မီးစက်များကို အားကိုးနေရသဖြင့် ရန်ကုန်မြို့လယ်တွင် မီးစက်သံများ ညံလျှက်ရှိကြောင်း ကြားသိရသည်။
“ဆီဈေးက နည်းနည်းကျလို့ တော်သေးတယ်။ မီးစက်တော့ မှန်မှန် နှိုးနိုင်သေးတာပေါ့” ဟု ကွန်ပျူတာ အရောင်းဆိုင်ရှင်က ပြောသည်။
ရန်ကုန်မြို့ပေါ်တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သည့်သတင်းမှ မကြားရသေးဘဲ ရန်ကုန်လူထုအနေနှင့်လည်း ရွေးကောက်ပွဲကိစ္စကို ထူးထူးခြားခြား စိတ်ဝင်စားခြင်း မရှိလှကြောင်းနှင့် ယခုနောက်ပိုင်း လုံခြုံရေးများ ယခင်လောက် တင်းကျပ်မှုမရှိကြောင်း ရန်ကုန် အခြေစိုက် သတင်းသမားက ဆိုသည်။
ဧရာဝတီ
Tuesday, December 30, 2008
ထူးမခြားနား နယူးရီးယား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment