Monday, December 1, 2008

ဆရာတော် ဦးဂမ္ဘီရကို ခန္တီးထောင်သို့ ရွှေ့လိုက်ပြီ

သန်းထိုက်ဦး
တနင်္လာနေ့၊ ဒီဇင်ဘာလ 01 2008 16:56 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် ဆရာတော်တပါးဖြစ်သူ ဦးဂမ္ဘီရအား ခန္တီးအကျဉ်းထောင်သို့ ယနေ့ ပြောင်းရွှေ့လိုက်သည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

ရန်ကုန် အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးမှ ပြီးခဲ့သည့်လ ၂၁ ရက်နေ့က ထပ်တိုးထောင်ဒဏ်များ အပါအ၀င် ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခဲ့ပြီးနောက် ၁၀ ရက်အကြာတွင် စစ်ကိုင်းတိုင်း ခန္တီးမြို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။
"ကျနော်တို့လည်း မသိရဘူး ကိုအောင်ကျော်ကျော် အမျိုးသမီးက လာစုံစမ်းလို့ သိရတာ" ဟု မိသားစုနှင့် နီးစပ်သူက မဇ္ဈိမကို ပြောပြသည်။
ဦးအောင်ကျော်ကျော်သည် ဦးဂမ္ဘီရ၏ အကိုတော်စပ်သူ ဖြစ်ကာ သူသည်လည်း ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၁၄ နှစ် အကျဉ်းခံနေရသူ ဖြစ်သည်။
ယနေ့တွင် မိသားစုဝင်များက အင်းစိန်ထောင်သို့ လာရောက်စုံစမ်းကြည့်ရာ ယခုလို ထောင်ပြောင်းရွှေ့မှုကို သိကြရခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လ ၁၉ ရက်နေ့တွင် ဆရာတော် ဦးဂမ္ဘီရအား အင်းစိန်ထောင်တွင်း၌ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက သာသနာညှိုးနွမ်းစေသည့် ပြစ်မှု - ပုဒ်မ ၂၉၅ (က) နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု - ပုဒ်မ ၅၀၅ (ခ) အပါအ၀င် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။
၂၁ ရက်နေ့တွင်မူ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က စွဲဆိုထားသည့် မှုခင်းပုဒ်မ ၉ ခု၊ အလုံမြို့နယ်က စွဲဆိုထားသော ပုဒ်မ ၄ ခုတို့ဖြင့် ထပ်တိုးထောင်ဒဏ် ၅၆ နှစ် ချမှတ်ခဲ့သေးသည်။
အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သည့် ဆရာတော်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထုလှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု အဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါး ဖြစ်ခဲ့သည်။
သူသည် ရွှေဝါရောင်အပြီး အာဏာပိုင်များ၏ ဖမ်းဆီးမှုများမှ တိမ်းရှောင်နေရင်း မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က အာဏာပိုင်တို့၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။
အလားတူ ယနေ့တွင်ပင် ထောင်ပြောင်းရွှေ့သည့်အထဲ၌ ရွှေဝါရောင်လှုပ်ရှားမှုကြောင့် ဖမ်းဆီးကာ ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည့် ကိုအောင်ကျော်ကျော်အား တောင်ကြီးအကျဉ်းထောင်၊ ကိုဝဏ္ဏအောင်အား ပဲခူး၊ ထောင်ဒဏ် ၁၈ နှစ် ကျခံထားရသူ ဘိုကလေးမြို့သား ကိုသိန်းဇော်အား ကျိုင်းတုံနှင့် ဘိုကလေးမှပင် ၁၃ နှစ် ကျခံရသူ ကိုသီဟသက်ဇင်အား မြစ်ကြီးနား အစရှိသည့် ဝေးလံဒေသများရှိ အကျဉ်းထောင်များသို့ ပို့လိုက်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။
မဇ္ဈိမ

0 comments: