သန်းထိုက်ဦး
အင်္ဂါနေ့၊ နိုဝင်ဘာလ 25 2008 15:56 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ စစ်အစိုးရဆန့်ကျင်ရေး အတိုက်အခံများ ကျင်းပသည့် မလေးရှားရှိ မြန်မာ့အရေး ဆွေးနွေးပွဲတခုတွင် လာရောက် ထောက်လှမ်းပြီး မြန်မာသံရုံးကို သတင်းပေးနေသူ တဦးကို ဖော်ထုတ်ကာ လွှတ်ပေးခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူများ အပြောအရ သိရသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ ဟိုတယ်တခုတွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ပြည်ပရောက် ဒီမိုကရေစီလိုလားသူများ ဆွေးနွေးပွဲ ပြုလုပ်နေစဉ် ၀င်ရောက်နားထောင်နေသူ တဦးသည် မြန်မာသံရုံး ၀န်ထမ်းတဦး ဖြစ်သည်ဟု ဆိုသည်။
"ရိမ်မိတော့ သူ့ကို ခေါ်တယ်။ ဒီဟာတော့ မဖြစ်တော့ဘူး။ ဒီကောင် ထောက်လှမ်းရေးပဲ ဖြစ်နိုင်တယ်လို့ ဆိုပြီးတော့ ကျနော်တို့လူ တယောက် နှစ်ယောက်က အပြင်ကို ခေါ်သွားပြီး စစ်ဆေးလိုက်တော့မှ 'ဒီမှာ မြန်မာသံရုံးက ထောက်လှမ်းရေး ရောက်နေပြီ' ဆိုပြီးတော့ ကဒ်ကို ကိုင်ပြီးတော့ အော်လိုက်တယ်။ အဲဒီတော့မှ ကျနော်တို့ သိရတယ်" ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ မလေးရှားမှ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD-exile) ဥက္ကဌ ဦးသန်းဖေက မဇ္ဈိမကို ပြောသည်။
စွပ်စွဲခံရသူထံတွင် မကြာခဏ ဆိုသလို ဖုန်းဝင်လာသလို အစည်းအဝေးနှင့် ပတ်သက်သော သတင်းများ ပေးပို့နေကြောင်း ရိမ်မိပြီးနောက် ခေါ်ယူ စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်ဟု ဦးသန်းဖေက ပြောသည်။
ထိုသူတွင် ပါရှိသည့် အသံဖမ်းစက်နှင့် ကင်မရာကို ဆွေးနွေးပွဲ တက်ရောက်သူများက သိမ်းဆည်းခဲ့ပြီး၊ လူကိုမူ ပြန်လွှတ်ပေးလိုက်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စင်ပြိုင်အစိုးရဖြစ်သည့် အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) မှ ကိုယ်စားလှယ် ဒေါက်တာ စန်းအောင်၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (NDD) ဥက္ကဌ ဒေါ်ခင်ဥမ္မာ အပါအ၀င် ကွာလာလမ်ပူတွင် နေထိုင်သည့် မြန်မာ့အရေး လှုပ်ရှားသူများ တက်ရောက်ခဲ့သည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို ဆွေးနွေးအမြင်ဖလှယ်ရန် ယခု ဆွေးနွေးပွဲ ကျင်းပကြခြင်း ဖြစ်သည်။
မဇ္ဈိမ
Tuesday, November 25, 2008
အတိုက်အခံ ဆွေးနွေးပွဲမှာ အစိုးရသတင်းပေးကို စစ်ဆေးတွေ့ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment