မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ အောက်တိုဘာလ 23 2008 19:04 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ လာမည့်နှစ်များတွင် ဒေသတွင်းနိုင်ငံများသို့ သွားရောက်၍ အလုပ်အကိုင်ရှာဖွေသူ မြန်မာနိုင်ငံသားများ ပိုမိုများပြားလာမည်ဟု မျှော်လင့်ရကြောင်း “အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း နိုင်ငံသားများအဖွဲ့” (IMO) က ထုတ်ဖော်ပြောဆိုသည်။
ရွှေ့ပြောင်း နိုင်ငံသားများနှင့် ပတ်သက်၍ ယုံကြည် ကိုးစားလောက်ဖွယ် စာရင်းဇယား ရရှိရန် ခက်ခဲသော်လည်း စီးပွားရေး မပြေလည်မှုများက မြန်မာနိုင်ငံသားများကို နိုင်ငံတကာ နယ်နိမိတ်ကို ဖြတ်ကျော်ပြီး စားဝတ်နေရေး ပိုပြေလည်မည့် နေရာကို ရှာကြစေရန် ဆက်လက် “တွန်းပို့” နေဦးမည်ဖြစ်ကြောင်း ယခုတပတ် တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် IMO ၏ အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
"တိုင်းပြည်၏ လက်ရှိ လုံလောက်သော အခြေခံအဆောက်အဦ မရှိခြင်း၊ ကျွမ်းကျင်မှု နည်းပါးသည့် အလုပ်တပ်ဖွဲ့သာ ရှိနေခြင်းတို့ကြောင့် နောက်ထပ် စီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် အဟန့်အတား ဖြစ်နေသည်။ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ရရှိရန် အလားအလာမှာ အကန့်အသတ်နှင့်သာ ရှိနေခြင်းကြောင့် လူအများအပြားကို အခြားနိုင်ငံများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရန် အားပေးသလိုဖြစ်နေသည်" ဟု IMO က ဆိုသည်။
မကြာသေးခင် နှစ်များအတွင်း နိုင်ငံတွင်းမှ ထွက်ခွါလာခဲ့သူ အရေအတွက်မှာ ၃ သန်းခန့် ရှိမည်ဟုလည်း ခန့်မှန်းသည်။
ဤသို့ တိုင်းပြည်ပြင်ပ ထွက်စေရန် “တွန်းပို့သည့် အချက်များ” သည် မြန်မာနိုင်ငံတွင် ပိုများနေမည်ဟု မျှော်လင့်ရကာ၊ မြန်မာတွင် စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်းကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်စာလျှင် ဝင်ငွေကွာဟမှုက ပို၍ ကြီးမား လာဦးမည်ဟုလည်း ဆိုထားသည်။
ထိုင်းနိုင်ငံသည် တဦးချင်းဝင်ငွေတွင် မြန်မာနိုင်ငံထက် ၆ ဆ များနေခြင်းကြောင့် မြန်မာနိုင်ငံသားများ အဓိက ထွက်ခွါရာနိုင်ငံ ဖြစ်မြဲ ဖြစ်နေသည်။ ယခင် အလားအလာများနှင့် မတူဘဲ ယခုအခါတွင် ရွှေ့ပြောင်း အလုပ်သမားဦးရေက နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများထက် ပို၍များနေသည်ဟု IMO က ပြောသည်။ မြန်မာနိုင်ငံသားများတွင် ဤသို့ ရွှေ့ပြောင်း ထွက်ခွါသူများအနက် အမျိုးသမီးများက အမျိုးသားများထက် အရေအတွက် ပိုများလိမ့်မည်ဟုလည်း တွက်ဆထားသည်။ တရားဝင် စာရင်းဇယားများအရ ထိုင်းဘုရင့်နိုင်ငံတွင် ရောက်ရှိနေသာ မြန်မာရွှေ့ပြောင်း နိုင်ငံသားများတွင် အမျိုးသမီးမှာ ၄၆ ရာခိုင်နှုန်း ရှိသည်။
ဒေသတွင်းနိုင်ငံများတွင် တိုင်းပြည်တွင်းမှ ရွှေ့ပြောင်း ထွက်ခွါသူ အများဆုံးရှိသော မြန်မာနိုင်ငံမှ နိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် လူဦးရေ ၂ သန်းခန့် ရှိနေသည်။ ယင်းတို့ထဲမှ အများစုမှာ တရားဝင် ခွင့်ပြုချက် ဘာမျှမရှိဘဲ တရားမဝင်သော်၎င်း၊ မည်သည့်လက်မှတ်မှ မရှိဘဲသော်၎င်း နေကြရသည်။
တရားဝင် အသိအမှတ်ပြုမှု မရှိခြင်းနှင့် ရွှေ့ပြောင်း နိုင်ငံသားများကို ခံစားခွင့် အခွင့်အရေးများ ပေးအပ်မှု မရှိခြင်းကြောင့် ယင်းတို့အနေဖြင့် စော်ကားခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း စသည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ သူတို့ နေထိုင်ရသော ဝန်းကျင် အနေအထားမှာလည်း ကူးစက်ရောဂါ ပိုမို ကူးစက် ဖြစ်ပွားခံရနိုင်ခြင်း ကဲ့သို့သော အန္တရာယ်များ ရှိနေသည်။
ထို့ပြင် ထိုင်းနိုင်ငံနှင့် မြန်မာအာဏာပိုင်များအကြား ၂ဝဝ၃ ခုနှစ် နားလည်မှု စာချွန်လွှာကို အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးခြင်းကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၂ သန်းခန့်မှာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့် အပါအဝင် အခြေခံ လူမှုစောင့်ရှောက်မှုများ မရှိဘဲ ဖြစ်နေသည်။
အဆိုပါ မြန်မာများအနက် အလုပ်လုပ်ခွင့်ပါမစ် ရရှိထားသူများမှာ ၂ဝဝ၇ နှစ်လယ်အထိ ၄၈၅၉၂၅ ရှိသည်။ ယင်းအရေအတွက်သည် အိမ်ရှင်နိုင်ငံက လက်ခံခွင့်ပြုခဲ့သော စုစုပေါင်း အလုပ်လုပ်ခွင့်ပါမစ်၏ ၉၁ ရာခိုင်နှုန်း ရှိသည်။ အများစုသော ရွှေ့ပြောင်း အလုပ်သမားများမှာ ငါးအအေးခန်းစက်ရုံ၊ စိုက်ပျိုးရေး၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် အိမ်ဖေါ်များအဖြစ် လုပ်ကိုင်နေကြသည်။
မြန်မာနိုင်ငံတွင်း အနာဂါတ် စီးပွားရေး အခွင့်အလမ်းများ ချို့တဲ့မှုကြောင့် ၂ဝဝ၄ ခုနှစ်အတွက် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား လျှောက်ထားမှု ကနဦးအဆင့် လိုအပ်ချက်အရ ကလေးသူငယ်ပေါင်း ၇၇ဝဝဝ ၏ လျှောက်လွှာများကို စိစစ်ပြီး ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများ ကြုံနေရသော အန္တရာယ်ကို အနိမ့်ဆုံးအဆင့်သို့ လျှော့ချနိုင်ရေးအတွက် အလုပ်သမား ရှာဖွေရေးလုပ်ငန်းများကို ပိုမိုကြီးကြပ်ရန်၊ နှစ်နိုင်ငံအကျိုးတူ သဘောတူညီချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန်၊ ရွှေ့ပြောင်း လူဦးရေများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရန်နှင့် အချို့သော ကျား-မ ဆိုင်ရာ အကဲဆတ်သည့် ပြဿနာများကို ဖြေရှင်း ကိုင်တွယ်ရန်တို့ကို IMO အဖွဲ့ကြီးက အကြံပြု တင်ပြထားသည်။
ဒေသတွင်း ရွှေ့ပြောင်းရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ နိုင်ငံတွင်း ကျန်ရှိခဲ့သည့် ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများထံ လွှဲပြောင်းပေးပို့ငွေမှာ ၂ဝဝ၆ ခုနှစ်အတွင်း ဒေါ်လာသန်းပေါင်း ၁၁ရ သန်း ရှိသည်။
ဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံရင်းသို့ တရားဝင် ပြန်လည် လွှဲပြောင်းပေးပို့သည့် ငွေမှာ ၁၉၉ဝ ခုနှစ်တွင် ဒေါ်လာ ၄ ဒဿမ ၂ ဘီလျံရှိရာမှ ၂ဝဝ၆ ခုနှစ်တွင် ဒေါ်လာ ဘီလျံ ၅ဝ သို့ တိုးတက်လာခဲ့သည်။
မဇ္ဈိမ
Thursday, October 23, 2008
နိုင်ငံရပ်ခြားသို့ ထွက်ခွါရသူ မြန်မာနိုင်ငံသား ပိုများလာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment