Saturday, October 4, 2008

စစ်အာဏာတည်တံ့ခိုင်မြဲရေးကို နည်းအမျိုးမျိုးဖြင့် တဆင့်တိုးစေသည့်အခါ စစ်ထောက်လှမ်းရေးစနစ်သဏ္ဌာန်ပေါင်းစုံ ဖွံ့ဖြိုးထွန်းကားလာတော့သည်။

၁၉၆၂ ခု၊ မတ်လ (၂)ရက်တွင် မြန်မာနိုင်ငံ၏ တရားဝင်ရွေးကောက်ခံအစိုးရကို စစ်အာဏာရှင် တစုက လက်နက်ကိုင်အဓမ္မနည်းဖြင့် ဖြုတ်ချခဲ့ရာ အာရှတိုက်၏ မီရှူးတန်ဆောင်မှာ အမှောင် ခေတ်ကြီးအတွင်း သက်ဆင်းသွားခဲ့သည်။

အာရှတွင် ပညာရေးအဆင့် အမြင့်ဆုံး နိုင်ငံတခုဖြစ်ခဲ့သည့် မြန်မာပြည်သည် နိမ့်ကျ လှသည့် ပညာရေးအဆင့်အတန်း ရသွားသဖြင့် ပြည်တွင်းပညာရေးမှာ လုံးဝတန်ဖိုးမဲ့သွားခဲ့ သည်။ အဆင့်မြင့်ပို့ကုန်ပစ္စည်းများဖြင့် အာရှတွင် နာမည်တလုံးရထားသည့်နိုင်ငံမှာ အိမ်နီးချင်း နိုင်ငံအားလုံးမှ အရည်အသွေးနိမ့်ပစ္စည်းများ သွန်ချရာ ဖြစ်လာသည်။ အားကစား၊ ယဉ်ကျေးမှု၊ အနုပညာတို့ တောက်စားခဲ့သောနိုင်ငံသည် မည်သို့မှ နိုင်ငံ့သိက္ခာ မဆည်နိုင်တော့သော နိုင်ငံ ဖြစ်သွားသည်။

မဆလစစ်အာဏာရှင်စနစ်၏ နောက်ဆုံးနှစ်များ၌ လိမ်ညာမှိုင်းတိုက်မှုများ၊ တပါတီ စနစ်၏ နိုင်ငံရေးဖိနှိပ်မှုများက နိုင်ငံကို အလင်းရောင်မဲ့စေသလို စစ်အာဏာရှင်စနစ်၏ လက်ဝါး ကြီးအုပ် ကိုယ်ကျိုးကြည့် စီးပွားရေးပေါ်လစီများကလည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘ၀သို့ တွန်းချခဲ့သည်။ ၁၉၈၈ မတ်-ဇွန်-သြဂုတ်လများတွင်မူ ချမ်းမြေ့ပျော်ရွင် သန့်စင်သည့်နိုင်ငံ ပြန်လည်ထူထောင်ဖို့ ကျောင်းသားများခေါ်ရာနောက် ပြည်သူများ တခဲနက်လိုက်ခဲ့ကြသည်။ ထိုမှသည် …
၁၉၈၈ ခု၊ သြဂုတ်လ (၂၆)ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သွေးပီသစွာ သမိုင်း၏တောင်းဆိုမှုကို နာခံ၍ ပြည်သူ့ ရင်ခွင်သို့ ၀င်ရောက်လာခဲ့သည်။ ဤသို့ဖြင့် နှစ်ပေါင်း (၃၀)အတွင်း ပထမဆုံးသော လွတ်လပ် သည့် ပါတီစုံရွေးကောက်ပွဲမှတဆင့် ၁၉၉၀ ခု၊ မေ (၂၇)ရက်တွင် ပြည်သူ့ရင်နှစ်တို့အား အောင်ပွဲပန်းတိုင် လှမ်းမြင်နိုင်စေသည်အထိ လွတ်လပ်ငှက်က လမ်းပြခဲ့ပါသည်။
ကျမအိမ် …
ကျမမွေးဖွားခဲ့ရာ ပြုစုစောင့်ရှောက်ခံခဲ့ရာ
တချိန်က ချမ်းမြေ့သာယာ
အခုတော့ မှောင်မိုက် တုန်လှုပ်စရာအပြည့်။
ကျမမိသားစု …
ကျမ အတူကြီးပြင်းခဲ့ရာ
တချိန်က လန်းဆန်း ပျော်ရွင်
အခုတော့ ကြောက်ရွံ့ ခြောက်ခြားလျက်။
ကျမသူငယ်ချင်းများ …
ကျမ ပေါင်းသင်းခဲ့ရာ
တချိန်က သန့်စင် ရွှင်ပြ
အခုတော့ နှလုံးကြေကွဲ အသက်ရှင်။
လွတ်လပ်ငှက် …
လွတ်မြောက်ခါစ
တချိန်က လှောင်ချိုင့်ထဲ
အခုတော့ သံလွင်ခက်ချီ ပျံသန်းနေ
ကျမချစ်တဲ့နိုင်ငံအတွက်။
လွတ်လပ်တဲ့ဗမာပြည်ဆီ ပျံနေတဲ့ လွတ်လပ်ငှက်ပါ။ လွတ်လပ်ငှက်(၁၉၈၉)
မဆလတဖြစ်လဲ န၀တစစ်အာဏာရှင်လက်သစ်တို့က ရွေးကောက်ပွဲရလဒ်များ ၎င်းတို့ မျှော်မှန်းသလို ဖြစ်မလာသောအခါ ပထမတွင် မလိမ့်တပတ်၊ နောက်ပိုင်းတွင် ရူးသလိုပေါသလို၊ နောက်ဆုံး၌ ဗြောင်အတိအလင်း၊ ရလဒ်များကို ငြင်းဆန်ခဲ့တော့သည်။ ၁၉၉၀ ခု၊ ဇူလိုင် (၂၉)ရက် ဂန္ဓီအစည်းအဝေးလွန်မြောက်ပြီးနောက်တွင် ဒီမိုကရေစီအလင်းစမှာ လုံးဝမှောင်ကျသွားပြီး တနိုင်ငံလုံး တဆင့်မြင့်စစ်အာဏာရှင်စနစ်အောက်၌ အသံတိတ်ဆိတ်သွားစေခဲ့သည်။
စစ်အာဏာတည်တံ့ခိုင်မြဲရေးကို နည်းအမျိုးမျိုးဖြင့် တဆင့်တိုးစေသည့်အခါ စစ်ထောက်လှမ်းရေးစနစ် သဏ္ဌာန်ပေါင်းစုံ ဖွံ့ဖြိုးထွန်းကားလာတော့သည်။ စစ်ဗိုလ်ချုပ်တို့၏ အတ္တကို ကာကွယ်မြှင့်တင်နိုင်ရန်အလို့ငှာ တနိုင်ငံလုံး၏ လွတ်လပ်ပျော်ရွှင်မှု၊ စည်ပင်ဝပြောမှု တို့ကို ဖိချပစ်လိုက်ပါတော့သည်။ ၁၉၈၈ ခု၊ သြဂုတ် (၈)ရက်နှင့် ၁၉၉၀ ခု၊ မေ (၂၇)ရက်၏ အသံများကို တိတ်ဆိတ်သွားစေခဲ့ပါသည်။

သို့သော် …
ခြောက်နှစ်ကြာ အဓမ္မအသံဆိတ်ခံရပြီးနောက် ၁၉၉၅ ဇူလိုင်လတွင်လည်းကောင်း၊ နောက်တဖန် နှစ်နှစ်နီးပါးကြာ အဓမ္မအသံတိတ်ခံရပြီးနောက် ၂၀၀၂ ခု၊ မေလတွင်လည်း ကောင်း လွတ်လပ်မှုအသံမှာ နဂိုမူရင်းအတိုင်း အင်ပြည့်အားပြည့်ထွက်ပေါ်ခဲ့ပြန်သည်။ ကမ္ဘာကျော်လူလိမ်ကြီးများကား ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်စားပြုနေသော လွတ်လပ်မှု အသံကို မည်သို့မှ ဖုံးလွှမ်းဖျောက်ဖျက်မပစ်နိုင်ခဲ့။ ဆင့်ပွားလာသော မင်းကိုနိုင်၊ ကိုမြင့်အေး၊ ဦးအေးမြင့်၊ စုစုနွေးတို့၏ တိတ်ဆိတ်မြေမှ ဖောက်ထွက်နေသည့် လွတ်လပ်မှုအသံများကို လိုက်လံတုပသူတို့ တုပကြသော်လည်း မည်သို့မှ မယှဉ်သာပါလေ။
တိတ်ဆိတ်မြေမှာ၊ ဘယ်သူမှ မပြောနိုင်တာက
တယောက်ယောက်ကများ ချောင်းနားထောင်နေမလား
လျှို့ဝှက်ချက်တွေ ပြန်ရောင်းနိုင်ဖို့လေ။
သတင်းပေးတို့ကို နိုင်ငံ့သွေးနဲ့ တန်ဖိုးသင့်ပေး
ဒီတော့ မင်းဆိုးတို့မကြိုက်တာကို ဘယ်သူမှမပြောရဲ။
မြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေမှာလေ၊
ရယ်မောသံတိတ် အတွေးအမြင် ဆိတ်။
ဟောဒီ မြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေမှာ၊
ဆိတ်ငြိမ်နေတဲ့လူထုကြီးအတွင်းက တိတ်ဆိတ်ခြင်းအသံကို ကြားနိုင်
တိတ်ဆိတ်မြေမှာ၊ ဘယ်သူမှ မပြောနိုင်တာက
စစ်သားတွေ ဘယ်အချိန်လာပြီး
မ,သွားမလဲ။
တရုတ်က လမ်းရချင်၊ ပြင်သစ်က ရေနံလိုချင်နဲ့၊
ယိုးဒယားက သစ်ယူ၊ န၀တက ခိုးရာပါပစ္စည်းတွေယူနဲ့ …
တိတ်ဆိတ်မြေမှာလေ …
တိတ်ဆိတ်မြေမှာ၊ ဘယ်သူမှမကြားနိုင်တာက
အသတ်ခံရသူတွေရဲ့ တိတ်သွားတဲ့အသံ
နောက်ပြီး အကြောက်တရားနဲ့ ပိတ်ဖုံးထားတဲ့အသံ။
ဘယ်လိုပင် ဇွတ်အတင်းလုပ်လုပ်၊ လွတ်လပ်မှုဆိုတဲ့အသံကို
လူလိမ်လူညာတို့ မတုပနိုင် မှိန်ပျောက်သွားအောင် ဖုံးမပစ်နိုင်ပေါ့။ တိတ်ဆိတ်မြေ (၁၉၉၆)
၁၃၆၅ ခု၊ ကဆုန်လကွယ်နေ့မှာ ထုံးစံအတိုင်း မှောင်မိုက်နေသည်။ မြို့ပြ၏ လျှပ်စစ် မီးရောင်နှင့်ဝေးသော၊ ဒီပဲယင်း၏ တောနယ်မှာ ပို၍ပင်မှောင်သည်။ ဤသို့သော အမှောင်ကိုမှ အထူးနှစ်သက်သူတို့အုပ်ချုပ်ရာ တိုင်းပြည်တွင် လွတ်လပ်မှုအသံကို ဆိတ်သုဉ်းအောင်လုပ်ဖို့ အခွင့်အလမ်းမှာ ဤလကွယ်နေ့၌ အကျည်းတန်စွာ ပေါ်ပေါက်လာလေသည်။ သို့ဖြင့် … အစုလိုက်အပြုံလိုက် လူသတ်ပွဲ၊ အစုလိုက်အပြုံလိုက် နှိပ်ကွပ်ပွဲ၊ …တိတ်ဆိတ်မြေအား အဆင့် တိုးခြင်း။
ထူးဆန်းသည်တော့မဟုတ်။ ၎င်းတို့၏ အဘိဓာန်ထဲတွင် ပျော့ပျောင်းမှုဟူသော ဝေါဟာရ လုံးဝ လုံးဝ မပါဝင်သော ကိုယ်ကျိုးကြီး စစ်အာဏာရှင်တို့နှင့် စိတ်သဘောထား မြင့်မြတ်လှသော ပြည်သူတို့ ရင်ဆိုင်ရသည့်ပွဲ၌ ပြည်သူတို့ဘက်က သွေးချောင်းစီးခဲ့သည်မှာ ယခုမှမဟုတ်။
၁၉၈၅ ခုက ရှမ်းပြည်အလယ်ပိုင်း လဲချား-မိုင်းနောင်ဒေသ၌ မဆလစစ်တပ်က ဗကပ ရင်း ၅၀၂ တပ်ရင်းမှူး ၀တိုင်းရင်းသား ဗိုလ်တာပဲ့၏ဇနီး ရှမ်းအမျိုးသမီးကို ကိုယ်ဝန်အရင့်အမာ နှင့် ဖမ်းမိခဲ့ရာ ဗိုက်ပေါ် တက်ခုန်သတ်ခဲ့ပါသည်။
၁၉၉၂ ခုက မြိတ်-ထားဝယ်ခရိုင် ကေအင်ယူခရိုင်မှူး ပဒိုသမိန်ထွန်း၏ (၅)နှစ်အရွယ် သားနှင့် (၇)နှစ်အရွယ် သမီးတို့ကို န၀တစစ်တပ်က ဖမ်းမိပြီးနောက် အရှင်လတ်လတ် မီးပုံထဲ ပစ်ချသတ်ခဲ့သည်။
၁၉၉၃ ခုက အောင်ပန်း-လွယ်ကော် ရထားလမ်းဖောက်ရာ၌ နတ်ကြီးသည်ဆိုသည့် နောင်ဝိုးတောင်ကြားတွင် ရထားလမ်းတည်တံ့ရေးအတွက် ဗမာလူမျိုး ကလေးငယ်နှစ်ယောက် ကို အရှင်လတ်လတ် မြေကျင်းထဲထည့်ကာ ဘူဒိုဇာဖြင့် မြေဖို့သတ်ပြီး လူစတေးခဲ့သည်။
လွန်ခဲ့သည့် (၁၈)နှစ်အတွင်း အကျဉ်းထောင်များထဲ၌ ယုံကြည်ချက်အကျဉ်းသား ပေါင်း အနည်းဆုံး (၁၃၀)ကျော် သေဆုံးခဲ့ရသည်။
ငါးနှစ်အတွင်း ရှမ်းပြည်၌ အမျိုးသမီးပေါင်း အနည်းဆုံး (၆၀၀)ကျော်ကို နအဖစစ်သား များက မုဒိန်းကျင့်ခဲ့သည်။
ပြီးခဲ့သည့်ဆယ်နှစ်အတွင်း ကရင်ပြည်၌ ရွာပေါင်း (၃,၀၀၀)ကျော်ကို ဖျက်ဆီးကာ ရာနှင့်ချီသော ကရင်တိုင်းရင်းသားများကို သတ်ပစ်ခဲ့သည်။
ယခုနောက်ဆုံး (၂)နှစ်အတွင်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့တွင် သောင်းနှင့်ချီသော ကရင်တိုင်းရင်းသားများကို လူမျိုးသန့်စင်ရှင်းထုတ်ပစ်နေသည်။
….ခဲ့သည်။ ….ခဲ့သည်။ …….
….နေသည်။ ….နေသည်။ … … သွေးစာရင်းကား ကုန်နိုင်ဖွယ်မရှိ။
မနှစ်တုံးက ငါ့အဖေကို သူတို့သတ်ခဲ့၊
ပြီးတော့ ငါ့တဲကို မီးရှို့
"ဘာကြောင့် ငါ့ကိုမှ ဒီလိုလုပ်ရတာလဲ" မြို့ကြီးသားတွေကိုမေးလဲ သူတို့လှည့်မကြည့်
"မသိဘူး၊ ကိုယ့်ဟာကိုယ် အေးအေးနေ" တဲ့။
တနေ့ ငါမူလတန်းကျောင်းက အိမ်ပြန်အလာ၊
ငါ့အစ်မ အသက်မဲ့၊ သွေးအိုင်ထဲမှာ။
ဘာဖြစ်တာလဲ မေးဖို့လိုက်ရှာ၊ တယောက်ယောက်များ သိလေမလား
သွေးလွှမ်းတဲ့ အိမ်ခန်းကလွဲပြီး ဘယ်သူမှမတွေ့
ရွာလယ်လမ်းပေါ် ငါတယောက်ထဲ လျှောက်ပြေး
ဘယ်သွားရမှန်းမသိပေမဲ့ ဆရာမဆီ ခြေဦးလှည့်မိ
ငါ့အသိကို ရှင်းပေးနိုင်တာ သူတယောက်ထဲလို့ နားလည်ထား
သို့သော် ဒီတခါတော့ သူမတတ်နိုင်၊ အထူးအဆန်းကိစ္စတွေ ကြောက်ရွံ့စွာပြောပြ။
ဘာဖြစ်လို့လဲ၊ ဆရာမရယ်၊ ဘာဖြစ်လို့လဲ… ဘာ … ဘာဖြစ်လို့လဲ…
ငါ့မှာ အဖေလဲမရှိတော့၊ အစ်မလဲမရှိတော့။
ဆရာမပြောတော့ ငါ့ကို ကောင်းရာညွှန်လတ် အတတ်သင်စေမယ်ဆိုတာ
ညာပြောတာလား ဟင်။
ဒီတခါ မျက်ရည်တွေတွေကျရင်း ဆရာမ ထပ်ပြော …
"ကြီးလာအောင်သာလုပ်စမ်းပါ၊ လူကလေးရယ်၊
ဒို့အားလုံး အသက်ငင်နေကြတာ မတွေ့ဘူးလား။
မင်းကြီးလာတာနဲ့တခါတည်း ဒီဥစ္စာကို အင်နဲ့အားနဲ့ တားပစ်လိုက်၊
ဘာလို့လဲဆိုတော့ ဒို့အားလုံး ခံနေရတာမို့။" ဘာကြောင့်တိုက်(၁၉၉၉)
"မြင့်တဲ့အပင်တွေကို ခုတ်လှဲပစ်ကြ" Cut down the tall trees!
၁၉၉၄ ခု၊ ဧပြီ (၆)ရက်နေ့တွင် ရ၀မ်ဒါနိုင်ငံ၌ ဤညွှန်ကြားချက်ကို ရ၀မ်ဒါအာဏာရှင် တို့က ၎င်းတို့၏ မီဒီယာများမှနေ၍ အမိန့်ပေးခဲ့ပြီးနောက် သုံးလအတွင်း လူ (၈)သိန်း အသတ်ခံ ခဲ့ရသည်။
"မိမိတို့အနေဖြင့်လည်း မိမိတို့နယ်မြေဒေသသို့ အလားတူဝင်ရောက်ပြီး တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင်နှင့် ဆူပူမှုများဖြစ်ပွားအောင် ဖန်တီးလာပါက ထိုအဖျက်အမှောင့် သမားများကို အုတ်ပုံရွာသူရွာသားများကဲ့သို့ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း …"
၂၀၀၇ ခု၊ ဧပြီလ (၂၃)ရက်တွင် နအဖ၏ မြန်မာ့သတင်းစဉ်က အထက်ပါညွှန်ကြား ချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် … …
မည်သူကခေါင်းမာနေပါသနည်း။ ဘာ့ကြောင့် တိုက်ရမည်နည်း။ … စင်စစ်အားဖြင့် အဖြေမလိုသော မေးခွန်းများ။

… ဘာလို့လဲဆိုတော့ ဒို့အားလုံးခံနေရတာမို့။
ကိုမြင့်ဆွေမှပေးပို့သည်

0 comments: