ဖနိဒါ
အင်္ဂါနေ့၊ စက်တင်ဘာလ 02 2008 16:39 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ရွှေဝါရောင် လှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့သည့် တနှစ်ပြည့် ကာလတွင် တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည့် ရန်ကုန်၊ ပဲခူး၊ စစ်တွေမြို့များတွင် လုံခြုံရေးများ အထူးတလည် တင်းကျပ်ထားသည်။
သံဃာတော်များ သပိတ်မှောက် ကံဆောင်ခဲ့သည့် ရွှေဝါရောင် တနှစ် ပြည့်လာချိန်တွင် အလားတူ လှုပ်ရှားမှုများ ထပ်မံ မပေါ်ပေါက်စေရန် ကြိုတင်ကာကွယ်မှု ဖြစ်စေနိုင်သည့် လုံခြုံရေး တင်းကျပ်မှုမျိုးကို အာဏာပိုင်များက ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ပြုလုပ်လာခြင်း ဖြစ်သည်။
"ချထားတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ၀န်ကြီးများရုံးအထဲမှာ ရှိပြီးသား။ အပြင်မှာက ၃-၄ ယောက် ထုတ်ထားတယ်။ အထဲမှာက ကားနဲ့ လုံထိန်း ထည့်ထားတယ်။ သူတို့အနီးအနား ၀န်းကျင်မှာပဲ ချထားတာ။ '၀ုန်းကနဲ' ဆို သူတို့ ထွက်လာဖို့ ရှိတယ်လေ" ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ရန်ကုန်မြောက်ဘက် မိုင် ၅၀ ခန့်အကွာတွင် တည်ရှိသည့် ပဲခူးမြို့တွင်လည်း လုံထိန်းနှင့် ကြံ့ဖွံ့များကို လုံခြုံရေး ချထားကာ ညပိုင်းတွင် ဟိုင်းလတ် Hilux ကား ၃ စီးခန့်ဖြင့် လုံထိန်းများသည် မြို့တွင်း လှည့်ပတ်နေကာ ဈေးဆိုင်များကိုလည်း ည ၁၀ နာရီကျော်လျှင် ဈေးဆိုင်များ ပိတ်ရန် ဒေသ အာဏာပိုင်များက တားမြစ်နေသည်။
"ဟိုင်းလတ်ကားတွေပေါ်မှာ ကားတစီးကို ၂၀ လောက် (လုံထိန်း) ရှိမယ်။ လမ်းထောင့်တွေမှာလည်း မှောင်ရိပ်ခိုပြီးတော့ ၃-၄ ယောက် စောင့်နေတာတွေ၊ အရပ်ဝတ်တွေလည်း ရှိတယ်။ ဒိုင်းတွေ၊ လက်နက် အပြည့်အစုံနဲ့ ညဆိုလည်း လမ်းကြိုလမ်းကြားတွေ အကုန်လုံး လျှောက်ပတ်သွားနေတယ်။ လူစည်ကားတဲ့ ဘုရားလမ်း နေရာတွေမှာ ပေါ့နော်။ ရိုးရိုးဝတ်စုံတွေနဲ့။ ဆိုင်လည်း ၁၀ နာရီထိ ဖွင့်ခိုင်းတယ်လေ" ဟု ပဲခူးမြို့ ဒေသခံတဦးက ပြောသည်။
ပဲခူးတွင် အဓိကအားဖြင့် လုံခြုံရေးချထားသည့် နေရာများမှာ ရွှေမော်ဓောဘုရားလမ်း၊ သနပ်ပင်လမ်း၊ ရန်ကုန်- မန္တလေး ကားလမ်းတွင် အရပ်ဝတ်နှင့် ရဲများက တနေရာ ၃-၄ ဦးခန့် စောင့်ကြည့်နေကာ ပဲခူးမြို့တမြို့ထဲတွင်ပင် အင်အား ၃၀၀ ခန့် ရှိနိုင်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
သူက ဆက်ပြီး "မနှစ်က အချိန်လည်း ရောက်လာပြီဆိုလို့ပဲ ပြောရမှာပေါ့။ မနှစ်က စက်တင်ဘာကလို ထပ်ဖြစ်မှာ စိုးလို့ပဲ။ မနှစ်တုန်းက အကြီးအကျယ် ဖြစ်ထားတော့ နိုင်ငံတကာအမြင်မှာ တမျိုး ပြန်ဖြစ်လာမယ်လေ။ အဲဒီအတွက် ထပ်အဖြစ် မခံနိုင်လို့ ထင်တာပဲလေ။ အခုအချိန်မှာတော့ ဘုန်းကြီးတွေကို နည်းနည်းတော့ လန့်နေတယ်ပေါ့နော်" ဟု ပြောသည်။
လူထုလှုပ်ရှားမှု ဖြစ်ပွားလေ့ရှိသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း လုံခြုံရေးများ ချထားကာ ဗီဒီယိုရုံများကို ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ ပြသခွင့် ပိတ်ပင်လိုက်ကြောင်း စစ်တွေဒေသခံတဦးက ယခုလို ပြောသည်။
သူက "ဆရာတော် ဦးဥတ္တမ ပန်းခြံထောင့်မှာ ချထားတာတော့ တွေ့တယ်။ လုံထိန်းရော၊ စစ်သားတွေရောပဲ၊ လက်နက်အပြည့်ပဲ။ လုံထိန်းကား FAW ဖောကားမှာ ၃ စီးလောက် ရှိတယ်။ ၃ ရက်၊ ၄ ရက်လောက်တောင် ရှိပြီ။ စစ်ကား နှစ်စီးကလည်း လှည့်ပတ်နေတယ်လေ။ ဗီဒီယို မပြရတာလည်း တပတ်လောက်ရှိပြီ။ ညဘက်ဆိုရင်လည်း ခိုးကြည့်နေရတယ်။ ဘောလုံးပွဲဆိုလည်း ခိုးကြည့်နေရတယ်လေ" ဟု ပြောသည်။
ယမန်နှစ် သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက်ပွဲများ စတင်လိုက်သည့် ပခုက္ကူမြို့တွင်လည်း လုံခြုံရေးများ တင်းကျပ်ထားသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက်ပွဲကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲသောကြောင့် အဆိုပါလုပ်ရပ်အား စစ်အစိုးရမှ ပြန်လည်တောင်းပန်ရန်အတွက် ပြောဆိုသော်လည်း တောင်းပန်ခြင်း မပြုသဖြင့် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ဆင်နွှဲခဲ့ရာမှ ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။
Tuesday, September 2, 2008
ရွှေဝါရောင် တနှစ်ပြည့်ကာလ မြို့နယ်အချို့ လုံခြုံရေးများ တိုးမြှင့်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment