(ဂုရုဆန် )
(စစ်အစိုးရ၏ တရားမ၀င်မှုကို ကုလသမဂ္ဂမှာ စတင်ကန့်ကွက်လိုက်ပါပြီ)
စစ်အာဏာရှင်… တပါတီအာဏာရှင်… လူထုအာဏာရှင်အမည်ခံ လူတစုအာဏာရှင်… ဘယ်အာဏာရှင်ကများကောင်းလို့လဲ။ ကမ္ဘာပေါ်မှာ အရပ်သားအာဏာရှင်နဲ့စစ်သားအာဏာရှင်က တရားနည်းလမ်းတကျစီမံခန့်ခွဲအုပ်ချုပ်လို့ ဖွံ့ဖြိုးတိုတက်သွားတဲ့နိုင်ငံများရှိပါသလား။ တောင်ကိုရီးယားမှာဆိုရင် ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး တို့၊ ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ်၊ ဗိုလ်ချုပ် နိုတေ၀ူးတို့လက်ထက်နဲ့ကင်ယုံဆန်၊ ကင်ဒေးဂျုံ၊ ရိုမူဟွန်း စတဲ့အရပ်သားအစိုးရတွေလက်ထက်တွေမှာ လွတ်လပ်ပွင့်လင်းတာ ဖွံ့ဖြိုးတိုးတက်တာတွေ တူလို့လား။ ဂန်ဖလား(ခေါ်) ဂန်ဘာရီတို့ရဲ့နိုင်ဂျီးရီးယားနိုင်ငံက ဗိုလ်ချုပ်ကြီး ဘာဂန်ဒီဆန်နီအာပါချာတို့လက်ထက်ကို လေ့လာကြမလား။ ချီလီပြည်က ဗိုလ်ချုပ်ကြီး ပီနိုချေးတို့လက်ထက်ကို ဆန်းစစ်ကြမလား။ ပါကစ္စတန်ပြည်က စစ်အာဏာရှင်တွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး အာယွတ်ခန်။ ဗိုလ်ချုပ်ကြီး ယာယာခန်၊ ဗိုလ်ချုပ်ကြီး ယာကွတ်ခန်တို့ကအစ၊ လေယာဉ်ပျံပျက်ကျပြီးသေဆုံးသွားတဲ့ ဗိုလ်ချုပ်ကြီး ဇီယာအူဟတ်တို့ကအလယ်၊ ဗိုလ်ချုပ်ကြီး အီရှတ်ခန်နဲ့မကြာသေးမီကပဲ ၉ နှစ်ကြာအုပ်စိုးပြီးမှ အခြေအနေမဟန်လို့ နောက်ဆုတ်ပေးသွားတဲ့ ဗိုလ်ချုပ်ကြီး မူရှာရက်ဗ်တို့ကအဆုံး ပါကစ္စတန်စစ်အာဏာရှင်စနစ် (၀ါ) လမ်းညွှန်ဒီမိုကရေစီစနစ် Guidance Democracy ကို သုံးသပ်မလား။ မြန်မာနိုင်ငံနဲ့နိုင်ငံရေးဖြစ်စဉ် ခပ်ဆင်ဆင်တူတဲ့ အာဆီယံမိသားစုထဲက ဆိုရင် အင်ဒိုနီးရှားနိုင်ငံက စစ်အာဏာရှင်စနစ် (၀ါ) လမ်းညွှန်ဒီမိုကရေစီစနစ် Guidance Democracy ကို အသက်သွင်းသွားတဲ့ ဗိုလ်ချုပ်ကြီး ဆူဟာတို လက်ထက်ရယ်၊ ဖိလစ်ပိုင်ပြည်က ဗိုလ်ချုပ်ကြီး ဖာဒီနန်မားကို့စ်လက်ထက်ရယ်တို့ကို ဝေဖန်ထောက်ရှု့ကြမလား။ ကိုင်း … တဆက်ထဲ ကျနော်တို့မြန်မာပြည်က ( ၁၉၆၂- ၁၉၈၈) ကာလ ၂၆ နှစ်ကြာ အမှောင်ခေတ်ကို ဖန်တီးထုဆစ်ခဲ့သူ ဗိုလ်နေ၀င်းရယ်၊ ၁၉၈၈ - စက်တင်ဘာလ ၁၈ ရက် နေ့ကနေ ဒီကနေ့ထိ အနှစ် ၂၀ ကြာ ဒုတိယအမှောင်ခေတ်ကို ပုံဖော်တည်ဆောက်ခဲ့သူ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေစသူတို့ဟာ နိုင်ငံနဲ့လူမျိုးကို ဘာများကောင်းကျိုးပေးခဲ့လို့လဲ။ အာရှကျားပေါက်နိုင်ငံ (၀ါ) အာရှထွန်းသစ်စနိုင်ငံတွေအဖြစ် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတွေက အစွမ်းကုန်ကြိုးပမ်း ကြွေးကြော်နေကြချိန်၊ စကာင်္ပူ၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ စတဲ့ အာရှကျား ၄ ကောင် တို့ရဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်တွေကို မြှင့်တင်နေကြချိန်မှာ သူများနိုင်ငံတွေအဖို့ အကောင်းစားနိုင်ငံ ဖြစ်အောင်ကျားကုတ်ကျားခဲအားထုတ်နေကြချိန်မှာ ကျနော်တို့မြန်မာနိုင်ငံက စစ်အာဏာရှင်အဆက်ဆက်ဟာ သူတောင်းစားနိုင်ငံ ဖြစ်အောင် နေ့မအား ညမနား လှုပ်ရှားရုန်းကန်နေကြတာဟာ ချီးကျွေးစရာပါပဲခင်ဗျာ။
စစ်တပ်ဆိုတာ မူလနေရာဖြစ်တဲ့နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ဘဲ ရှိပါတယ်။ တကယ်လို့များ နိုင်ငံတော်အကြီးအကဲဖြစ်ချင်ရင် မူလစစ်တပ်တာဝန်ကနေ နှုတ်ထွက်ပြီး ဒီမိုကရေစီ နည်းလမ်းကျတဲ့ ရွေးကောက်ပွဲကို ယောကျာင်္းပီပီ တည်တည်ကြည်ကြည် ၀င်ပြိုင်ရဲရပါမယ်။ ကမ္ဘာ့ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးဖြစ်တဲ့ အင်္ဂလန်နိုင်ငံမှာဆိုရင်လည်း ရေတပ်ဝန်ကြီးအဖြစ်ကနေ ဒုတိယကမ္ဘာစစ်ကြီးအတွင်း နန်းရင်းဝန် (၀န်ကြီးချုပ်) ဖြစ်ခဲ့တဲ့ ၀င်စတန်ချာချီတို့၊ အမေရိကန်ပြည်ထောင်စုမှာဆိုရင်လည်း ဒုတိယကမ္ဘာစစ်အပြီးကာလ ၁၉၅၂ ကိုရီးယားပြည်တွင်းစစ် (တောင်နဲ့မြောက်ကိုရီးယား) ကာလမှာ သမ္မတတာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း အိုက်ဆင်ဟောင်ဝါ တို့လို ပုဂ္ဂိုလ်မျိုးတွေဟာ တိုင်းပြည်ရဲ့အချုပ်အချာအာဏာကို ဓါးပြဆန်ဆန်လုယူခဲ့ကြသူတွေ မဟုတ်ကြပါဘူး။ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ စတဲ့ အချုပ်အချာအာဏာ ၃ ရပ်ဟာ ကျနော်တို့မြန်မာပြည်အဖို့ နလဗိန်းတုံးများ၏ အဓမ္မဓါးပြအဖွဲ့ (နအဖ) ခေတ်ကာလအဖြစ်ပဲကြည့်ကြည့်၊ နဝေတိမ်တောင်များ၏ တရှူးမူးထိုးအဖွဲ့ (န၀တ) ခေတ်ကာလအဖြစ်ပဲရှုရှု၊ ရင်သပ်ရှုမော အံ့ဩလို့မကုန်နိုင်သော အမှောင်တောနဲ့ ဘ၀အမော သောကအပူတွေကိုသာ ထပ်ကာတလဲလဲ တွေ့မြင်ကြရမှာ မလွဲပါဘူး။
“မြန်မာနိုင်ငံကို လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ပြည်သူကတရားဝင်ရွေးချယ်ထားတဲ့ အစိုးရမဟုတ်ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံကို အုပ်ချုပ်ရန် အရည်အချင်းမပြည့်မှီသောကြောင့် ကမ္ဘာ့ကုလသမဂ္ဂရှိ စစ်အစိုးရရဲ့မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်နေရာကို ကန့်ကွက်ပါကြောင်း” အဆိုပြုချက်တရပ်ကို ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) မှ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံကို ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တင်ပြခဲ့ကြောင်း နှစ်ထောင်းအားရဘွယ်ရာ ကြားသိရပါတယ်။ ဒီလုပ်ငန်းစဉ်ကို အဓိက ဦးဆောင်လုပ်ကိုင်တဲ့ တပ်ပေါင်းစုကြီးကတော့ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ) ဘဲ ဖြစ်ပါတယ်။ အရင်တုန်းကလည်း ကမ္ဘာ့ကုလသမဂ္ဂထံကို ဒီလိုမျိုး Credential Challenge လုပ်တာမျိုးကို အခြား ၈ နိုင်ငံ ကနေ ဆောင်ရွက်ခဲ့ဘူးတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ လူရယ်လို့ပြောလို့မရအောင် ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ အာဏာရှင်တွေထဲက အခြေအနေအချိန်အခါအလိုက် လိုက်လျောညီထွေစွာ ပြောင်းလဲပေးခဲ့တာတွေလည်း မရှိမဟုတ်ရှိပါတယ်။ ဥပမာအားဖြင့် စက်တင်ဘာလ ၁၅ ရက် မနေ့တနေ့ကပဲ အာဖရိကတိုက်က လွတ်လပ်ရေးခေါင်းဆောင်လည်းဖြစ်၊ အာဏာရှင်လည်းဖြစ်တဲ့ ရောဘတ်မူဂါဘီရဲ့ အပြောင်းအလဲကိုကြည့်ပါ။ အာဏာရှင် ရောဘတ်မူဂါဘီနဲ့ ဘယ်လိုမှ ဆက်စပ်လို့၊ ညှိနှိုင်းလို့မရနိုင်တော့ဘူးလို့ဒီကနေ့ကမ္ဘာကြီးက ထင်နေကြတဲ့ အတိုက်အခံခေါင်းဆောင် မော်ဂန်ရှင်ဒရိုင်းတို့အကြားက တိုင်းပြည်နဲ့လူမျိုးအကျိုးသာလျှင် ပထမ၊ တိုင်းပြည်နဲ့လူမျိုးအကျိုးသာလျှင် ဒုတိယ၊ တိုင်းပြည်နဲ့လူမျိုးအကျိုးသာလျှင် တတိယဆိုတဲ့အာဏာခွဲဝေရယူရေး အစီအစဉ်တရပ်ကို သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါပြီ။ ရောဘတ်မူဂါဘီက သမ္မတ၊ အတိုက်အခံခေါင်းဆောင် မော်ဂန်ရှင်ဒရိုင်းက ၀န်ကြီးချုပ်အဖြစ်၊ ဇင်ဘာဘွေနိုင်ငံသစ်၊ အခင်းအကျင်းသစ်၊ မျက်နှာစာသစ်တို့ကို ဖွင့်လှစ်နိုင်ခဲ့ကြပါပြီ။
ရှေ့က ရည်ညွှန်းခဲ့တဲ့ ဇင်ဘာဘွေအာဏာရှင်ရောဘတ်မူဂါဘီလိုမျိုး၊ ပါကစ္စတန်အာဏာရှင် ဗိုလ်ချုပ်ကြီး မူရှာရက်ဗ်လိုမျိုးအခြေအနေ အချိန်အခါကိုနားလည်တဲ့၊ ပြည်သူ့ ဆန္ဒကိုလေးစားတဲ့အာဏာရှင်တွေအဖြစ် ကျနော်တို့ဆီက နအဖ စစ်အုပ်စုက ပြောင်းလဲကြမယ်ထင်ပါသလား။ ၁၉၉၉၃ ခုနှစ် တုန်းက အခုအာဆီယံမိသားစုဝင်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲကို အဲဒီတုန်းက အာဏာရှင် ဟွန်ဆန်နဲ့ ကွန်မြူနစ်ပါတီ (ခမာနီ) အုပ်စုက ခီယူဆန်ဖန်အဖွဲ့၊ မင်းသားကြီး သီဟာနုအဖွဲ့၊ ဆွန်ဆန်အဖွဲ့စသူတို့ဟာ ဘယ်လိုဘယ်ပုံတိုင်းပြည်နဲ့လူမျိုးအကျိုးကိုရှေ့တန်းတင်ဖော်ဆောင်ခဲ့သလဲဆိုတာ ပြန်လည်သုံးသပ်နိုင်ကြပါတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများဘက်ကနေ Credential Challenge လုပ်လိုက်တာဟာ နောက်တောင်ကျနေပါသေးတယ်။ Credential Challenge အဆိုပြုချက်ဟာ နောက်လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံများကျမှ ဆုံးဖြတ်ချက်ကျမှာမို့လို့ (ကျနော်စိတ်အထင် … နောက် ၅/၆ နှစ်ထက်စောပြီးဆုံးဖြတ်ချက်မကျနိုင်) … “စိတ်ရှည်,ဇွဲသန်,သည်းညည်းခံ… တော်လှန်လွတ်မြောက်ကြောင်း” ရယ်လို့လည်းကောင်း၊ “နိုင်ငံရေးမှာ စောင့်နိုင်တဲ့သတ္တိရှိရမယ်” ဆိုခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ထုံးကို နှလုံးမူ၍လည်းကောင်း၊ နောင်အနှစ် ၁၀၀ ကြာပါစေ ကျနော်တို့ အသက်တွေ ၆ ပေ ၁ ပေ ဘူမိမြေထဲရောက်နေပါစေ၊ ကိုသူရ (ဇာဂနာ) ပြောခဲ့ဘူးတဲ့ “စောင့်ရမှာပေါ့လေ” စကားနဲ့အညီ စစ်အာဏာရှင်များအောက် ပြားပြားမှောက်နေရသော ပြည်သူများနဲ့အတူ မလွဲမသွေစောင့်နေဦးမည်ဖြစ်ပါကြောင်း…။ ။
ပြည်သူမပါ… အရာရာ… ဘာဆိုဘာမှမပြီးနိုင်ပါ။
ပြည်သူသည်သာ… အခရာ… အရာရာကိုပြောင်းလဲနိုင်သည်။
ခွန်အားမျှဝေ… တို့တတွေသည်… မလွဲမသွေပြည်သူတွေအတွက်
မလွဲမသွေပြည်သူတွေအတွက်
မလွဲမသွေပြည်သူတွေအတွက်
မလွဲမသွေပြည်သူတွေအတွက်
(ဂုရုဆန် )
Thursday, September 18, 2008
မလွဲမသွေပြည်သူတွေအတွက် စာမျက်နှာ …
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment