(ခွန်မြင့်ထွန်းမှရှင်းပြသည့် လူထုလူတန်းစားများအတွက် နိုင်ငံတကာ အားပေးထောက်ခံမှုတခု သို့မဟုတ် ဖိလစ်ပိုင်အတွေ့အကြုံ)
“ကျနော်တို့ နိုင်ငံရေးအကျဉ်းသားသမဂ္ဂမှာရှိတဲ့ လူတွေရဲ့ခြေထောက်ဟာ နှစ်ဖက်ပဲရှိတာမို့လို့ ဖိနပ်နှစ်ဖက်ပဲလိုပါတယ်။ ကျနော်တို့ရုံး ဟာ မည်သူမဆို ၀င်ထွက်သွားလာနိုင်ပါတယ်။ ဘာမှ ပျောက်စရာပစ္စည်းလည်း မရှိတာမို့ သူခိုး ခိုးခံရမှာကိုလည်း မစိုးရိမ်ပါဘူး။ တချို့ နိုင်ငံရေးအထက်တန်းလွှာတွေကတော့ ကင်းခြေများတွေလို ခြေထောက်အများကြီး ရှိတာဆိုတော့ ဖိနပ်အရံ ၂၀ (၄၀ ဖက်) လောက် ရှိမှ အဆင်ပြေမယ့်လူတွေ၊ လူထုလူတန်းစားတွေ အ၀င်အထွက်များရင် တန်ဘိုးကြီးတဲ့ ပစ္စည်းပစ္စယတွေ သူခိုး ခိုးခံရမှာ စိုးရိမ်ရတာ တွေကိုလည်း ကျနော်တို့ကိုယ်ချင်းစာပါတယ်။ ဒီကနေ့ခွန်မြင့်ထွန်းကနေပြီးတော့ မြန်မာပြည်အတွက် ပြည်သူလူထုဘက်ကနေ ရပ် တည်ပြီးတော့ ဖိလစ်ပိုင်ခရီးစဉ်မှာ နိုင်ငံတကာလူထုဆီက စာနာထောက်ထားမှုရအောင် အားပေးကူညီမှုရအောင် စွမ်းဆောင်ခဲ့တာကို ဒီကနေ့တက်ရောက်လာသူအားလုံးက လှိုက်လှဲစွာကြိုဆိုပါကြောင်း ဂုဏ်ယူပါ ကြောင်းပြောပါရစေ”။ ဤဆွေးနွေးချက်ကို ၁၉၇၄ ဦးသန့်ဈာပန ကျောင်းသားလှုပ်ရှားမှုမှစ၍ ယနေ့အထိ တက်ကြွလှုပ်ရှားသူတဦး လည်းဖြစ်ပြီး မြန်မာနိုင်ငံရေးအကျဉ်းသား သမဂ္ဂ BPPU ၏ ဥက္ကဌလည်းဖြစ်သူ ရဲဘော်ဇော်ငြိမ်းလတ် မှ တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။ “လူထုထံသွား … လူထုထံမှသင်ကြား … လူထုနှင့် ပူးပေါင်းဆောင်ရွက်” တည်းဟူသော လူထုအဓိ က သဘောတရားတရပ်ကို မြန်မာပြည်မှ ပုံစံအမျိုးမျိုးဖြင့် တိမ်းရှောင်လာကြသော ပြည်သူ့လွတ်တော်ကိုယ်စားလှယ် (ကြီး၊ လတ်၊ ငယ်) တို့၏ လူထုလူတန်းစားများနှင့်လည်းကောင်း၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့်လည်းကောင်း အကြောင်းတစုံတရာ ပေါ်ပေါက် လာချိန်တွင်ဖြစ်စေ၊ တိုင်းပြည်အတွက် တစုံတရာ ဆောင်ရွက်ပြီးစီးချိန်တွင်ဖြစ်စေ တွေ့ဆုံဆွေးနွေး (dialogue) ခဲ့သည်မှာ မိမိအတွေ့ အကြုံ ၄ နှစ်ကျော်ကာလအတွင်း အလွန်နည်းပါး (၀ါ) မရှိသလောက်ဆိုသည်ကို တွေ့မြင် ကြရသည်။ ထိုင်း - မြန်မာနယ်စပ်နှင့် ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်းအလုပ်သမားများအပါအ၀င် မြန်မာပြည်သား ၂ သန်းကျော်ရှိသည်မှာ မိမိ တို့၏ ကိုယ်စားပြုစရာ၊ ပူးပေါင်းဆောင်ရွက်စရာ၊ နှီးနှောဖလှယ်စရာ မိမိတို့လူထုမဟုတ်ကြပြီလော။ သို့တည်းမဟုတ် မိမိတို့သည် နိုင်ငံ ရေးနှင့်တော်လှန်ရေး အထက်တန်းလွှာ (နတ်ဒေ၀တာများနှင့် အတူတူ) များဖြစ်ကြ၍ နယ်စပ်နေ (၀ါ) ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများမှာ ကိုယ်ကျိုးစီးပွားရှာရန် လာရောက်ကြသူများ ဟူ၍လည်းကောင်း၊ နယ်စပ်နှင့် ထိုင်းနိုင်ငံ၌ သူတို့ကိုယ်စားပြုစရာ နတ်ဒေ၀ တာထု (လူထုထက်မြင့်မြတ်သူ၊ အဆင့်အတန်း မဟားတရား မြင့်မားသူများ) မရှိကြ၍လည်းကောင်း၊ လူထုထံသွားစရာမလို၊ သွားပါများ ခြေထောက်ညောင်း၊ သွားပါများ ဓါတ်ဆီကုန်၊ သွားပါများ မန်းနီးထွက် စသည်ဖြင့် နတ်ဒေ၀တာ သဘောတရားများကို ထူထောင်ထား ကြဟန် တူသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင်မူ ထိုင်း - မြန်မာနယ်စပ်အခြေစိုက် မြန်မာနိုင်ငံရေး အကျဉ်းသား သမဂ္ဂ BPPU ၏ ကမကထပြုမှုဖြင့် နအဖ စစ်အစိုးရက သူတို့၏၀ါဒဖြန့်စာများတွင် အကြမ်းဖက်သမားအဖြစ် ပုံဖော်ထားသော သထုံမြို့ နယ် အမှတ် ၁ ပြည်သူလွတ်တော်ကိုယ်စားလှယ် ခွန်မြင့်ထွန်းတစ်ယောက် ဖိလစ်ပိုင်သွားတောလား (အဲလေ) ဖိလစ်ပိုင်အတွေ့အကြုံ ရှင်းလင်းပွဲ ကျင်းပခဲ့တာတွေ့ရသည်။ ခွန်မြင့်ထွန်း အတွေ့အကြုံရှင်းတာနှင့် လူထုအဓိကသဘောတရား ဘာများပတ်သက်ပါသနည်းဟု မေးစရာရှိသည်။ ခွန်မြင့်ထွန်းနှင့်တွေ့ဆုံကြသူများသည် လူထုအလွှာ အသီးသီးတွင် စီးမျောရပ်တည်နေကြသော မနုဿ လူသားစင်စစ် ဧကန်ဖြစ်သူများ သို့မဟုတ် လူထဲကလူများ ဖြစ်ကြ၍ နတ်ဒေ၀တာ သဘောတရားနှင့် နတ်ဒေ၀တာ စကား၊ ဆက်ဆံရေးများသည် ဤ နေရာတွင် လူရာမသွင်းစာရင်းဝင်ကြဟန်မတူပေ။ နတ်ဒေ၀တာအသိုင်းအ၀ိုင်း လက်တဆုတ်စာဘက်မှ ကြည့်လျှင်လည်း မနုဿအရေး သည် နတ်အရေးမဟုတ် (တောင်ပြုံးနတ်ပွဲ၊ ရတနာ့ဂူနတ်ပွဲ၊ မုံရွာအလုံဘိုးဘိုးကြီးနတ်ပွဲနှင့် ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ ဖားဝေါဘိုးဘိုး ကြီးနတ်ပွဲစသည်ဖြင့်) မဟုတ်ကြ မဟန်ကြသည်ဖြစ်၍ လာစရာ၊ သွားစရာ၊ ကြွစရာ၊ ဒိုးစရာ၊ မာလကီးယားပြည်မှာ မာလကာသီး စားစ ရာမလိုဟု သဘောပိုက်ကြဟန်ရှိသည်။ ခွန်မြင့်ထွန်းက ရှင်းလင်းတင်ပြနေသည်က လူထုထဲတွင် လူလိုနေထိုင်ကြသော လူထုလူတန်း စားများ ပါဝင်ကြသည်ဖြစ်၍ ဤသို့ ရည်ညွှန်းရခြင်းဖြစ်သည်။ ခွန်မြင့်ထွန်းက “မိမိသည် ဩဂုတ်လ ၃ ရက်နေ့က ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU အစည်းအဝေး၏ တာဝန်ပေးချက်အရ နှစ် ၂၀ ပြည့် ရှစ်လေးလုံးအရေးတော်ပုံလှုပ်ရှားမှုကို ဖိလစ်ပိုင်နိုင်ငံ တွင်ဆောင်ရွက်ရန် သွားရောက်ခဲ့ကြောင်း အစချီ၍ ဩဂုတ်လ ၆ ရက်နေ့ညပိုင်းတွင် ဖိလစ်ပိုင်သို့ရောက်ရှိကြောင်း၊ ဩဂုတ်လ ၇ ရက် နေ့ သတင်းစာရှင်းလင်းပွဲတွင် သူပြောဆိုရန်ရှိသည့် အချက်အလက်များကို ထုတ်ပြန်ကြေညာရန် အကျဉ်းချုပ်ကို မြန်မာနိုင်ငံလွတ် မြောက်ရေးညွှန့်ပေါင်းအဖွဲ့ ဖိလစ်ပိုင် (FBC.phils) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တောင်းဆိုခဲ့ကြောင်း။ ဤသို့ဖြင့် ဩဂုတ်လ ၇ ရက်နေ့နံနက်ပိုင်း မနီလာမြို့ သတင်းစာရှင်းလင်းပွဲကို FBC.phils မှ ကျင်းပခဲ့ကြောင်း၊ ဩဂုတ်လ ၈ ရက်နေ့တွင် FBC.phils မှ တရုတ် သံရုံး၊ ထိုင်းသံရုံးနှင့် မြန်မာသံရုံးများရှေ့သို့ သွားရောက်ဆန္ဒပြခဲ့ကြောင်း၊ တရုတ်သံရုံးရှေ့ ချီတက်မှုကို သူလိုက်ပါခဲ့ပြီး ထိုင်းနှင့်မြန်မာ သံရုံးရှေ့များသို့ သူမသွားရောက်ခဲ့ကြောင်း တရုတ်သံရုံးရှေ့တွင် ရိုက်တာနှင့် အခြားသတင်းဌာနများက မေးမြန်းသော မြန်မာပြည် ရှစ် လေးလုံးအတွေ့အကြုံနှင့် လက်ရှိမြန်မာပြည်အခြေအနေကို ပြောပြခဲ့ကြောင်း၊ ထို့နောက် ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံသို့ နိုင်ငံတော်ဧည့်သည်အဖြစ် ရောက်ရှိနေသော အရှေ့တီမောသမ္မတ ဒေါက်တာ ဟိုဆေးရာမို့ဟောတာ ကို ဖိလစ်ပိုင်တက္ကသိုလ်က ဂုဏ် ပြုသောအခန်းအနားသို့ တက်ရောက်ခွင့်ရရှိခဲ့ကြောင်း၊ အရှေ့တီမော သမ္မတကြီးအား မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပေးစာတစ်စောင်ကို အခမ်းအနားအစီအစဉ်တစ်ခုအနေဖြင့် တရားဝင်ပေးအပ်ခဲ့ရကြောင်း၊ အခန်းအနားအပြီးတွင် မြန်မာပြည်အတွက် (for Burma ) ဟူ၍ အားလုံးက ဆုတောင်းပေးကြသည်မှာ အားရစရာရှိကြောင်း၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် FBC.phils ၏ စီစဉ်မှုဖြင့် အာစီယံပါလီမန်အ မတ်များအဖွဲ့ AIPMC ကိုယ်စားလှယ်အချို့နှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြောင်း၊ဩဂုတ်လ ၁၃ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံကွန်ကရက် လွှတ်တော် နိုင်ငံခြားရေး ကော်မတီအစည်းအဝေးသို့ တက်ရောက်ခွင့်ရခဲ့ပြီး မြန်မာအရေးကိုလည်း တင်သွင်းခွင့်ရရှိခဲ့ကြောင်း၊ ဩဂုတ် လ ၁၄ ရက်နေ့တွင် မိမိ၏ လှုပ်ရှားဆောင်ရွက်မှုများကို FBC.phils နှင့်နိုင်ငံတကာ တွေ့ဆုံဆွေးနွေးမှုများအတွက် အစပျိုးအစီအစဉ် IID တို့နှင့် ပြန်လည်သုံးသပ်ခဲ့ကြောင်း၊ ထိုနေ့တွင်ပင် ဖိလစ်ပိုင်သမ္မတ မစ္စက်အာယိုယိုထံ စာတစောင်ရေးသားပေးပို့ခဲ့ကြောင်း၊ ထို့နောက် ဩဂုတ်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ရောက်ရှိပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် ထိုင်း - မြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိလာ ကြောင်း” ရှင်းလင်းတင်ပြသွားသည်။ တက်ရောက်လာသူ မနုဿလူထုလူတန်းစားများမှ မေးခွန်းအချို့ကို မေးမြန်းကြရာ၌ FBC.phils ဟူသည် မြန်မာပြည်တွင်ရှိသည့် အကောင်းတကာ့အကောင်းဆုံး ဖိလစ်ကုန်ပစ္စည်းကြော်ငြာနှင့် ဆိုင်မဆိုင်၊ ပရီးမိးယားလိဂ် ဘောလုံး ကလပ်ဖြစ်သော ချယ်ဆီးကလပ်မှနေ၍ မန်ချက်စတာစီးတီးကလပ်သို့ လောလောလပ်လပ် ပြောင်းရွှေ့သွားသည့် ရိုက်စ်ဖိလစ်နှင့် ပတ်သက်ခြင်းရှိမရှိ၊ ထိုင်း - မြန်မာနယ်စပ်ရောက် ဘော်လန်တီယာများစွာထဲမှ တစ်ဦးဖြစ်သော ဖိလစ်ဆိုသူနှင့် တူ - မတူ စသည်ဖြင့် လည်းကောင်း၊ ပြောရေးဆိုခွင့်ရှိသူဆိုရာ၌ နအဖမှ ရူးကြောင်မူးကြောင် ကင်ပွန်တပ်ထားသော ပြောရေးဆိုခွင့်အာဏာပိုင်များအဖွဲ့၊ NLD ပြောရေးဆိုခွင့်ရှိသူများအဖွဲ့စသည်တို့နှင့် မနုဿနှင့်လားလားမှမတူသော နတ်ဒေ၀တာများအား ဆဲရေးဆိုခွင့်ရှိသူ (၀ါ) ကလော်ရေး ဆိုခွင့်ရှိသူ (၀ါ) တိန်တိန်မြည်အောင် တီးရေးဆိုခွင့်ရှိသူ ဟူ၍ ရှိ - မရှိ ကိုလည်းကောင်း။ ထိုင်းသံရုံးနှင့် မြန်မာသံရုံးရှေ့သို့သူမသွားခဲ့ ခြင်းသည် ထိုနေ့များဆီက ထိုင်းသံရုံးတွင် ထိုင်းရဲများ၊ ထိုင်း လ၀က (တောမော) များရှိနေခြင်းနှင့် မြန်မာသံရုံးရှေ့တွင် နအဖ လုံထိန်း များ ရှိနေခြင်းတို့ကြောင့် မသွားဖြစ်ခြင်း ဟုတ် - မဟုတ်ကိုလည်းကောင်း၊ ရဲဘော် ခွန်မြင့်ထွန်းအနေဖြင့် နတ်ဒေ၀တာလောကတွင် နတ် ပီပီ မနေဘဲ မနဿလူသားများနှင့် လူထုလူတန်းစားများအား လာရောက်တွေ့ဆုံခြင်းကြောင့် နောက်ဆက်တွဲ အဆိုးရလာဒ်ရှိ - မရှိ စသည်တို့ကို အပြန်အလှန်လေးလေးနက်နက် ၊ နက်နက်ရှိုင်းရှိုင်း ၊ ထဲထဲဝင်ဝင် (အပြင်ကျမှ) နှစ်ကိုယ်ကြား ဆွေးနွေးသွားကြပါသည်။
မည်သို့ဆိုစေ မနုဿ လူသား စင်စစ်ဧကန်ဖြစ်ပါလျှက် တာဝတိံသာတက်နေကြသော ရောယောရှိ နတ်ဒေ၀တာ များအကြားဝယ် လူထုလူတန်းစားအကျိုးကို ရိုးသားကြိုးစား နိုးကြားစွာ ဆောင်ရွက်လျှက်ရှိသော ရဲဘော် ခွန်မြင့်ထွန်းအား ဟာဒယအတွေးဖြင့် ဤသို့ ရေးသားဂုဏ်ပြုလိုက်ပါသည်။ တချိန်တည်းမှာပင် ရိုးသားကြိုးစားခိုးစားစွာ ပေါင်ရွက် ( အင်္ဂလန်ငွေ) ဒေါ်လာရွက် လျှက်ရှိသော ရော်ဘဲ အပေါင်းအားလည်း ဆက်လက်ကောင်းစားတောင်းစားပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသတည်း။
ပြည်သူမပါ … အရာရာ … ဘာဆိုဘာမျှ မပြီးနိုင်ပါ။
ပြည်သူသည်သာ … အခရာ … အရာရာကို ပြောင်းလဲနိုင်သည်။
ခွန်အား မျှဝေ … တို့တစ်တွေသည် … မလွဲမသွေ၊ ပြည်သူတွေအတွက် ။
မလွဲမသွေ၊ ပြည်သူတွေအတွက် ။
မလွဲမသွေ၊ ပြည်သူတွေအတွက် ။
ဂုရုဆန်
Friday, September 5, 2008
မလွဲမသွေ ပြည်သူတွေအတွက် … စာမျက်နှာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment