Monday, August 18, 2008

မွန်တော်လှန်ရေးနေ့အခမ်းအနားများ ကျင်းပ



(၆၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား ဘုရားသုံးဆူဒေသ၊ ဂျပန်ရေတွင်းရွာ
Kaowao: သြဂုတ် ၁၇၊၂၀၀၈
ယမန်နေ့က ကျရောက်သော (၆၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကိုမွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နှင့် သက်ဆိုင်ရာဒေသအသီးသီးတို့တွင် ကျင်းပခဲ့သည်။

ဗဟိုဌာနချုပ် စစ်သင်တန်းကျောင်းစစ်ရေးပြကွင်း၌ နံနက်ပိုင်းတွင်ကျင်းပရာပါတီ ဗဟိုဥက္ကဌ နိုင်ထောမွန်က သဘာပတိ၊ အဖွဲ့ဝင်များအဖြစ် ဒု-ဥက္ကဌ နိုင်ရဿ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး
နိုင်ချမ်းတွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မင်းတို့ တက်ရောက်ကြပြီး အခမ်းအနားမှူးအဖြစ် စစ်ထောက်ချုပ် ဗိုလ်မှူးကြီးကိုတာက ဆောင်ရွက်သည်။ ဒေသခံ (၇၀၀) ကျော်ခန့်နှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) စစ်ကြောင်း (၄) ကြောင်း ချီတက်ခဲ့ကြသည်။
ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ အလံတင်ခြင်း၊ အာဇာနည်ခေါင်းဆောင်များနှင့် ကျဆုံးရဲဘော်များအား သေနတ် ၂၁ ချက် ပစ်ဖောက်၍ ဂုဏ်ပြုအလေးပြုကြပြီး သဘာပတိကြီးက သဝဏ်လွှာဖတ်ကြား၍ ဒု-ဥက္ကဌ နိုင်ရဿက မွန်ပြည်သစ်ပါတီ၏ ၆၁ ကြိမ်မြောက် မွန်အမျိုးသားတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာရေးပေါ်လစီဖြင့် အပစ်ရပ်ထားသော လက်နက်ကိုင်လူမျိုးစုတော်လှန်ရေး အဖွဲ့အစည်းတစ်ရပ်ဖြစ်သော မွန်ပြည်သစ်ပါတီသည် မိမိတို့ပါတီ မည်သို့ ဆက်လက် ရပ်တည်သွားမည်ကို တပ်မတော်အစိုးရ၏လုပ်ဆောင်ချက်များအပေါ်တွင် တည်ပြီး အဆုံးအဖြတ် ပေးသွားမည်ဖြစ်ကြောင်း (၆၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ၏ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ထောမွန် ကလည်း အောင်ပွဲပန်းတိုင်သို့ တက်လှမ်းရာတွင် ယခုကာလသည် ပြည်တွင်း ပြည်ပနိုင်ငံအသီးသီးမှ အင်အားစုတို့နှင့် ပူးပေါင်းဆောင်ရွက်ကာ တိုက်ပွဲဝင်သွားရမည့်အချိန်ကာလ ဖြစ်သည်ကို မွန်အမျိုး သားများအနေဖြင့် သိရှိနားလည်ထားမည်ဟု ၆၁ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် ၎င်း၏ သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
အခမ်းအနားအပြီး နေ့လည်ပိုင်းတွင် ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမဆောင်၌မွန်အမျိုးသားတို့၏ တော်လှန်ရေးသမိုင်း ဖြစ်ပေါ်လာပုံကို ဥက္ကဌကြီး နိုင်ထောမွန်က၎င်း၊ မွန်တော်လှန်ရေး ရေစီးကြောင်းအဆက်ဆက်နှင့် ယနေ့နိုင်ငံရေးလက်တွေ့ ဖြစ်ပေါ်နေမှု အခြေအနေများကို ဒု-ဥက္ကဌ နိုင်ရဿတို့က ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
အလားတူအခမ်းအနားများကို မွန်ပြည်သစ်ပါတီ ခရိုင်ရုံးအသီးသီးနှင့်မော်လမြိုင်မြို့ မွန်ပြည်သစ်ပါတီရုံး၊ ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းရွာ၊ ရေးချောင်းဖျားဒေသတို့တွင်လည်း ကျင်းပကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် ရုံးအုပ်ကြီး နိုင်လဝီမွန်က kaowao သို့ ပြောကြားသည်။
၁၉၄၇ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအရ မြန်မာနိုင်ငံ လွတ်လပ်ရေးစတင်ရရှိချိန်တွင် မွန်ပြည်နယ်ဟူ၍ အသိအမှတ် မပြုခဲ့ပေ။ ယခု မွန်ပြည်နယ်ကို တနင်္သာရီတိုင်း (၁) ဟုခေါ်သည်။ သမိုင်းတွင် ထင်ရှားခဲ့သော မွန်လူမျိုးကို ဖဆပလ အစိုးရ မှ လူမျိုးတမျိုးအဖြစ် အသိမှတ်မပြုခဲ့ပေ။ ထို့ကြောင့် တက်ကြွနိုးကြားသော မွန်မျိုးချစ်များ စုစည်းပြီး ဥပဒေဘောင်အတွင်း မှ တောင်းဆို၍မရသည့်အဆုံးတွင် အစိုးရအား ရသည့်နည်းလမ်းဖြင့် တော်လှန်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ကြသည်။
ကောဇာသက္ကရာဇ် ၁၃၁၀ ခု ဝါခေါင်လပြည့်နေ့တွင် ယခုဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ ရဲစခန်းကို မွန်လူငယ်များ လက်နက်ဝင်ရောက် လုယူသည်မှအစပြု၍ မွန်တော်လှန်ရေး စတင်ဖြစ်ပေါ်လာခဲ့သည်။

0 comments: