Sunday, August 17, 2008

ပဲခူးမြို့နယ် ရေကြီးမှုကြောင့် ကျေးရွာသား ၄၀၀ ခန့် ဒုက္ခ ကြုံ

ဇာနည်
စနေနေ့၊ သြဂုတ်လ 16 2008 19:30 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့သော ပဲခူးမြစ်ရေသည် ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ကျဆင်းသွားပြီ ဖြစ်သော်လည်း ရေကြီးမှုကြောင့် ပဲခူးမြို့နှင့် ပတ်ဝန်းကျင်ရွာများမှ လူဦးရေ ၄၀၀ ကျော် ရေဘေးဒုက္ခ ကြုံတွေ့နေရသည်။

ပဲခူးမြစ် အထက်ပိုင်းတွင် မိုးများစွာ ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် အင်္ဂါနေ့မှ စတင်ကာ ပဲခူးမြို့၏ စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာ အထက် ၃၅ စင်တီမီတာအထိ မြစ်ရေ မြင့်တက်စဉ် မြို့နယ်တွင်းရှိ ကျေးရွာ အများအပြားတွင် နေအိမ်အချို့ ပြိုကျသဖြင့် လူ ၄၀၀ ခန့်သည် ပဲခူးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများသို့ လာရောက်နေထိုင်ကြရခြင်း ဖြစ်သည်။
"ပဲခူးမြို့ပေါ်က အနိမ့်ပိုင်းတွေရယ် ပတ်ဝန်းကျင်ရွာ ၆၀ လောက်က အိမ်တွေ ပြိုကုန်တယ်။ လူတွေ စုစုပေါင်း ၄၀၀ လောက် ဒုက္ခရောက်ကြတယ်" ဟု ပဲခူးမြို့နေ သနပ်ပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ကိုသိန်းတန်က မဇ္ဈိမကို ပြောသည်။
ပဲခူးမြို့ဝန်းကျင်နှင့်မှ လယ်မြေဧက တော်တော်များများ ပျက်စီးခဲ့ရသည်။ သနပ်ပင်မြို့နယ် အရှေ့ဘက် က၀တွင် မြေပြိုသောကြောင့် ဘုန်းကြီးကျောင်း အပါအ၀င် အိမ်ခြေ ၄၀ ကျော်နှင့် လယ်ဧက ၂၀၀ ကျော် ပျက်စီးခဲ့ရသည်ဟု သူက ပြောသည်။
"အနိမ့်ပိုင်းက အိမ်လေးတွေ ပြိုကုန်တယ်လေ။ လယ်တချို့ ပျက်တာ ရှိတယ်။ တော်တော် ဒုက္ခရောက်ပါတယ်။ အခု သူတို့တွေ ပဲခူးမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ နေနေကြရတယ်" ဟု ပဲခူးမြို့ကြခတ်ဝိုင်း ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးဇောတိပါလက မဇ္ဈိမကို ပြောသည်။
မြို့နယ် တာဝန်ရှိသူများ အနေဖြင့် ရေဘေး ဒုက္ခသည်များကို အထူးအထွေ ကူညီပေးခြင်းများကိုမူ မကြားမိသေးပါ ဟု ဒေသခံတဦးက ပြောသည်။
"တိုင်းမှူးတော့ လာကြည့်တယ် ကြားတာပါ။ အရပ်ထဲမှာတော့ ထမင်းထုပ်တွေ လိုက်အလှူခံတာမျိုးပဲ ရှိပါတယ်" ဟု သူက ထပ်ပြောသည်။
ပဲခူးရှိ ရန်ကုန်-မန္တလေး ကားလမ်းနှင့် ရထားလမ်းပိုင်းတွင်လည်း ရေများ လွှမ်းခဲ့ပြီး လမ်းပန်းဆက်သွယ်မှုများ ထိုရက်ပိုင်းက နှောင့်နှေးခဲ့ရသည်။
"ရေတက်တော့ ရထားခရီးစဉ်တွေ မရပ်ပေမယ့် ဖြည်းဖြည်းပဲ သွားတော့ အချိန်နောက်ကျတာ တခုတော့ ရှိတာပေါ့" ဟု ပဲခူးမြို့ ဘူတာကြီးမှ အမည်မဖော်လိုသူ ၀န်ထမ်းတဦးက ပြောသည်။
"ရေက တချို့နေရာတွေမှာ လူတရပ်ကျော် တက်သွားတယ်။ မြို့ထဲမှာတော့ ကားလမ်းပေါ်တင် ၂ ပေခွဲလောက် ရှိတယ်" ဟု ပဲခူးမြို့ခံတဦးက ပြောသည်။
ယမန်နေ့ညက ရေမှာ ၉၄၅ စင်တီမီတာ အထိရောက်ခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ပြန်ကျသွားပြီ ဖြစ်သည်။
"အစကတော့ ရေ အရမ်းတက်လာရင် တာချိုးရမလို ဖြစ်နေတာ။ အခု ရေကျသွားတော့ တာချိုးရတဲ့ အခြေအနေထိ မရောက်လိုက်ပါဘူး" ဟု ကိုသိန်းတန်က မဇ္ဈိမကို ပြောသည်။
၁၉၉၄ ခုနှစ်အတွင်းက ၉၅၀ စင်တီမီတာအထိ ရေတက်ခဲ့သောကြောင့် မြို့ပေါ်ရေလွှမ်းမှု သက်သာစေရန် ပဲခူးမြို့ တောင်ဘက်ရှိ ရေတားသော တာကို ချိုးခဲ့ရဖူးသည်ဟု သူက ပြောပြသည်။
ပဲခူးရိုးမမှ မြစ်ဖျားခံလာသော ပဲခူးမြစ်သည် မိုးရာသီ ရောက်တိုင်း နှစ်နှစ်တကြိမ်ခန့် စိုးရိမ်ရေမှတ် အထက်သို့ တက်လေ့ရှိသည်ဟု ပဲခူးမြို့ခံများက ပြောသည်။

0 comments: