Thursday, July 17, 2008

လပွတ္တာမြို့နယ် ဒုက္ခသည်စခန်း ၃ ခု စစ်အစိုးရ ဖျက်သိမ်းမည်

အောင်သက်ဝိုင်း | ဇူလိုင် ၁၇၊ ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်အဆိုးရွားဆုံးခံခဲ့ရသော လပွတ္တာမြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်း ၃ ခုမှ ဒုက္ခသည်များကို ဇူလိုင်လ အကုန်မှ သြဂုတ်လ ၅ ရက်နေ့နောက်ဆုံးထား၍ နေရပ်ရင်းကျေးရွာများသို့ ပြန်ကြရန်နှင့် မပြန်ပါက အကြမ်းဖက်နှိမ်နင်း မှုများနှင့်ကြုံတွေ့ရနိုင်ကြောင်း ဒုက္ခသည်စခန်းအာဏာပိုင်များက ခြိမ်းခြောက်ပြောဆိုသည် ဟု ဒုက္ခသည်များက ပြောသည်။
လပွတ္တာမြို့ပြင်ရှိ ရတနာဒီပ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား နေရပ်သို့ မပြန်ပါက သြဂုတ်လ ၅ ရက်နေ့တွင် ဒုက္ခသည် များနေထိုင်ရာ တဲများကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးဝင်းသန့် ဆိုသူက ခြိမ်းခြောက် သည်ဟု မိကျောင်းအိုင် ကျေးရွာမှ ဒုက္ခသည် တဦးက ပြောပြသည်။

“နေ့တိုင်း ညနေ ရောက်ရင် ကျမတို့ကို အားကာမှူး(ရတနာဒီပ အားကစားဝင်း ဦးစီးမှူး ဦးဝင်းသန့်) ကခေါ်ပြီး နေရပ် ကျေးရွာ တွေပြန်ဖို့ခေါ်ပြောတယ်။ သြဂုတ်လ ၅ ရက်နေ့ကျရင် စခန်းမှာရှိတဲ့ တဲတွေဆွဲဖျက်မယ်။ တဲမှာရှိတဲ့ ပစ္စည်းတွေကို မီးရှို့ပစ်မယ်။ အဲဒါ စခန်းကနေ အခုကတည်းကပြောင်းရင်ပြောင်း၊ မပြောင်းလို့က တော့သူတို့ကို အဆိုးမဆိုနဲ့လို့ပြော တယ်”ဟု မိကျောင်းအိုင် ကျေးရွာသူ ဒုက္ခသည် ကပြောသည်။

ဒုက္ခသည်များက မိသားစုနှင့် ဆွေမျိုးသားချင်းများ သေဆုံးခဲ့ရသည့် မုန်တိုင်းဒဏ်ခံ ကျေးရွာများတွင်ပြန်လည် နေထိုင်ရန် အခက်အခဲရှိသောကြောင့် ဒုက္ခသည်စခန်းတွင်ပင် လအနည်းငယ် ဆက်လက်နေထိုင်ခွင့်ပြုရန် မေတ္တာရပ်ခံသော်လည်း စခန်းတာဝန်ခံက ရင့်သီး ရိုင်းပြစွာတုံ့ပြန်ပြောဆိုသည်ဟုလည်း ၎င်းက ဆိုသည်။

လပွတ္တာမြို့နယ် လွှစာကျေးရွာသူ ဒုက္ခသည်တဦးကလည်း“အဲဒီ စခန်း တာဝန်ခံက ခင်ဗျားတို့လို မခံစားဘူးတော့ ကျူပ် ကိုယ်ချင်းမစာနိုင်ဘူး။ လာမယ့် ဇူလိုင်လအကုန် နောက်ဆုံးထားပြီး ပြောင်းကြ လို့ ပြောပါတယ်” ဟု ဆိုသည်။

၃ မိုင်နှင့် ၅မိုင်ဒုက္ခသည်စခန်းတွင်လည်း လပွတ္တာမြို့နယ်တွင်အခြေချထားသည့် နယ်မြေခံစစ်တပ်အရာရှိများ နှင့် လပွတ္တာမြို့နယ် မယက ဥက္ကဌ ဦးမြင့်ဦးတို့က ဒုက္ခသည်များ သြဂုတ်လ နောက်ဆုံးထားပြီးစခန်းများက ထွက်ခွာကြရန် ပြင်းထန်စွာပြောဆိုနေသည့်အတွက် ဒုက္ခသည်များအခက်ကြုံနေရကြောင်း သိရှိရသည်။

“သြဂုတ်လ ၅ ရက်နေ့ကျရင် စခန်းမှာ ပေးနေတဲ့ လူတဦးကို ဆန်နို့ဆီဘူး ၁ လုံးခွဲလည်း မပေးတော့ဘူး။ တခြား ယမ်ယမ် ခေါက်ဆွဲထုပ်တွေလည်း ဘာမှမပေးတော့ဘူး။ သူတို့တာဝန်မယူတော့ဘူး။ ရွာပြန်မယ် ဆိုရင်အစစ အရာရာ တာဝန်ယူ မယ်လို့ ပြောတယ်” ဟု ၅ မိုင် ဒုက္ခသည်စခန်းမှ အသက် ၄၀ ကျော်အရွယ်ရှိ စလူဆိပ် ကျေးရွာသား ဒုက္ခသည်က ပြောသည်။

ယင်းသို့ ဒုက္ခသည်များကိုနေရပ်ရင်းပြန်ရန် ပြောဆိုသည့်အပြင် မိမိဆန္ဒအလျောက် ပြန်ခြင်းဖြစ်သည်ဟု သဘောတူ လက်မှတ် ထိုးပေးရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

“ပြန်ရင် အိမ်ထောင်စုတစုကို ဆန် ၂ ပြည် ၆ လုံး၊ ငရုတ်သီး၊ ကြက်သွန်၊ တာပေါ်လင်စ တစ၊ ယမ်ယမ် ၆ ထုပ်၊ ဒန်အိုး တလုံးထည့်ပေးတယ်။ ပြီးတော့ ရွာရောက်တဲ့အထိ စက်လှေနဲ့လိုက်ပို့ပေးတယ်။ ဒါပေမယ့် ကိုယ့်သဘောဆန္ဒ အရ ပြန်ပါတယ် ဆိုပြီး လက်မှတ်ထိုးပေးရတယ်”ဟု ၃ မိုင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် အမျိုးသမီးတဦးကဆိုသည်။

ယင်းသို့ သက်ဆိုင်ရာ အာဏာပိုင်များ၏ အမျိုးမျိုးဖိအားပေးခံနေရသော်လည်း ဒုက္ခသည်အများစုမှာ ၎င်းတို့၏ နေရပ်ရင်း တွင် ပြန်လည်အခြေချရန် အစီအစဉ်မရှိကြောင်း လပွတ္တာမြို့နယ် ပင်လယ်ဝတွင် တည်ရှိသော ကိုင်းသောင် ကျေးရွာမှ ဇနီး ၊သားသမီး ၂ ဦး နှင့် ဆွေမျိုးများ အသက်ဆုံးရှုံးခဲ့ရသည့် အသက် ၃၅ နှစ်အရွယ် ဒုက္ခသည် အမျိုးသားတဦးကပြောသည်။

“ဆူနာမီတုန်းကလည်း မသေရုံလွတ်ခဲ့ပြီးပြီ။ နာဂစ်မုန်တိုင်းမှာလည်း အသက်ဘေးသီသီလေးလွတ်ခဲ့တာ။ အဲဒီနေရာကို မနေရဲဘူး၊ မပြန်ရဲတော့ဘူး။ အဆိုးဆုံးက အဲဒီကိုပြန်ရင် သေသွားတဲ့ မိန်းမနဲ့ ကလေးတွေကို နေ့တိုင်း ပြန်မြင်ယောင် နေမှာ။ လုံးဝမပြန်ပါဘူး” ဟု ၎င်း ဒုက္ခသည်က ပြောသည်။

နေရပ်ရင်းကျေးရွာများသို့ပြန်ရင် ငြင်းဆိုသည့် ဒုက္ခသည်များကို စခန်းများတွင် လုပ်အားပေးခေါ်ယူခြင်း၊ အပြစ်မရှိအပြစ် ရှာ၍ ရိုက်နှက် ပြီးစခန်းများမှ မောင်းထုတ်ခြင်းများပြုလုပ်နေကြောင်း သိရှိရသည်။

“လုပ်အားပေးမလိုက်ရင်လည်း စခန်းက မောင်းထုတ်တယ်။ ပြီးတော့ လင်မယားချင်း အခြေတင် စကား တင်းတင်း မာမာ ပြောရင်တောင် စခန်းမှာရန်ဖြစ်တယ်ဆိုပြီး ယောက်ျားကို ရိုက်နှက်ပြီး မောင်းထုတ်တယ်”ဟု ရတနာဒီပ ဒုက္ခသည်စခန်းမှ မိကျောင်းအိုင် ကျေးရွာသားက ဆိုသည်။

ဒုက္ခသည်များအနေဖြင့် နေရပ်ရင်းကျေးရွာများသို့ မပြန်လိုကြသော်လည်း အစိုးရက အကြမ်းဖက်ပြန်ပို့မည်ကို စိုးရိမ်နေ ကြကြောင်း စုံစမ်းသိရှိရသည်။

“လပွတ္တာမြို့ပေါ်က နေ မြို့ပြင် စခန်းတွေကို ပြောင်းတုန်းက စစ်သားတွေက သေနတ်တွေကိုင် သူပုန်ဖမ်း သလိုမျိုး ထွက်ပေါက်တွေအကုန် ပိတ်ပြီး လော်လီကားတွေပေါ် တက်ခိုင်းတယ်။ ၀ရုန်းသုန်းကားနဲ့ မြို့ပြင်စခန်း တွေ ပြောင်းခဲ့ရတာ။ လာမယ့် သြဂုတ်လ ၅ ရက်နေ့ အဲဒီလိုလုပ်မှာတော့ ကြောက်တယ်”ဟု ၅ မိုင်ဒုက္ခသည် စခန်းမှ အသက် ၃၀ ကျော်အရွယ် အိမ်ထောင်သည် အမျိုးသမီးတဦးက ပြောသည်။

စခန်းများဖျက်သိမ်းပါက အများစုသောဒုက္ခသည်များမှ လပွတ္တာ-မြောင်းမြကားလမ်းဘေးတွင် တဲထိုးနေ ထိုင်ကြရန် ရှိကြောင်းလည်း ဒုက္ခသည်များ၏ ပြောကြားချက်အရသိရသည်။

“ကားလမ်းဘေးမှာတဲထိုးနေမယ်လို့ စိတ်ကူးထားတယ်။ နေခွင့်ရ၊ မရတော့မသိဘူး။ နေခွင့်မရရင်တော့ ဒီမြို့နဲ့ သိပ်မဝေး တဲ့နေရာမှာပဲ နေလို့ရမယ့်နေရာ ရှာပြီးနေမှာပါ”ဟု ၅ မိုင်စခန်းမှ ပိုးလောင်းကျေးရွာသား တဦးက ဆိုသည်။

အဆိုပါ လပွတ္တာမြို့ပြင်ပဒုက္ခသည်စခန်းများ ဖျက်သိမ်းမည့် အစီအစဉ်ကို လပွတ္တာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် INGO များက သိရှိသော်လည်းး တစုံတရာအရေးယူပြောကြားခြင်းမရှိကြောင်း ဒုက္ခသည်များက ပြောဆိုသည်။

ယင်း ရတနာဒီပ၊ ၃ မိုင်နှင့် ၅ မိုင် ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် လူဦးရေ ၄၀၀၀၀ နှင့် ၅၀၀၀၀ ကြားရှိ ဒုက္ခသည် များကို စစ်အစိုးရက ဇွန်လ ၂၀ ရက်နေ့မှစတင်ကာ အတင်းအကျပ် ဖိအားပေး ပြီး နေရပ်ရင်းကျေးရွာ များသို့ ပြန်လည်စေ လွှတ်ခဲ့ရာ ယခုအခါ အဆိုပါစခန်း ၃ ခုတွင် ဒုက္ခသည် စုစုပေါင်း ၆၀၀၀ ကျော်သာ ကျန်ရှိ တော့ကြောင်း သိရသည်။
ဧရာဝတီ

0 comments: