Saturday, July 12, 2008

မြန်မာဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များအတွက် ထပ်မံလှူဒါန်းပါရန် ကုလက ပန်ကြား

ဆော်လမွန်
စနေနေ့၊ ဂျူလိုင်လ 12 2008 16:28 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လူပေါင်း ၁၃၈ဝဝဝ ဦး သေဆုံးပျောက်ဆုံးခဲ့ရသည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ ပြန်လည် နာလန်ထူနိုင်ရေးအတွက် နောက်ထပ် အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ကို လှူဒါန်းကြပါရန် ကမ္ဘာတဝှမ်းမှ အစိုးရများသို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ပြင်ဆင် ရေးဆွဲထားသော ပန်ကြားချက် တရပ်ကို ကြာသပတေးနေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။
ဤများစွာသော ငွေပမာဏ ပါရှိသည့် ပန်ကြားချက်ကို ကုလ၊ အာဆီယံ၊ မြန်မာအစိုးရနှင့် အန်ဂျီအို အဖွဲ့ဝင်များ ပါဝင်သည့် သုံးပွင့်ဆိုင် ပင်မအုပ်စု (TCG) က ပြုလုပ်ခဲ့သည့် အကဲဖြတ် တင်ပြချက်များအပေါ် အခြေခံကာ ပြင်ဆင် ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်းဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလညှိနှိုင်းရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဴေု်ာငအေ ၵသလငနမေ က ပြောဆို သွားပါသည်။

“TCG က ပြုလုပ်ခဲ့သော အကဲဖြတ်ချက်များကို အခြေခံကာ ကျန်ရှိနေသေးသော လိုအပ်ချက်များ၏ မြင်ကွင်းကျယ် တရပ်လုံးကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခဲ့ပါသည်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားသွားခဲ့ပါသည်။

“မြန်မာနိုင်ငံတွင်း ဆောင်ရွက်လျက် ရှိသော လူသားချင်း စာနာသည့် လုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့အစည်းကို နိုင်ငံတကာ အလှူရှင်များက ဆက်လက် ထောက်ပံ့ ကူညီလိမ့်မည်ဟုလည်း ကျမတို့ မျှော်လင့်ပါသည်” ဟုလည်း သူမက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

မြန်မာနိုင်ငံကို မေလ ၂ ရက်နှင့် ၃ ရက်နေ့များက ဝင်ရောက် တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် ကျန်ရစ်ခဲ့သည့် မုန်တိုင်းဒုက္ခသည်များကို ကူညီကယ်ဆယ် စောင့်ရှောက်နိုင်ရန် ဒုတိယ အကြိမ်မြောက် ပန်ကြား မေတ္တာရပ်ခံချက် တရပ်ကို ကုလသမဂ္ဂက ကြာသပတေးနေ့က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။

ပထမအကြိမ် ပန်ကြား မေတ္တာရပ်ခံချက်မှ အမေရိကန်ဒေါ်လာ ၂ဝ၁ သန်းကို ကုလသမဂ္ဂ အဖွဲ့ကြီးက ရရှိခဲ့ပြီး ဖြစ်သည်။ ယခုအခါ နာဂစ်အလွန် ပူးတွဲ အကဲဖြတ် လေ့လာချက် (PONJA) က ဆောင်ရွက်ခဲ့သော လေ့လာ အကဲဖြတ်ချက်များကို အခြေခံကာ နောက်ထပ် ပြင်ဆင် ရေးဆွဲထားသည့် ပန်ကြား မေတ္တာရပ်ခံချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

(PONJA) အဖွဲ့တွင် အဖွဲ့ပေါင်း ၃၈ ဖွဲ့ပါဝင်ပြီး ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မုန်တိုင်းဒဏ် ခံခဲ့ရသော ကျေးရွာပေါင်း ၂၅ဝ ကျော်ကို သွားရောက်၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာကာ ကနဦး အစီရင်ခံစာကို ဇွန်လကုန်က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။ အစီရင်ခံစာ အပြည့်အစုံကိုမူ ဂျူလိုင်လ ၂ဝ-၂၁ တွင်မှ ထုတ်ပြန် ကြေညာနိုင်လိမ့်မည် ဖြစ်သည်။

မုန်တိုင်းဒဏ်ခံ ဒေသများတွင် အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကို လှူဒါန်းပါမည့် အကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို မြန်မာစစ်အစိုးရကလည်း ပန်ကြား မေတ္တာရပ်ခံခဲ့သည်။

သို့သော် မုန်တိုင်းဒုက္ခသည်များကို အကူအညီပေးရန် လာရောက်ကြသည့် ကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ၏ လှုပ်ရှားဆောင်ရွက်မှုများကို အစဦးပိုင်းတွင် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည့် မြန်မာ စစ်အစိုးရသည် ထိုတောင်းခံသည့် ငွေပမာဏကို မရရှိခဲ့ပါ။

သို့သော် ရီစရာကောင်းသည်မှာ အဆိုပါ စစ်အစိုးရ၏ အာဘော် မြန်မာ့အလင်း သတင်းစာက သောကြာနေ့ထုတ် သတင်းစာတွင် မြန်မာနိုင်ငံ အပါအဝင် လူသားချင်း စာနာကူညီရမည့် ကပ်ဘေး ကျရောက်နေသည့် နိုင်ငံများကို ကူညီ ကယ်ဆယ်ရမည့်အစား စစ်ပွဲများအတွက် ငွေများကို ပိုမို သုံးစွဲနေကြသည်ဟု ဖွံ့ဖြိုးပြီးနိုင်ငံ အများအပြားကို ဝေဘန် တိုက်ခိုက်သွားခဲ့သည်။

၁၉၉၁ ခုနှစ်က ဖြစ်ပွါးခဲ့သော ပင်လယ်ကွေ့ စစ်ပွဲတွင် စစ်စတင်ဖြစ်ပွါးသည့် ပထမနေ့မှာပင် ဒေါ်လာ သန်း ၆၅ဝ သုံးစွဲခဲ့၍ ၄၃ ရက်ကြာ ကြည်းလေ ပူးတွဲစစ်ဆင်ရေး တခုလုံးအတွက် ဒေါ်လာ ၆ဝ ဘီလျံ သုံးစွဲခဲ့သည်၊ စစ်ပွဲတခုလုံးအတွက် ဒေါ်လာ ဘီလျံ ၁ဝဝ ခန့် သုံးစွဲခဲ့သည်ဟု အဆိုပါ အစိုးရအာဘော် သတင်းစာတွင် ဆောင်းပါးရှင်က ရေးသား ဖေါ်ပြထားပါသည်။

ဤစစ်ပွဲ ကုန်ကျစရိတ်အတွက် အမေရိကန်၏ ပန်ကြားချက်ကို တုံ့ပြန်သည့် အနေဖြင့် ဂျပန်နိုင်ငံက ဒေါ်လာ ၁ဝ.၇ ဘီလျံ၊ ဂျာမဏီက ၆.၆ ဘီလျံ နှင့် သြစတြေလျက ဒေါ်လာ သန်း ၂၅ဝ ကို ကူညီထောက်ပံ့ခဲ့သည် ဟုလည်း အဆိုပါ ဆောင်းပါးတွင် ဆက်လက် ဖေါ်ပြထားသည်။

“အင်အားကြီး နိုင်ငံများသည် ဒေါ်လာဘီလျံပေါင်း ရာနှင့်ချီ၍ အီရတ်နှင့် အာဖဂန် ပြဿနာများအတွက် ငွေကြေးကုန်ကျခံ သုံးစွဲခဲ့ကြသည်။ ဤနိုင်ငံများသည်နာဂစ်မုန်တိုင်း ဒုက္ခသည်များ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင်ကော ငွေကြေးမည်မျှ ကျခံ သုံးစွဲကြပါမည်လဲ” ဟု အဆိုပါ ဆောင်းပါးက မေးခွန်းထုတ်ထားပါသည်။

ဤသို့ တဘက်တွင် စွပ်စွဲမှုများ ပြုလုပ်နေခဲ့သော်လည်း မြန်မာ့ ကမ်းရိုးတန်းတွင် ဒုက္ခသည်များကို အကူအညီပေးရန် လာရောက် စောင့်ဆိုင်းနေခဲ့ကြသည့် အမေရိကန်၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့မှ အကူအညီပေးရေး သင်္ဘောများကို ဝင်ရောက်ခွင့် မပေးဘဲ ငြင်းဆန်ခဲ့သည်။ အဆိုပါ သင်္ဘောများသည် ရဟတ်ယာဉ်များ၊ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်ကာ မြန်မာ့ကမ်းလွန်တွင် တလနီးပါးကြာ စောင့်ဆိုင်းနေခဲ့ကြရပြီးမှ ဝင်ရောက်ခွင့် မရခဲ့၍ ပြန်လည် ဆုတ်ခွါသွားခဲ့ကြရသည်။

မေလ ၂၃ ရက်နေ့က ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့်တွေ့ဆုံ၍ ဖျောင်းဖျ နားချနိုင်သည့်အချိန် မတိုင်မီအထိ အကူအညီများကို ကြိုဆိုလက်ခံမည် ဖြစ်သော်လည်း နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများကိုမူ ဝင်ရောက်ခွင့် မပြုနိုင်ဟု မြန်မာစစ်အစိုးရက ကြေညာထားခဲ့သည်။

ဤသို့ ကုလသမဂ္ဂ အဖွဲ့ကြီးက နောက်ထပ် ရံပုံငွေ အမြောက်အမြား ထပ်မံ တောင်းခံခဲ့သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက အဆိုပါ မေတ္တာရပ်ခံ ပန်ကြားချက်ကို အပြုသဘော တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ ပထမအကြိမ် ဤသို့အများအပြား တောင်းခံခဲ့စဉ်ကလည်း တောင်းခံသမျှ၏ ၇၅% ကို ရရှိခဲ့သည်။

“ပထမအကြိမ် တောင်းခံခဲ့စဉ်တုံးက ၇၅% လောက် ရခဲ့တာမို့ ဒါကို နှေးကွေးတဲ့ ဖြစ်စဉ်တရပ်လို့တော့ ကျမ မထင်ပါဘူး၊ ဒါနှေးကွေးတဲ့ ဖြစ်စဉ်တရပ် မဟုတ်ပါဘူး” ဟု Noviera က ပြောသွားပါသည်။
မဇ္ဈိမ

0 comments: