Wednesday, June 25, 2008

လင်မှုပူရာ ….ဆွမ်းကန့်လန့်

(ခွာညို)
ကွယ်လွန်သွားတဲ့ အဖေ့ဂုဏ်သိက္ခာကိုလည်း မတွက်…
အကျဉ်းကျနေတဲ့ အမေ့မျက်နှာကိုလည်း မထောက်ဘဲနဲ့သာ ဆဲလို့ရကြေးဆိုရင်တော့လား
ဗန်းမော်ဆရာတော်နဲ့ ဦးပုည ဆရာတပြည့်နှစ်ပါးရဲ့ လျှာနှစ်ချောင်းကို
တပြိုင်တည်းငှားပြီး ဆဲနည်းမျိုးစုံနဲ့ ဆဲချပစ်လိုက်ချင်တယ်။
တကယ်ပါပဲ ဒင်းတို့တတွေကတော့-

(၂၄) ရက်။ မေလ
ကျမ အသက် (၂၂) နှစ်လောက်… အဖေ ပင်စင်အပေးခံရစကပေါ့။
အဖေက သူ့ဆရာ ဆရာမတွေက ငိုယိုပြီးဝိုင်းတားနေတဲ့ကြားက
သူနဲ့မသက်ဆိုင်တော့တဲ့နေရာမှာ တစက္ကန့်တောင် ဆက်မနေချင်ပါဘူး…ဆိုတာနဲ့
ကျမတို့ဟာ ကျောင်းဝိုင်းထဲက ကျောင်းအုပ်အတွက်ပေးထားတဲ့
အိမ်ကလေးကနေပြီး အရေးတကြီးပဲ ရွှေ့ပေးခဲ့ရပါတယ်။

အဲဒီနေရာသစ်က နှစ်ထပ်အိမ်အကြီးကြီးဖြစ်တာကတကြောင်း…
ခြံကလည်း အကျယ်ကြီးနဲ့ ရာသီပေါ်သီးနှံတွေလည်း စိမ်းစိမ်းစိုစို စိုက်ပျိုးထားတဲ့အတွက်
အဖေ့အတွက် စိတ်ချမ်းသာစေနိုင်လိမ့်မယ်ထင်တာတကြောင်း….
အမေနဲ့ ကျမ စိုက်ထားတဲ့ နှင်းဆီ အပင် (၂၀၀) လောက်ကို ပြန်နေရာချဖို့
မြေသြဇာလည်းကောင်း… နေရာလွတ်လည်းရှိနေတာတကြောင်းကြောင့် ရွေးလိုက်ကြတာပါ၊

အဲဒီအိမ်ပိုင်ရှင်တွေက အောက်ထပ်မှာနေကြပြီး ကျမတို့မိသားစုက အပေါ်ထပ်မှာနေကြရပါတယ်။
အဲဒီက ကိုသိန်းစိုး ဆိုတဲ့သူက အမေ့ရဲ့ အမာခံစည်းရုံးရေးမှူးပါ။

ကျမက သူ့အမေကြီးကို အလွန်သဘောကျပါတယ်။
အသက် (၇၀) ကျော်ဆိုပေမယ့်အလုပ်နဲ့လက်နဲ့ မပြတ်သလို
စကားနဲ့ ပါးစပ်လည်း ပြတ်တယ်လို့မရှိတဲ့သူမျိုးပေါ့…
သူပြောသမျှစကားတွေ… ဥပမာ ဥပမေယျတွေကလည်း
ကျမတို့ လူငယ်တွေ တခါမှ မကြားဖူးတာမျိုးတွေပါ…

တခါက သူက သူ့အဖိုးကြီးကို စိတ်တိုင်းမကျလို့ ချက်ပြုတ်နေရင်းက ဗြစ်တောက်ဗြစ်တောက်လုပ်နေတုန်း…
အိမ်နီးချင်းတယောက်က ဘာလဲတော့ မမှတ်မိတော့ပါ။ သူ့ဆီမှာ တခုခု လာတောင်းတော့
သူက အဲဒိအိမ်နီးချင်းကို စကားပုံတခုသုံးပြီး အော်ငေါက်လိုက်ပါတယ်။

သူ့က- ဒီမှာ သူများတွေ ဘာဖြစ်နေလည်း မမြင်ဘူးလား။
ကိုယ့်ကိစ္စကိုယ်ပဲစိတ်ဝင်စားမနေနဲ့။ သွား…သွား..
လင်မှုပူရာ (စောက်)ဆွမ်းကန့်လန့်လာမလုပ်နဲ့….တဲ့။

(အိမ်မှာ အမှုကိစ္စ ဘာတွေရှိမရှိမသိနိုင်ဘဲ အိမ်ရှေ့ကနေ ဆွမ်းမရမချင်း-
ဆွမ်းတော်ဗျို့….လို့ အော်နေတတ်တဲ့ ကပ္ပိယပေါက်စလေးတွေကို
မြင်ရလေ့ရှိတဲ့ တောရွာတွေက စကားပုံဖြစ်ပါတယ်)

ကျမ အမေ- မျက်လုံးပြူးကနဲ ဖြစ်သွားပေမယ့် သူ မရယ်ဘဲလည်း မနေနိုင်ခဲ့ပါဘူး။
အဖွားရဲ့ ဥပမာက ထိရောက်လွန်းတော့ ကျမတို့ သားအမိတတွေ
အဖွားမသိအောင် တိတ်တိတ်ကြိတ်ရယ်ခဲ့ကြပါတယ်။

အမေရော အဖေပါ ကျမတို့ကို စကားကြမ်းကြမ်းပြောတာကို မကြိုက်ကြပါဘူး။
ငယ်ငယ်တုန်းက ကျောင်းတက်စအရွယ်မှာ စကားသင်တဲ့အရွယ်မို့
ကျောင်းကနေ အိမ်ပြန်ရောက်ရင် ကိုယ်ကြားလာရတဲ့ စကားအဆန်းရယ်လို့
အိမ်မှာများပြန်သုံးမိရင် အမေက နှုတ်ခမ်းကို အပ်ဖျားနဲ့ ထိုးပါတယ်။
ကျန်တဲ့အချိန်တွေမှာ လေသံမာမာနဲ့တောင် မဆူရက်တဲ့…
သူပင်ပင်ပန်းပန်းချက်ခဲ့တဲ့ထမင်းဟင်းတွေ သူကျောင်းသွားနေတုန်း…
ရပ်ကွက်ထဲက ခွေးလေခွေးလွင့်တွေကို အိုးလိုက်မှောက်ချပီး ကျွေးပစ်လိုက်တာမျိုးကိုတောင်
အမေက စိတ်ရှည်သည်းခံ မဆူ မရိုက်ပေမယ့် ဆဲတဲ့စကားထွက်လာပီဆိုရင်တော့
နှုတ်ခမ်းနုနုလေးတွေကို အပ်နဲ့ထိုးဖို့ နည်းနည်းမှ လက်မတွန့်ခဲ့ပါဘူး။

နည်းနည်းအရွယ်ရောက်လာကြတော့ ရိုင်းစိုင်းတဲ့စကားတွေကို
အထူးရှောင်န်ေစရာမလိုလောက်အောင် မသုံးတတ်ကြတော့သည့်တိုင်
တခါတရံမှာတော့ မောင်နှမချင်း… ညီအမချင်း စကားနိုင်လုရင်း
စိတ်မရှည်ဖြစ်လာတဲ့အခါမျိုးမှာ
သောက်သုံးကို မကျဘူး… ဆိုတာမျိုးသုံးရင်တောင်
အဖေနဲ့ အမေဟာ အလန့်တကြားဖြစ်ဖြစ်သွားတတ်ပါတယ်။
အမေက တို့မြန်မာစကားပုံရှိတယ်။ အမိယုတ်တော့ နှုတ်ကြမ်းတယ်…တဲ့။
ကိုယ့်ကြောင့် ကိုယ့်အမေကို အယုတ်တမာလို့ ….
သူများသတ်မှတ်စေချင်တယ်ဆိုရင်လည်း ပြောကြပေါ့…လို့ပြောရင်း
မျက်နှာမကောင်းဘဲ တိတ်ဆိတ်သွားတတ်ပါတယ်။

အမေ့မျက်နှာမကောင်းတော့ဘဲ တိတ်ဆိတ်သွားတာမျိုးကို မခံနိုင်တဲ့ ကျမက အမေတို့ရှွေ့မှာ
တတ်နိုင်သမျှ အဲဒီ- သောက်…ဆိုတာမျိုးမထည့်မိအောင် ဆင်ခြင်ရပါတယ်။
နောက်တော့ ဆင်ခြင်တာများလာတာနဲ့အမျှ သုံးချင်လာရင်တောင်
မသုံးတော့ပါဘူးလေ..ဆိုပြီး မျိုချလိုက်နိုင်ခဲ့ပါတယ်။

အခုတော့ ကြည့်ပါအုန်းတော့လား….
လူတွေ သိန်းနဲ့ချီပြီး သေနေတယ်…
သန်းနဲ့ချီပြီး အငတ်ဘေးဆိုက်နေတယ်…
ရေတွေအားလုံးလည်း အပုပ်ဆန်ပြိး အဆိပ်သင့်လို့…
လယ်မြေတွေအားလုံးကတော့ ဆားငံရေကြောင့်ပျက်စီးယိုယွင်းနေ….
အိမ်ယာတွေကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်က
မြို့ဟောင်းကို တူးဆွဖော်ထားသလို အရာတွေပဲထင်ကျန်တော့တဲ့အခါမျိုးမှာ….
နိုင်ငံတကာက လူသားစိတ်စစ်စစ်ရှိသူတွေကလည်း
ကူပါရစေ…ကူပါရစေ..လို့ တတွတ်တွတ်တောင်းပန်နေတာတွေကို ကျောခိုင်းပြီး
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ခြိမ့်ခြိမ့်သည်းသည်းကျင်းပရက်လိုက်တာ…

ဒင်းတို့က ပြည်သူ့ဆန္ဒခံယူလိုက်တာ မကောင်းတတ်လို့သာ (၁၀၀) ရာနှုန်းလို့…မရေးလိုက်တဲ့ပုံနဲ့…

ကွယ်လွန်သွားတဲ့ အဖေ့ဂုဏ်သိက္ခာကိုလည်း မတွက်…
အကျဉ်းကျနေတဲ့ အမေ့မျက်နှာကိုလည်း မထောက်ဘဲနဲ့သာ ဆဲလို့ရကြေးဆိုရင်တော့လား
ဗန်းမော်ဆရာတော်နဲ့ ဦးပုည ဆရာတပြည့်နှစ်ပါးရဲ့ လျှာနှစ်ချောင်းကို
တပြိုင်တည်းငှားပြီး ဆဲနည်းမျိုးစုံနဲ့ ဆဲချပစ်လိုက်ချင်တယ်။
တကယ်ပါပဲ ဒင်းတို့တတွေကတော့-
(ခွာညို မှ ကူးယူဖေါ်ပြပါသည်)

0 comments: