Monday, June 23, 2008

စစ်အစိုးရထိပ်သီး ခေါင်းဆောင်နှစ်ဦး နုတ်ထွက်ဟု သတင်းများ ပျံ့နှံ့

ဧရာဝတီ | ဇွန် ၂၃၊ ၂၀၀၈

မြန်မာ စစ်အစိုးရခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ ရာထူးမှ နုတ်ထွက်ကာ အနားယူသွားပြီဟူသော ကောလာဟလ သတင်းများ ပျံ့နှံ့လျှက်ရှိကြောင်း သိရ သည်။

ထိုကဲ့သို့ အနားယူရန် မတ်လကတည်းကစီစဉ်နေသည်ဟူသည့် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီး လေ့လာသူ များက အကြီးပိုင်း စစ်အရာရှိ အတော်များများ အနားယူလိမ့်မည်ဟု ခန့်မှန်းကြသည်။

ထိုင်းနိုင်ငံအခြေစိုက် စစ်အစိုးရ၏ အတိုက်အခံအင်အားစုများနှင့် မြန်မာစစ်အစိုးရ အသိုင်းအဝန်းနှင့် နီးစပ် သော စစ်ဘက် ကျွမ်းကျင်သူတို့က စစ်ဆင်ရေးအထူးအဖွဲ့မှူး (BSO) ၄ ဦးကိုပါ အနားယူရန် ညွှန်ကြားထား သည်ဟု ပြောကြသည်။ လက်ရှိတွင် မြန်မာပြည်၌ ထိပ်ပိုင်း နအဖ ခေါင်းဆောင်အဖွဲ့ဝင် အဖြစ် စစ်ဆင်ရေး အထူးအဖွဲ့မှူး ၅ ဦးရှိသည်။

စစ်ဆင်ရေးအထူးအဖွဲ့ ၄ ဖွဲ့ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာလမှစတင် ဖွဲ့စည်းကာ စစ်ဒေသ ၁၃ ခုကို အထူး ကြပ် မတ်ခဲ့သည်။ စစ်ဆင်ရေး အထူးအဖွဲ့ ၅ ကိုမူ ၂၀၀၆ ခုနှစ်မှ စတင်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြီးကြပ်မှု အောက်တွင် ရန်ကုန် စစ်ဒေသအတွက် ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေက အဖွဲ့မှူးအဖြစ် ဦးဆုံး ဆောင်ရွက်ကြောင်း ကြားသိရသည်။

ဇွန်လ ၂၁ ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ အပါအဝင် ဝန်ကြီးအဖွဲ့ဝင် တချို့ ရာထူးအပြောင်းအလဲ ပြုလုပ်ကြောင်း သတင်းများ ပါလာခဲ့ပြီးသည့်နောက် ယခုကဲ့သို့ သော စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ ရာထူးမှနုတ်ထွက်မည်ဟူသည့် ကောလာဟလသတင်းများ ဆက်တိုက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

လေ့လာသူတို့ကမူ ယခုကဲ့သို့ ရာထူးအပြောင်းအလဲများ ပြုလုပ်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် ငယ်ရွယ်နုပျိုသော စစ်ဗိုလ်ချုပ်များကို အစားထိုးလဲလှယ်ကာ ၎င်း၏ စစ်တပ်ကို အသွင်ပြောင်းလို၍ ဖြစ်နိုင် ကြောင်း သုံးသပ်ကြသည်။ ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေမှလွဲ၍ ကျန် စစ်ဆင်ရေးအထူးအဖွဲ့မှူး ၄ ဦးမှာ အငြိမ်းစား ယူရမည့် အသက်အရွယ်ကို နီးကပ်နေကြပြီး တချို့မှာ အသည်းအသန် မမာမကျန်းဖြစ်နေသည်ဟု ကြားသိ ရသည့်အတွက် ၎င်းတို့ ၄ ဦးကို အငြိမ်းစားပေးမည်ဟု ခန့်မှန်းခြင်းဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနှင့် ရာထူးမှ နုတ်ထွက်ကာ ၎င်းနေရာကို ဗိုလ်ချုပ်ကြီး သူရရွှေမန်း အား ခန့်အပ်မည်ဟူသောကောလာဟလမှာ ရန်ကုန် သတင်းအသိုင်းအဝန်းနှင့် ထိုင်းနိုင်ငံ အခြေ စိုက် အတိုက်အခံ အင်အားစုများကြားတွင် ပျံ့နှံ့လျှက်ရှိသည်။ ထို့ပြင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နေရာကို ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေက ဆက်ခံမည်ဟူသည့် သတင်းထွက်ပေါ်လျှက်ရှိသည်။

တချို့သော စစ်ရေးကျွမ်းကျင်သည့် လေ့လာသူတို့ကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် ရာထူးမှ အနား ယူမည်မဟုတ်ဘဲ စစ်ကောင်စီတရပ်ကို ဖွဲ့စည်းကာ ဆက်လက်၍ အာဏာကို ဆုပ်ကိုင် သွားလိမ့်မည် ဟု သုံးသပ်ကြသည်။

အထက်ပါကောလာဟလများကို အသေးစိတ်အတည်မပြုနိုင်သေးသော်လည်း လက်ရှိအနေအထားအရ နေပြည်တော်တွင် စစ်ဗိုလ်ချုပ်ကြီးများ၏ လေးလပတ်မျက်နှာစုံညီ အစည်းအဝေးနောက်ပိုင်း ထွက်ပေါ်လာ ခြင်း ဖြစ်ကြောင်း ပြည်တွင်း သတင်း အသိုင်းအဝန်းမှ ကြားသိရသည်။

0 comments: